DVB Logo
Home
မြန်မာသတင်း
မြန်မာပဋိပက္ခအတွင်း လူသားစာနာအကူအညီ လိုအပ်ချက်မြင့်မားနေသော်လည်း ရောက်ရှိမှု မလုံလောက်
ဝေဝေ
·
August 21, 2026
Photo: Mandalay Interim Governing Council (MIGC)
Photo: Mandalay Interim Governing Council (MIGC)
Donate to DVB

မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှု အကူအညီ လိုအပ်နေသူ ၁၆ သန်းကျော် ရှိနေပေမဲ့ ပဋိပက္ခကြောင့် အကူအညီ လိုအပ်နေသူတွေဆီ အကူအညီရောက်ရှိဖို့ အခက်အခဲတွေရှိနေဆဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှုအကူအညီ လိုအပ်နေသူ ၁၆ ဒသမ ၂ သန်း ရှိနေပြီး အရေးပေါ် အသက်ကယ်နဲ့ ကာကွယ်စောင့်ရှောက်ရေး အကူအညီတွေကို လူ ၄ ဒသမ ၉ သန်းအထိ ဦးတည်ပေးဖို့ လိုအပ်နေပါတယ်။

ဒါပေမဲ့ မြေပြင်မှာတော့ လုံခြုံရေး၊ ပဋိပက္ခနဲ့ နိုင်ငံတကာရဲ့ အာရုံစိုက်မှု နည်းပါးတာတွေကြောင့် လိုအပ်နေသူတွေဆီ အကူအညီရောက်ရှိဖို့ အခက်အခဲတွေ ဆက်ရှိနေပါတယ်။

စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ MoHAREM ဝန်ကြီး ဦးတိုးဝေအောင်က “NGO, CSO project တွေကနေတဆင့် ဝင်တာများပါတယ်။ ကျနော်တို့ တော်လှန်ရေး အစိုးရတွေကနေတဆင့် ကူညီပေးတာကတော့ မရှိသလောက်ပါပဲ။ ဒါပေမဲ့ ရေဘေးသင့်တဲ့အခါမှာဆို ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းဖြစ်တဲ့ WFP ဟာ စစ်ကိုင်း၊ မကွေး၊ မန္တလေးပေါ့ အညာဘက်က ရေနစ်မြုပ်တဲ့ ရေဘေးသင့်တဲ့ ပြည်သူတွေဆီကို အကူအညီတခုမှ လာပေးတာမျိုး အခုအချိန်ထိ မရှိပါဘူး။ တနိုင်ငံလုံးအနေနဲ့ မျှမျှတတ ပေးနေတာမျိုး မရှိဘဲနဲ့ ခွဲခြားဆက်ဆံမှု ပေးနေရတဲ့ အခြေအနေ ဖြစ်ပါတယ်။ NGO, CSO project တွေကတဆင့် အကူအညီပေးနေတာတွေ ရှိနေပေမဲ့လည်း နေ့စဉ်နဲ့အမျှ စစ်ဘေးရှောင်တိုးလာမှုတွေ၊ မီးရှို့ဖျက်ဆီးခံရမှုတွေ၊ အစားအသောက် နေထိုင်ရေးကအစ ကျန်းမာရေး၊ ပြီးတော့ စစ်ဘေးရှောင်စခန်းမှာ ရှိနေတဲ့ ကလေးငယ်တွေရဲ့ ပညာရေးပေါ့နော်၊ ထိခိုက်လွယ်တဲ့ သက်ကြီးရွယ်အိုတွေအတွက် စောင့်ရှောက်မှုပေါ့၊ ဒါတွေက အများကြီးကို လိုအပ်နေတယ်လို့ပဲ ပြောရမှာဖြစ်ပါတယ်” လို့ ပြောပါတယ်။

ပဋိပက္ခကြောင့် စစ်ဘေးရှောင်ဦးရေ တိုးလာသလို အစားအသောက်၊ ကျန်းမာရေးနဲ့ နေထိုင်ရေးအတွက် အကူအညီ လိုအပ်ချက်တွေလည်း မြင့်တက်နေပါတယ်။

ဒါပေမဲ့ လက်ရှိ ရရှိနေတဲ့ အကူအညီတွေဟာ လိုအပ်ချက်နဲ့ မမျှတသေးဘူးလို့ ကရင်နီမြေပြင်မှာ ကူညီပေးနေသူတွေက ပြောပါတယ်။

Karenni Hope တာဝန်ခံ ကိုလွမ်းက “Camp တိုင်း Camp တိုင်းကလည်း မေးလိုက်လို့ရှိရင် အာဟာရ ရိက္ခာပေါ့နော်၊ အဲဒီအတွက်ကတော့ ပထမလိုအပ်ချက် ဖြစ်ပါတယ်ဗျ။ ဟိုအစကတည်းက တိုက်ပွဲ စဖြစ်ကတည်းက ကျနော်တို့ ဒီဘက်မှာ စစ်ဒဏ်တွေ တော်တော်ခံရတဲ့ ပြည်နယ်လည်း ဖြစ်တယ်။ အဓိကကတော့ လေယာဉ်ပေါ့၊ လက်နက်ကြီးက နည်းနည်း ပုန်းချိန်ရသေးတယ်၊ နည်းနည်း ပြေးချိန်ရသေးတယ်။ လေယာဉ်ကျတော့ သူတို့က လေယာဉ်သံ ကြားရင် ဘယ်ကိုသွားရမလဲ၊ ဘယ်ကိုလာရမလဲ ဆိုတဲ့ဟာမျိုးလေးတွေ မနည်းကို တော်တော်လေးကို ပြုပြင်ခဲ့ရတယ်ပေါ့နော်။ ကျနော်တို့ ပေးနိုင်တဲ့ အရေအတွက်က မမျှတဘူးပေါ့၊ အမြဲတမ်း အမြဲလိုအပ်တယ်။ ကြာလေ ပိုပြီးတော့ လိုအပ်လာလေ ဖြစ်နေတဲ့အတွက် ကျနော်တို့ အဲဒါလေးပဲ အကူအညီ တောင်းချင်ပါတယ်ဗျ” လို့ ပြောပါတယ်။

