အာဂျင်တီးနားနိုင်ငံ မြို့တော်ဗျူနိုအေးရိစ်မြို့တဝိုက်မှာ ဆရာ၊ ဆရာမတွေနဲ့ အစိုးရဝန်ထမ်းတွေ သြဂုတ် ၃ ရက်က ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
လစာတိုးမြှင့်ပေးဖို့ တောင်းဆိုခဲ့ကြပြီး သမ္မတ ဂျာဗီယာ မီလီရဲ့ အစိုးရလက်ထက်မှာ အလုပ်အကိုင် လျှော့ချတာတွေကို ရှုတ်ချခဲ့ကြပါတယ်။
ချီတက်ပွဲကို ဆရာ၊ ဆရာမများသမဂ္ဂ ဖြစ်တဲ့ အာဂျင်တီးနားသမ္မတနိုင်ငံ ပညာရေးလုပ်သားများအဖွဲ့ချုပ် (CTERA) နဲ့ အစိုးရဝန်ထမ်းများသမဂ္ဂ ဖြစ်တဲ့ အစိုးရဝန်ထမ်းများ အသင်း (ATE) တို့က စီစဉ်ခဲ့ကြပါတယ်။
ပညာရေးအစီအစဉ်တွေ၊ ဆရာအတတ်ပညာသင်တန်းနဲ့ ကျောင်းအခြေခံအဆောက်အအုံ ရန်ပုံငွေတွေကို ဖြတ်တောက်မှုအတွက် CTERA ရဲ့ အထွေထွေအတွင်းရေးမှူး ဆိုနီယာ အလက်ဆိုက မီလီရဲ့ အစိုးရကို ဝေဖန်ခဲ့ပါတယ်။
ဆရာ၊ ဆရာမ အများစုရဲ့ လစာက တလလုံးအတွက် အခြေခံနေထိုင်မှု ကုန်ကျစရိတ်တွေကို မကာမိဘူးလို့လည်း ထပ်ပြောခဲ့ပါတယ်။
ဆန္ဒပြသူတွေက ကာဆာ ရိုဆာဒါ သမ္မတအိမ်တော်အပြင်ဘက်မှာ စုဝေးခဲ့ပြီး အော့ဘယ်လစ်ခ် ကျောက်တိုင်ကနေ ပလာဇာ ဒီ မာယို ရင်ပြင်အထိ ချီတက်ခဲ့ကြတာပါ။
သပိတ်မှောက်နေချိန်မှာ စာသင်ခန်းတွေ ဗလာကျင်းနေတာကို ရုပ်သံမှတ်တမ်းတွေက ပြသခဲ့ပါတယ်။
၂၀၂၃ ခုနှစ် နှောင်းပိုင်းမှာ အစိုးရအသုံးစရိတ်လျှော့ချရေး မူဝါဒနဲ့ ရာထူးတာဝန်ယူခဲ့တဲ့ မီလီဟာ တက္ကသိုလ်ရန်ပုံငွေတိုးမြှင့်ရေး အာမခံတဲ့ အောက်လွှတ်တော်ဥပဒေကို ဗီတိုအာဏာနဲ့ ပယ်ချခဲ့ပေမဲ့ ဥပဒေပြုအမတ်တွေက နောက်ပိုင်းမှာ ဗီတိုအာဏာကို ပယ်ဖျက်ခဲ့ပါတယ်။
ဒါ့အပြင် အစိုးရက ဥပဒေမှာ သတ်မှတ်ထားတဲ့ ရန်ပုံငွေကို အကောင်အထည်ဖော်ဖို့ ကျန်နေသေးလို့ တက္ကသိုလ်တွေဟာ အရင်းအမြစ်တွေ သိသိသာသာ လျော့ကျနေတာကို ရင်ဆိုင်နေရပါတယ်။
Source: Reuters










