
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အင်ဒိုနီးရှားနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ အာဆီယံခေါင်းဆောင်များ အစည်းအဝေးအပြီးမှာ အာဆီယံဥက္ကဋ္ဌရဲ့ နောက်ဆက်တွဲအနေနဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို ထုတ်ပြန်ခဲ့ပါတယ်။
ဒီထုတ်ပြန်ချက်ဟာ အာဆီယံနိုင်ငံအတွင်း မြန်မာနိုင်ငံရဲ့ တန်းတူရည်တူရှိမှုကို ထိခိုက်စေပြီး နိုင်ငံတနိုင်ငံရဲ့ ပြည်တွင်းရေးကို စွက်ဖက်ခြင်းမပြုရဆိုတဲ့ အာဆီယံရဲ့ အခြေခံမူတွေနဲ့ ကွဲလွဲနေတဲ့အပြင် မြန်မာနိုင်ငံရဲ့ လက်ရှိ ပကတိနိုင်ငံရေးအခြေအနေနဲ့ ကိုက်ညီမှုမရှိတဲ့အတွက် လိုအပ်သလို သုံးသပ်ဆောင်ရွက်ပေးဖို့ ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို ဇွန် ၂၆ ရက်က ပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ကြံ့ခိုင်ရေးပါတီရဲ့ အမတ်ဖြစ်သူ ရှမ်းပြည်နယ်၊ ကလောမဲဆန္ဒနယ်က ဒေါက်တာနန္ဒလှမြင့်က တင်သွင်းခဲ့ပါတယ်။
အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်တာမှာ မြန်မာနိုင်ငံရဲ့ အမျိုးသား အကျိုးစီးပွား၊ အချုပ်အခြာအာဏာနဲ့ မြေပြင်ပကတိအခြေအနေတွေကို အလေးထား စဉ်းစားဆောင်ရွက်ဖို့၊ အာဆီယံနဲ့ ဆက်ဆံတာမှာလည်း ကိုယ့်နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားကို ဦးထိပ်ပန်ဆင်ကာ ဒေသတွင်း ပူးပေါင်းဆောင်ရွက်တာတွေ ပိုမိုတိုးမြှင့်လုပ်ဆောင်နိုင်ဖို့ အရေးကြီးတယ်လို့ အဆိုရှင်က ဆိုပါတယ်။
ဒါ့အပြင် လူသားချင်းစာနာမှုအကူအညီတွေ၊ ယုံကြည်မှုတည်ဆောက်ရေးတွေ၊ အပြန်အလှန်ဆွေးနွေးပွဲတွေကို တိုးမြှင့်ဆောင်ရွက်ခြင်းဖြင့် ဒေသတွင်းတည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးကို အထောက်အကူပြုနိုင်မယ်လို့ ယုံကြည်ပါတယ်။ အချုပ်အခြာအာဏာပိုင် နိုင်ငံတနိုင်ငံရဲ့ အခွင့်အရေးဖြစ်တဲ့ အမျိုးသားအကျိုးစီးပွားကို ရှေးရှုကာ ပိုမိုလက်တွေ့ကျပြီး မျှတတဲ့ နည်းလမ်းတွေနဲ့ ပြန်လည်ညှိနှိုင်းဆောင်ရွက်ဖို့ လိုအပ်နေပြီလို့ ဒေါက်တာနန္ဒာလှမြင့်က ပြောပါတယ်။
အဆိုရှင်က တပ်မတော်အနေနဲ့ မဲမသမာမှုတွေကြောင့် နိုင်ငံတော်ရဲ့အာဏာကို ဖွဲ့စည်းပုံနဲ့အညီ တာဝန်ယူ ထိန်းသိမ်းခဲ့ပေမဲ့ ကမ္ဘာ့နိုင်ငံအများစုက အရေးယူပိတ်ဆို့မှုတွေ လုပ်ဆောင်ခဲ့သလို အာဆီယံ အသိုက်အဝန်းကလည်း မြန်မာနိုင်ငံကို ဖိအားပေးတာတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။
အခုအချိန်မှာ ရွေးကောက်ပွဲပြုလုပ်ပြီး ရွေးကောက်ခံပြည်သူ့အစိုးရတရပ် ပေါ်ထွန်းလာပြီဖြစ်ပြီး အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ဆိုတာဟာ လက်ရှိပကတိအခြေအနေနဲ့ နှိုင်းယှဉ်ကြည့်ရင် ကိုက်ညီမှုမရှိတာကို တွေ့ရပါတယ်လို့ ဒေါက်တာနန္ဒာလှမြင့်က ပြောပါတယ်။
အဆိုကို ဆန္ဒမဲခွဲဆုံးဖြတ်ရာ မဲပေးခွင့်ရှိသူ ၅၅၁ ယောက်အနက် ထောက်ခံမဲ ၅၁၈ မဲ၊ ကြားနေမဲ ၁၀ မဲ၊ ကန့်ကွက်မဲ ၅ မဲနဲ့ လက်ခံဆွေးနွေးဖို့ အတည်ပြုလိုက်ပါတယ်။
စစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အာဏာသိမ်းပြီးနောက် ဧပြီ ၂၄ ရက်နေ့ အင်ဒိုနီး ရှားနိုင်ငံ၊ ဂျကာတာမြို့မှာ ပြုလုပ်ခဲ့တဲ့ အာဆီယံခေါင်းဆောင်များ အစည်းအဝေးအပြီးမှာ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
အာဆီယံနိုင်ငံတွေအနေနဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို ထုတ်ပြန်ပြီးနောက်ပိုင်း အာဏာသိမ်းစစ်အာဏာရှင်အစိုးရကို အသိအမှတ် မပြုတာ၊ အာဆီယံအစည်းတွေမှာ အာဏာသိမ်းခေါင်းဆောင်တွေကို ဖိတ်ကြားခြင်း မပြုတာတွေ ပြုလုပ်ခဲ့ပါတယ်။










