
ရန်ကုန်အပါအဝင် မြန်မာပြည်တွင်းက စက်မှုဇုန်တွေမှာ အလုပ်သွား အလုပ်ပြန်ချိန် စစ်မှုထမ်းဖို့ အဓမ္မပေါ်တာဆွဲခံရလို့ အကူအညီတောင်းခံတဲ့အမှုပေါင်း ၅၀၀ ကျော် လက်ခံရရှိထားတယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာရှင်က ပြည်သူ့စစ်မှုထမ်းဥပဒေ အသက်သွင်းပြီးနောက် စစ်မှုထမ်းဖို့ အဓမ္မခေါ်ယူဖမ်းဆီးခံရသူတွေထဲမှာ စက်ရုံအလုပ်ရုံကပြန်လာတဲ့ လူငယ်အလုပ်သမားတွေဟာ အန္တရာယ်အများဆုံး ကြုံနေရတဲ့အုပ်စုမှာ ဝင်လာပါတယ်။
စက်မှုဇုန်တွေ၊ လူပြတ်တဲ့လမ်းတွေမှာ ညဘက်သွားလာတဲ့ လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးတာတွေ ပိုများလာပြီး၊ အလုပ်အသွားအပြန်လမ်းကြောင်းတွေမှာ ပေါ်တာဆွဲ အဓမ္မခေါ်ယူခံရတဲ့ ဖြစ်စဉ်တွေ တစစ ပိုများလာတာဖြစ်ပါတယ်။
မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS-TUsF) အနေနဲ့ အလုပ်သမားတွေ လုပ်ငန်းခွင်အတွင်းနဲ့ အလုပ်အသွားအပြန် လမ်းကြောင်းတွေမှာ ပေါ်တာဆွဲခံရရင် အကူအညီတောင်းခံနိုင်ဖို့ Hot Line ယန္တရားတခု ဖွင့်ထားပြီး၊ အဲဒီကနေ လူဦးရေပေါင်း ၅၀၀ ကျော် အကူညီတောင်း တိုင်ကြားထားတာ ရှိတယ်လို့ ဆိုပါတယ်။
MICS-TUsF အထွေထွေအတွင်းရေးမှူးချုပ် ဦးသက်နှင်းအောင်က “ကျနော်တို့ MICS အဖွဲ့ချုပ်ကို အလုပ်သမားတွေ အလုပ်သွားတဲ့အချိန်၊ အလုပ်ပြန်တဲ့အချိန် ဒါမှမဟုတ် လုပ်ငန်းခွင်ထဲကနေ ပေါ်တာဆွဲခံရတဲ့ အမှုတွေအများကြီး လက်ခံရရှိခဲ့တာ ဖြစ်ပါတယ်။ လူအရေအတွက်နဲ့ ပြောရရင်တော့ ကျနော်တို့ လက်ခံရရှိတဲ့ လူဦးရေပေါင်း ၅၀၀ ကျော်၊ ၅၃၄ ဦးအထိ လုပ်ငန်းခွင်ကအပြန် သို့မဟုတ် လုပ်ငန်းခွင်နဲ့ ဆက်စပ်တဲ့ နေရာတွေကနေ ပေါ်တာဆွဲခံရတယ်ဆိုပြီး လက်ခံရရှိတယ်။ အဲဒီမှာ ကျနော်တို့ MICS အဖွဲ့ချုပ်ရဲ့ ကူညီ ဆောင်ရွက်မှုနဲ့ ၃၄ ရာခိုင်နှုန်းလောက်ကို လွတ်မြောက်အောင် လုပ်ပေးနိုင်တယ်။ ဒါပေမဲ့ ကျန်တဲ့အများစုကတော့ ဆက်သွယ်လို့ မရတော့ဘူး။ နောက်ပြီး သူတို့ ကိုယ်တိုင်လည်း မိသားစုနဲ့ အဆက်အသွယ် မရတော့တာတွေ ရှိတယ်”လို့ ပြောပါတယ်။
၂၀၂၆ ခုနှစ်အတွင်း ရန်ကုန်တိုင်း သာကေတ၊ တာမွေ၊ သင်္ဃန်းကျွန်းနဲ့ တောင်ဒဂုံမြို့နယ်တို့မှာ အဓမ္မစစ်သားစုဆောင်း ပေါ်တာဆွဲတဲ့ ဖြစ်စဉ်တွေ ပိုမိုများပြားလာတယ်လို့ Rangoon Scout Network (RSN) အဖွဲ့က ပြောပါတယ်။
