DVB Logo
Home
Lead Story
ဖက်ဒရယ်စနစ်မရှိလျှင် ငြိမ်းချမ်းရေးမရှိ
DVB
·
June 30, 2026
ဖက်ဒရယ်စနစ်မရှိလျှင် ငြိမ်းချမ်းရေးမရှိ
Donate to DVB

 

မေးခွန်းတခုနှင့် စတင်ချင်ပါသည်။ မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်စနစ်ဆီ သွားနိုင်မဲ့ လမ်းကြောင်းတခုနဲ့ ကျနော်တို့ နီးကပ်နေပြီလား။ ရိုးရိုးရှင်းရှင်း အဖြေက  မနီးသေးပါ။

မြန်မာနိုင်ငံသည် စစ်အုပ်စုက တော်လှန်ရေးနှင့် လွတ်မြောက်ရေးအင်အားစုများကို ဆက်လက်စစ်ဆင်နေသည့် လမ်းကြောင်းပေါ်တွင် ရှိနေဆဲဖြစ်သည်။ ပိုအရေးကြီးသည်မှာ စစ်အုပ်စု၏ စစ်ပွဲသည် အရပ်သားပြည်သူများကိုပါ ဦးတည်တိုက်ခိုက်နေခြင်းဖြစ်သည်။ တော်လှန်ရေးကို စစ်ဆင်သည်ဟု ဆိုသော်လည်း လက်တွေ့တွင် အဓိကအားဖြင့် ပြည်သူများအပေါ် စစ်ဆင်နေခြင်းသာ ဖြစ်သည်။

ကျနော်သည် “နေပြည်တော်ရှိ အစိုးရသစ်” ဟု မပြောဘဲ “စစ်အုပ်စု” ဟု တမင်ပြောပါသည်။ အကြောင်းမှာ တခုနှင်တခု အတူတူပင် ဖြစ်သောကြောင့် ဖြစ်သည်။ အသစ်ဟု ဆိုစရာ မရှိပါ။ ထိုနှစ်ခုကြားတွင် ကွာခြားချက်ရှိသလို ဟန်ဆောင်ခြင်းသည်လည်း အလွန်ပြင်းထန်သော အမှား ဖြစ်သည်။

ထို့နောက် ဒုတိယမေးခွန်းတခု ရောက်လာပါသည်။ မြန်မာနိုင်ငံတွင် ဖက်ဒရယ်စနစ်နှင့် ငြိမ်းချမ်းရေးဆီ သွားနိုင်သည့် လမ်းကြောင်းတခု ရှိနိုင်ပါသလား။ ရှိနိုင်ပါသည်။ အခွင့်အလမ်းအဖြစ်လည်း ရှိနေပါသည်။ သို့သော် မြန်မာနိုင်ငံသည် ယခုအချိန်တွင် ထိုလမ်းကြောင်းသို့ မရွေ့လျားနေပါ။

အကြောင်းရင်းကို မရှင်းပြမီ အရေးကြီးသည့် အချက်တချက်ကို ထပ်ပြောလိုပါသည်။ မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးဆီ သွားနိုင်သည့် လမ်းကြောင်းသည် ဖက်ဒရယ်စနစ်ကို ဖြတ်သန်းရမည် ဖြစ်သည်။ ဖက်ဒရယ်စနစ် မရှိလျှင် ငြိမ်းချမ်းရေး မရှိပါ။ ဒါက ရိုးရိုးရှင်းရှင်းပင် ဖြစ်ပါသည်။

တဖက်တွင်လည်း မေးစရာ ရှိပါသည်။ ဖက်ဒရယ်လမ်းကြောင်းသည် အလိုအလျောက် ငြိမ်းချမ်းရေးဆီ ဦးတည်သွားမည်လား။ ဦးတည်နိုင်ပါသည်။ နွေဦးတော်လှန်ရေး၏ အကျိုးဆက်အဖြစ် ပေါ်ထွက်လာသည့် ဗမာ-တိုင်းရင်းသား မဟာမိတ်တွင် မြန်မာနိုင်ငံအတွက် သမိုင်းဝင် အခွင့်အလမ်းတခု အမှန်တကယ် ရှိနေပါသည်။ သို့သော် ထိုအရာသည် အလိုအလျောက် ဖြစ်လာမည် မဟုတ်ပါ။ ဖက်ဒရယ်သဘောတူညီချက်တရပ် ရှာဖွေ တည်ဆောက်ခြင်းသည် ရှုပ်ထွေးသည့်လုပ်ငန်းစဉ် ဖြစ်လိမ့်မည်။ တာဝန်သိသော နိုင်ငံ့ခေါင်းဆောင် စိတ်ထားရှိခြင်း၊ ဉာဏ်ပညာ အမြော်အမြင်နှင့် အမြင့်ဆုံး တောင်းဆိုချက်များအပေါ် အလျှော့အတင်းပြုနိုင်သည့် စိတ်ဆန္ဒတို့ လိုအပ်ပါလိမ့်မည်။ 