အထူးသဖြင့် ပဋိပက္ခဖြစ်ပွားရာ ဒေသတွေမှာ အကူအညီရောက်ရှိရေးဟာ လုံခြုံရေးနဲ့ သွားလာခွင့် အခက်အခဲတွေကြောင့် ပိုပြီး စိန်ခေါ်မှု ရှိနေပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံတွင်းက နေ့စဉ်နဲ့အမျှ စစ်ရှောင်ပြည်သူတွေ ကြုံတွေ့နေရတဲ့ ဒုက္ခတွေကို နိုင်ငံတကာရဲ့ အာရုံစိုက်မှု နည်းပါးတာတွေလည်း ရှိနေတယ်လို့ နေရပ်စွန့်ခွာသူ ၁၃ သိန်းကျော် ရှိနေတဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရရဲ့ လူသားစာနာဝန်ကြီး ဦးတိုးဝေအောင်က ဆက်ပြောပါတယ်။

“လူသားချင်း စာနာထောက်ထားမှု အကူအညီပေးတာဟာ အကူအညီ လိုအပ်နေတဲ့သူတွေဆီကို ပေါ့နော်၊ လူသားတွေဆီကို ဘာအကန့်အသတ်မှ မရှိဘဲနဲ့ပေါ့ ရောက်အောင် ပို့ပေးပြီးတော့ ကူညီပေးရမှာမျိုး ဖြစ်ပါတယ်။ တကယ်က ကမ္ဘာ့ ဒီနိုင်ငံတကာက အာရုံမစိုက်ချင်လို့ မစိုက်တာလို့ပဲ ပြောရမဲ့ အခြေအနေ ဖြစ်နေတာပေါ့နော်။ ဒီ မြန်မာနိုင်ငံ အထူးသဖြင့် ဒီအညာ နေ့စဉ်နဲ့အမျှဗျာ၊ ဆိုရှယ်မီဒီယာတွေရော သတင်းတွေပေါ်မှာက အခု ရေကြီးမှမဟုတ်ပါဘူး၊ အရင်ကတည်းက ဒီစစ်ဘေးရှောင်နေရတာတွေ၊ ဒီ လေကြောင်းနဲ့ ဗုံးကြဲခံရလို့ ခြေပြတ်လက်ပြတ် ဒုက္ခိတရောက်တာ၊ သေဆုံးတာ၊ စစ်ကြောင်းထိုးလို့ ဖမ်းပြီးတော့မှ သတ်ဖြတ်ခံရတာတွေ၊ နေအိမ်မီးရှို့ခံရတာ ဒါတွေက လုံးဝ သက်သေခိုင်ခိုင်မာမာနဲ့ ထင်ထင်ရှားရှားကြီးဟာ အားလုံး အထင်အရှား မြင်ပြီးသားပါ။ နိုင်ငံတကာ အသိုက်အဝန်းက ပိုမိုအာရုံစိုက်ဖို့ ကျနော်တို့ လုပ်စရာ ဘာနည်းမှ မရှိတော့ဘူးပေါ့နော်။”

ပဋိပက္ခအတွင်း ဒရုန်းနဲ့ ပါရာမော်တာတွေ အသုံးပြုလာမှုကြောင့် အရပ်သားတွေနဲ့ လူသားချင်း စာနာမှု အကူအညီပေးသူတွေအတွက် အန္တရာယ်ပိုများလာနေပြီး အကူအညီလိုအပ်သူတွေဆီ လုံခြုံစွာနဲ့ ထိရောက်စွာ ရောက်ရှိနိုင်ရေး လိုအပ်တယ်လို့ UNOCHA ရဲ့ မြန်မာနိုင်ငံ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးကလည်း ကမ္ဘာ့လူသားချင်းစာနာမှုဆိုင်ရာ အထိမ်းအမှတ်နေ့မှာ ပြောဆိုထားပါတယ်။

၂၀၂၅ ခုနှစ်အတွင်း လူသားချင်းစာနာမှု အကူအညီပေးသူတွေကို စစ်အာဏာရှင်အစိုးရက ဖမ်းဆီး ထိန်းသိမ်းခဲ့တာဆိုရင် ကမ္ဘာမှာ မြန်မာဟာ ၉ ရာခိုင်နှုန်းနဲ့ စတုတ္ထအများဆုံးနေရာမှာ ရှိနေကြောင်း Aid Worker Security Report 2026 မှာ ဖော်ပြထားပါတယ်။

OCHA ရဲ့ ဇူလိုင်ထုတ် အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှု အကူအညီလိုအပ်နေသူ ၁၆ ဒသမ ၂  သန်း ရှိနေပြီး အရေးပေါ် အသက်ကယ်နဲ့ ကာကွယ်စောင့်ရှောက်ရေး အကူအညီအတွက် လူ ၄ ဒသမ ၉ သန်းကို ဦးတည်ထားပါတယ်။

အဲဒီထဲမှာ အရေးအကြီးဆုံး လိုအပ်ချက်ရှိသူ လူဦးရေ ၂ ဒသမ ၆ သန်းကိုတော့ ဦးစားပေးအဖြစ် သတ်မှတ်ထားပါတယ်။

ဝေဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013