
အနောက်အာဖရိကတိုက်က ကုန်းတွင်းပိတ် ဘာကီးနားဖာဆိုနိုင်ငံမှာ စစ်အာဏာသိမ်းခေါင်းဆောင် အီဘရာဟင်ထရာအိုရေးက "ပြည်သူတွေအနေနဲ့ ဒီမိုကရေစီကို မေ့ထားဖို့ လိုတယ်၊ ဒီမိုကရေစီက လူသတ်နေတာ"လို့ သတင်းထောက်တွေကို ပြောလိုက်ပါတယ်။
ဒါဟာ သူအာဏာကို ရေရှည်ဆုပ်ကိုင်ထားဖို့ ရည်ရွယ်နေတယ်ဆိုတဲ့ နောက်ဆုံးထွက်ပေါ်လာတဲ့ လက္ခဏာရပ် တခုလည်း ဖြစ်ပါတယ်။
အီဘရာဟင်ထရာအိုရေးရဲ့ အာဏာသိမ်း စစ်အစိုးရဟာ အစပိုင်းက ၂၀၂၄ ခုနှစ်မှာ ရွေးကောက်ပွဲတခုကျင်းပမယ်လို့ ကတိပြုခဲ့ပေမဲ့ အာဏာသိမ်းပြီး တနှစ်ကျော်လာချိန်မှာတော့ သူတို့နိုင်ငံဟာ အယ်လ်ကိုင်းဒါးနဲ့ IS အဖွဲ့တွေနဲ့ ဆက်နွှယ်နေတဲ့ အစ္စလာမ္မစ်သူပုန်တွေကို နှိမ်နင်းဖို့ ဆယ်စုနှစ်တခုကျော် ရုန်းကန်နေရတာကြောင့် နိုင်ငံအတွင်း လုံခြုံရေး မကောင်းသေးတာကြောင့် လူတိုင်း မဲပေးနိုင်လောက်အောင် ဘေးကင်းလုံခြုံမှု မရှိမချင်း ရွေးကောက်ပွဲ လုပ်မှာမဟုတ်ဘူး လို့ ပြောကြားခဲ့ပါတယ်။
ဧပြီ ၂ ရက် ညပိုင်းက နိုင်ငံပိုင်ရုပ်မြင်သံကြားမှာ ထုတ်လွှင့်ခဲ့တဲ့ သတင်းထောက်တွေနဲ့ ဆွေးနွေးပွဲ စကားဝိုင်း တခုမှာ ရွေးကောက်ပွဲအကြောင်း မေးမြန်းတဲ့အခါ ထရာအိုရေးက သူ့အစိုးရအနေနဲ့ လက်ရှိမှာ တခြားစိန်ခေါ်မှုတွေကိုပဲ အာရုံစိုက်နေတဲ့ အကြောင်း၊ ဒီမိုကရေစီက သူတို့အတွက် မဟုတ်ကြောင်းနဲ့ ဒီမိုကရေစီကြောင့် သွေးချောင်းစီးကာ နိုင်ငံပျက်စီးသွားတယ်လို့ လစ်ဗျားနိုင်ငံကို ဥပမာပေးပြီး ပြောပါတယ်။
စစ်အာဏာရှင် ထရာအိုရေးက“အရင်က လစ်ဗျားမှာ အေးအေးချမ်းချမ်းနဲ့ ရေဆိုတာ အလကား ရခဲ့တာ။ ဒါပေမဲ့ ဒီမိုကရေစီ ရောက်လာပြီးတဲ့နောက်မှာတော့ ဒီကနေ့မှာ တချို့ လစ်ဗျားလူမျိုး တွေဟာ ရေ ရဖို့ ရေပုံးတွေဆွဲပြီး နေရာအနှံ့ လျှောက်သွားနေရတယ်။ ကလေးပေါင်း သိန်းနဲ့ချီ သေဆုံးခဲ့ရပြီး အခုထိ ဒုက္ခရောက်နေကြရတယ်။ ကမ္ဘာပေါ်မှာ ဒီမိုကရေစီ တည်ဆောက်ချင်တဲ့ နေရာတိုင်းဟာ သွေးချောင်း စီးခဲ့ရတာချည်းပဲ”လို့ပြောပါတယ်။
“ဒီကမ္ဘာပေါ်မှာ ဒီမိုကရေစီဆိုတာ တကယ်မရှိပါဘူး။ အလိုရှိတဲ့အချိန်ကျမှ အသုံးချကြတာဖြစ်ပြီး အဲဒါကို အခြေချဖို့အတွက် လူတွေကို သတ်ကြတယ်။ လူသတ်တဲ့ ဒီမိုကရေစီမျိုးကို ကျနော်တို့ မလိုချင်ဘူး။ ကျနော်တို့ဟာ ကျနော်တို့ရဲ့ ပြန်လည်သိမ်းပိုက်ရေး၊ ပြန်လည်ထူထောင်ရေးနဲ့ တော်လှန်ရေးတွေကို အာရုံစိုက်နေပါတယ်။ ဒါဟာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တခုတည်းသော လမ်းကြောင်းပါပဲ”လို့လည်း စစ်ခေါင်းဆောင်က ပြောပါတယ်။
ထရာအိုရေး အစိုးရဟာ နိုင်ငံရေးလှုပ်ရှားမှုတွေကို အရင်ကတည်းက ရပ်ဆိုင်းထားခဲ့တာဖြစ်ပြီး ဇန်နဝါရီလမှာ နိုင်ငံရေးပါတီအားလုံးကို ဖျက်သိမ်းလိုက်ပါတယ်။
အာဏာမသိမ်းခင်တုန်းက ဘကီးနားဖာဆိုနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီ ၁၀၀ ကျော် ရှိခဲ့ပြီး ၂၀၂၀ အထွေထွေရွေးကောက်ပွဲအပြီးမှာ လွှတ်တော်ထဲမှာ ပါတီပေါင်း ၁၅ ပါတီအထိ ကိုယ်စားပြုခွင့် ရခဲ့ဖူးပါတယ်။











