
ပြင်သစ်နိုင်ငံ ပါရီမြို့က သမိုင်းဝင် မွန်မာ့တ်ခရိုင်မှာ အောက်တိုဘာ ၁၁ ရက်က ချစ်သူစုံတွဲတွေ၊ မိတ်ဆွေတွေ၊ ခွေးလေးတကောင်ပါ လက်မထပ်ပွဲ (Non-Marriage) အခမ်းအနားကို ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။
ဒီလက်မထပ်ခွင့်တောင်းတဲ့ အခမ်းအနား (Ceremony of Non-Marriage Proposals) ကို မွန်မာ့တ် စပျစ်သီးရိတ်သိမ်းပွဲတော်ရဲ့ တစိတ်တဒေသအဖြစ် ပါရီမြို့တော် အမှတ် ၁၈ ခရိုင်ဝန် အဲရစ် လက်ဂျွမ်ဒရ်က ဦးဆောင်ကျင်းပပေးခဲ့ပါတယ်။
အခမ်းအနားကို တက်ရောက်သူ ဒါဇင်နဲ့ချီဟာ ဝတ်စုံတွေ ဝတ်ဆင်ပြီး ဆံပင်မှာ ပန်းတွေ ပန်ဆင်ခဲ့ကြပါတယ်။
ဆာကရေးကာ ဘုရားကျောင်းအနီးမှာ ကျင်းပတဲ့ ဒီပွဲမှာ ချစ်သူစုံတွဲတွေနဲ့ မိတ်ဆွေတွေဟာ တယောက်နဲ့တယောက် လက်မထပ်ကြောင်း ကတိစကားတွေ ဖလှယ်ခဲ့ကြပါတယ်။
ခရိုင်ဝန်ကလည်း သူတို့ကို တရားဝင် လက်မထပ်သူတွေအဖြစ် ကြေညာပြီး ထာဝရစေ့စပ်ထားသူတွေလို့ သတ်မှတ်ပေးခဲ့ပါတယ်။
အခမ်းအနားမှာ ပါဝင်သူ အသက် ၄၃ နှစ်အရွယ် ဆီးလ်ဗီက “အိမ်ထောင်ရေးမှာ အချိန်ကြာလာတာနဲ့အမျှ မတည်မြဲနိုင်တဲ့ ကတိတွေ ပေးတာထက် ထာဝရချစ်ခြင်းမေတ္တာကို မျှော်လင့်တာက ပိုကောင်းပါတယ်” လို့ ပြောပါတယ်။
အမျိုးသမီးတယောက်ကလည်း သူ့ရဲ့ခွေးလေး ပေါ်ပီနဲ့ လက်မထပ်ပွဲ ဆင်နွှဲပြီး ပျော်ရွှင်မှုကို အတူမျှဝေမဲ့ အဖော်အဖြစ် လက်ခံကြောင်း ကြေညာခဲ့ပါတယ်။
အသက် ၇၆ နှစ်အရွယ် ဒိုမီနစ်နဲ့ အသက် ၈၀ အရွယ် မီရှဲလ်တို့လည်း ခြောက်နှစ်ကြာ လက်တွဲလာခဲ့ကြပေမဲ့ လက်ထပ်ဖို့ အစီအစဉ် မရှိသေးဘူးလို့ ပြောပါတယ်။
ဒီလက်မထပ်ပွဲဟာ မင်္ဂလာဆောင်ပွဲတခုလို ကျင်းပတာဖြစ်ပေမဲ့ ဥပဒေအရ အိမ်ထောင်ရေးအဖြစ် တရားဝင်ဖြစ်စေတာမျိုး၊ ချည်နှောင်တာမျိုး မပါဝင်ကြောင်း ဖော်ပြတဲ့ အခမ်းအနားဖြစ်ပါတယ်။











