
လိုက်ဘေးရီးယား အာဏာပိုင်တွေဟာ နိုင်ငံအတွင်း အကြီးမားဆုံး မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုတွေ ထဲက သိမ်းဆည်းရမိခဲ့တဲ့ ကိုကင်း ၄ တန်နီးပါးကို ဇူလိုင် ၃၀ ရက်မှာ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
မြို့တော် မွန်ရိုးဗီးယားရဲ့ အရှေ့ဘက် ဒွာဇွန်မြို့မှာ ဇူလိုင် ၂၁ ရက်က ကိုကင်း ၃,၉၇၁ ကီလိုဂရမ်ကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ လိုက်ဘေးရီးယား အမျိုးသားရဲတပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဂရက်ဂရီ ကိုးလ်မန်းက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
ဒီဖြစ်စဉ်မှာ စပိန်နဲ့ ကိုလံဘီယာ နိုင်ငံကူးလက်မှတ် ၂ ခုကို ကိုင်ဆောင်ထားသူ တယောက်နဲ့ ဆားဘီးယားနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူ တယောက် စုစုပေါင်း သံသယရှိသူ ၂ ယောက် ကို ဖမ်းဆီးရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
အာဏာပိုင်တွေကတော့ ဒီကိုကင်းတွေ ဘယ်ကထွက်လာသလဲဆိုတာ အတည်မပြုနိုင်သေးဘဲ ဓာတုဗေဒဆိုင်ရာ အသေးစိပ်စစ်ဆေးမှုတွေ ထပ်မံလုပ်ဆောင်ဖို့ လိုအပ်သေးတယ်လို့ ဆိုပါတယ်။
ရဲချုပ် ကိုးလ်မန်းက ဒါဟာ လိုက်ဘေးရီးယားအတွက် အနိုင်ရရှိမှုတခုဖြစ်ပြီး သူတို့နိုင်ငံဟာ ဒုစရိုက်အဖွဲ့အစည်းတွေ လှုပ်ရှားဖို့ သက်သောင့်သက်သာရှိတဲ့ နေရာမဟုတ်ကြောင်း သတိပေး ခဲ့သလို၊ မူးယစ်ဆေးဝါး ယူဆောင်လာပါက ဖမ်းဆီးတရားစွဲဆိုရုံတင်မကဘဲ အခုလိုပဲ မီးရှို့ဖျက်ဆီး သွားမယ်လို့ အလေးအနက် ပြောပါတယ်။
လိုက်ဘေးရီးယား မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအေဂျင်စီ (LDEA) ခေတ္တညွှန်ကြားရေးမှူး ဖစ်ဇ်ဂါ့ဒ် ဘိုင်ဂိုကလည်း မူးယစ်ဆေးဝါး ကုန်ကူးမှုကွန်ရက်တွေကို အပြီးတိုင် ဖြိုခွဲသွားမှာဖြစ်ပြီး ဒီနေရာကို မူးယစ်မှောင်ခိုသမားတွေနဲ့ စနစ်တကျ ကျူးလွန်တဲ့ ဒုစရိုက်သမားတွေအတွက် ဘေးကင်းရာနေရာ မဖြစ်စေရဘူးလို့ ကတိပြုခဲ့ပါတယ်။
အနောက်အာဖရိက နိုင်ငံတွေဟာ တောင်အမေရိကကနေ ဥရောပကို ကိုကင်း မှောင်ခိုကူးသန်း နေကြတဲ့ နိုင်ငံတကာ မူးယစ်ဆေးဝါး ကွန်ရက်တွေအတွက် လမ်းကြောင်းတခုအဖြစ် မကြာခဏ အသုံးပြုခံနေရတာ ဖြစ်ပါတယ်။
Source:Reuters










