
ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ချောင်းသာမှာ ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမျိုးသမီးတယောက်နဲ့ ကလေးငယ်ယောက်ရဲ့ အလောင်းကိုတွေ့ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မေ ၂ ရက် မနက်ပိုင်းက အမျိုးသမီးအလောင်းနဲ့ ကလေးအလောင်းကို ချောင်းသာမြို့၊ ကံကြီး ကျေးရွာအုပ်စု၊ ဆိပ်ကြီးကျေးရွာအနီးမှာရှိတဲ့ သစ်တောကြိုးဝိုင်းအတွင်း၊ အကွက် အမှတ် ၄ အစပ်မှာရှိတဲ့ တဲတလုံးထဲမှာ တွေ့ရှိခဲ့တာလို့ သိရပါတယ်။
သေဆုံး အမျိုးသမီးအလောင်းမှာ လည်ပင်းပြတ်ရှဒဏ်ရာ ၁ ချက်နဲ့၊ ကလေးငယ်မှာလည်း လည်ပင်းပြတ်ရှဒဏ်ရာ ၁ ချက်တွေ့ရပြီး ကလေးငယ်ဟာ အသက် ၁ နှစ်ဝန်းကျင်အရွယ်၊ အမျိုးသမီးကတော့ အသက် ၂၆ လောက်ရှိမယ်လို့ ဆိုပါတယ်။
ချောင်းသာမြို့ခံတယောက်က “သေဆုံးအလောင်းတွေက တဲတလုံးထဲမှာ တွေ့ရတာ။ လည်ပင်းဒဏ်ရာတွေနဲ့ သေဆုံးနေတာ။ အလောင်းတွေကို တာဝန်ရှိသူတွေ စစ်ဆေးဖို့ သယ်ယူသွားတာ တွေ့ရတယ်” လို့ပြောပါတယ်။
သေဆုံးသူတွေ တွေ့ရတဲ့နေရာကို ပုသိမ်မြို့နယ်၊ ချောင်းသာနယ်မြေရဲစခန်းက ရဲတွေက သွားရောက်စစ်ဆေးခဲ့ပြီး အလောင်း ၂ လောင်းကို ချောင်းသာတိုက်နယ်ဆေးရုံကို သယ်ယူစစ်ဆေးနေတယ်လို့ သိရပါတယ်။