ဒါ့အပြင် မြောက်ဥက္ကလာ၊ လှိုင်၊ တာမွေနဲ့ မရမ်းကုန်း မြို့နယ်တို့မှာလည်း ရပ်ကွက်အလိုက် စစ်မှုထမ်းစာရင်းကောက် စစ်သားစုဆောင်းတာတွေ ရှိနေပါတယ်။
RSN အဖွဲ့ရဲ့ အချက်အလက်တွေအရ ညဘက် လူပြတ်ချိန်တွေမှာ သွားလာနေသူတွေ၊ အလုပ်အပြန် လူငယ်တွေ၊ ဘေးတွဲဆိုင်ကယ်မောင်းသူတွေကို အဓိက ပစ်မှတ်ထား ဖမ်းဆီးတာတွေ ရှိနေတယ်လို့ သိရပါတယ်။
Rangoon Scout Network တာဝန်ရှိသူ တယောက်က “လမ်းပေါ် လူပြတ်ချိန်တွေ၊ ညဘက်လမ်းဘေးထိုင်နေတဲ့သူတွေ၊ အရက်ဆိုင်က ပြန်တဲ့သူတွေကို ပစ်မှတ်ထား ဆွဲပါတယ်။ သူတို့ လူသိပ်မလိုသေးတဲ့ချိန်ဆိုရင် ဆွဲပြီးနောက် အိမ်ကိုဆက်သွယ်ခိုင်းပြီး ပိုက်ဆံနဲ့ ပြန်ရွေးခိုင်းပါတယ်။ သိန်း ၃၀ ကနေ ၇၀ လောက်ထိ တောင်းတတ်တယ်။ ဘေးတွဲသမားတွေ၊ ဆိုက်ကားသမားတွေ အများဆုံး ခံလိုက်ရတာပါ။ လူငယ်တွေ မကြာခဏ ပျောက်နေတာနဲ့လည်း ဆက်စပ်နေပါတယ်။ လမ်းပေါ်သွားလာနေတုန်း ပေါ်တာဆွဲ ခံလိုက်ကြရပုံရပါတယ်။ ပျောက်သွားပြီး အိမ်ကိုပြန်ဆက်သွယ်လာရင် စစ်သင်တန်းကျောင်း ရောက်သွားတယ်လို့ အသိပေးလာတာများပါတယ်”လို့ ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကတော့ စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းပြီး ၂ နှစ်ကျော်အတွင်း နိုင်ငံတဝန်း အဓမ္မစစ်သားစုဆောင်းခံရသူ လူငယ် ၃၂,၀၀၀ ကျော် ရှိနေပြီလို့ ပြီးခဲ့တဲ့ မေလအတွင်း ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာတော့ စက်မှုဇုန် အလုပ်သမားတွေကြား အလုပ်အသွားအပြန် လုံခြုံရေးစိုးရိမ်မှုတွေ မြင့်တက်နေပြီး အလုပ်သမားအဖွဲ့အစည်းတွေကတော့ ဖမ်းဆီးခံရမှု ဖြစ်ပွားတာနဲ့ တပြိုင်နက် သတင်းပေးပို့ အကြောင်းကြားကြဖို့ တိုက်တွန်းထားပါတယ်။
ဒါ့အပြင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ရဲ့ Article 33 အရ စစ်အာဏာရှင် အပေါ် ထိရောက်တဲ့ ဖိအားပေးအရေးယူဆောင်ရွက်မှုတွေ ချမှတ်ဖို့နဲ့ အဓမ္မ စစ်သား စုဆောင်းမှုတွေကို အဆုံးသတ်ဖို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက တိုက်တွန်းတောင်းဆိုနေ ကြပါတယ်။
ဇွဲသစ်