မြန်မာနိုင်ငံကို မှားယွင်းစွာ ဖတ်ရှုခြင်းနှင့် မှားယွင်းသော မူဝါဒရွေးချယ်မှုများ

ဒါဆို ယခုအချိန်တွင် ကျနော်တို့သည် ငြိမ်းချမ်းရေးလမ်းကြောင်းနှင့် အဘယ်ကြောင့် မနီးသေးသနည်း။ အရေးအကြီးဆုံး အတားအဆီးတခုတည်းကို ပြောရမည်ဆိုလျှင် မင်းအောင်လှိုင် ကိုယ်တိုင် ဖြစ်သည်။ သူ့ကို နိုင်ငံရေးပြဿနာ ဖြေရှင်းရာတွင် မလွဲမသွေ ပါဝင်ရမည့် အစိတ်အပိုင်း တခုအဖြစ် သို့မဟုတ် ဖြေရှင်းချက်၏ အခြေခံဒေါက်တိုင်အဖြစ်တောင် ဆက်လက် ဆက်ဆံနေသရွေ့ ဖြေရှင်းချက် ပေါ်လာမည် မဟုတ်ပါ။

ဒုတိယနှင့် လတ်တလော ပြဿနာမှာ မှားယွင်းသော ဇာတ်ကြောင်းများနှင့် စိတ်ကူးယဥ်ဆန်သည့် မျှော်လင့်ချက်များက လက်တွေ့အမှန်တရားကို ဖုံးလွှမ်းသွားခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၏ အိမ်နီးချင်းများ၊ ဒေသတွင်း အာဏာပိုင်များ၊ ၎င်းတို့၏ အကျိုးဆက်အဖြစ် နိုင်ငံတကာ အသိုက်အဝန်း၏ များပြားသော အစိတ်အပိုင်းများ၏ မူဝါဒဆုံးဖြတ်ချက်များနှင့် သံတမန် ဆက်ဆံမှုများကို ယခုအခါ ထိုမှားယွင်းသော ဇာတ်ကြောင်းများနှင့် စိတ်ကူးယဥ်ဆန်သည့် မျှော်လင့်ချက်များက ဦးဆောင်နေသည်။

ဤချဉ်းကပ်မှုသည် မှားယွင်းသော ဖြေရှင်းချက်များအပေါ် အချိန်နှင့် စွမ်းအင်ကို ဖြုန်းတီးနေရုံသာ မဟုတ်ပေ။ ပြဿနာကို တိုက်ရိုက် ပိုမိုကြီးထွားဆိုးရွားစေသည့် ချဉ်းကပ်မှုလည်း ဖြစ်သည်။ အလွန်ပြင်းထန်နေပြီးဖြစ်သော အကျပ်အတည်းကို ပိုမိုဆိုးရွားအောင် လုပ်နေပါသည်။ မှားယွင်းသော ဇာတ်ကြောင်းများ၊ မှားယွင်းသော မျှော်လင့်ချက်များနှင့် မှားယွင်းသော မူဝါဒဆုံးဖြတ်ချက်များသည် စစ်ပွဲကို အားဖြည့်ကာ ရှည်ကြာစေပြီး အကျပ်အတည်းကို ပိုမိုနက်ရှိုင်းစေကာ နိုင်ငံကို စီးပွားရေးနှင့် လူမှုအဖွဲ့အစည်းဆိုင်ရာ ပြိုကွဲမှုဆီ ပို၍ တွန်းပို့နေသည်။

တစုံတဦးက မေးနိုင်ပါသည်။ ထိုမှားယွင်းသော ဇာတ်ကြောင်းများဆိုသည်မှာ ဘာများဖြစ်သနည်း။ အများကြီး ရှိပါသည်။ အမျိုးမျိုးသော ပုံစံများ၊ အထုတ်လိုက်အထည်လိုက် ပေါ်လာကြသည်။ တနေ့တွင် “အစိုးရသစ်” ဖွဲ့စည်းခြင်း၊ “သမ္မတသစ်” ကျမ်းသစ္စာကျိန်ဆိုခြင်း ဖြစ်လာသည်။ နောက်နေ့တွင် သမ္မတ ဦးဝင်းမြင့်ကို လွှတ်ပေးမည်ဟုဆိုခြင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို အိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့မည်ဟုဆိုခြင်း ဖြစ်လာသည်။ ထို့နောက် “ရက် ၁၀၀ ငြိမ်းချမ်းရေး ကမ်းလှမ်းချက်” ဖြစ်လာသည်၊ (သို့မဟုတ်) ကြီးမားသော အခြေခံအဆောက်အအုံနှင့် ချိတ်ဆက်ရေးစီမံကိန်းများ ပြန်လည်စတင်မည်ဆိုသော မဟာအစီ အစဉ်များ အဖြစ်ဖြစ်လာသည်။ ရက်အနည်းငယ်ခြားတိုင်း မီးခိုးဗုံးအသစ်တလုံးကို တွေ့နေရသည်။ မှားယွင်းသော ဇာတ်ကြောင်းအသစ်၊ မှားယွင်းသော မျှော်လင့်ချက်အသစ်၊ သို့မဟုတ် သတင်းချိုး ဟန်ဆောင်သော သတင်းအမှားအသစ် တခုခု ပေါ်လာတတ်သည်။ 

ထိုမှားယွင်းသော ဇာတ်ကြောင်းများနှင့် လွဲမှားသော မျှော်လင့်ချက်များအားလုံးကို ကိုယ့်ကိုယ်ကိုယ် လှည့်ဖြားသည့် အထုပ်အပိုးတခုအဖြစ် စုပေါင်းနားလည်နိုင်သည်။ ပထမအဆိုမှာ စစ်အုပ်စု၏ ရွေးကောက်ပွဲများက အစိုးရသစ်တရပ်ကို ဖန်တီးပြီး အဆင့်သစ်၊ သံသရာသစ်၊ ပြန်လည်စတင်ရန် အခွင့်အလမ်းသစ်တခု ဖွင့်လှစ်ပေးလိုက်ပြီ ဆိုသည်။ မျှော်လင့်ချက်မှာ ထို “အစိုးရသစ်”သည် တနည်းတဖုံ ပို၍လက်တွေ့ကျပြီး ပို၍ အကြောင်းပြချက် နားလည်နိုင်မည့်အဖွဲ့ ဖြစ်လာမည်ဟူသော မျှော်လင့်ချက် ဖြစ်သည်။

ဒုတိယအဆိုမှာ အိမ်နီးချင်းများ၊ ဒေသတွင်းနိုင်ငံများနှင့် နိုင်ငံတကာအသိုက်အဝန်းက အခြားအဖွဲ့ဝင်များအနေဖြင့် နေပြည်တော်ရှိ ကိုယ်တိုင်ခန့်အပ်ထားသော ထိုအဖွဲ့ကို ဗဟိုအစိုးရအဖြစ် ထိတွေ့ဆက်ဆံခြင်းမှအပ အခြားရွေးချယ်စရာမရှိဟူသော အဆို ဖြစ်သည်။

တတိယအဆိုမှာ ERO များသည် ဆွေးနွေးပွဲလမ်းကြောင်းကို လက်ခံကာ အညံ့ခံလာကြမည့် အခြေအနေသည် မျှော်လင့်ရမည့်အရာ ဖြစ်သလို မလွဲမသွေဖြစ်လာမည့် အရာလည်း ဖြစ်သည်ဟူသော အဆို ဖြစ်သည်။ ၎င်းတို့ကိုယ်တိုင် အလိုရှိသောကြောင့် မဟုတ်ဘဲ ဖိအားနှင့် ဆွဲဆောင်မှုများ ပေါင်းစပ်လာသည့်အခါ လက်နက်ကိုင် တော်လှန်ရေးနှင့် လွတ်မြောက်ရေး တိုက်ပွဲကို ဆက်လက်ဆင်နွှဲခြင်းထက် ပို၍ယုတ္တိရှိပြီး ပို၍ ဆွဲဆောင်မှုရှိသလို ထင်လာစေမည်ဟု ယူဆခြင်း ဖြစ်သည်။

စတုတ္ထအဆိုမှာ အများပြိုသလို လိုက်ပြိုမည့် ဒိုမီနို သက်ရောက်မှုကြောင့် အပစ်အခတ်ရပ်စဲမှုများ မကြာမီ ဆက်တိုက်ဖြစ်လာတော့မည်ဟူသော အဆိုဖြစ်သည်။ ပဉ္စမအဆိုမှာ ဗမာတော်လှန်ရေး၏ ကြေမွပျက်စီးသော ရှုံးနိမ့်မှု (သို့မဟုတ်) ပြိုကွဲမှုသည် ဝမ်းနည်းဖွယ်ကောင်းသော်လည်း မလွဲမသွေ ဖြစ်လာမည့် အမှန်တရား ဖြစ်သည်ဟူသော အဆိုဖြစ်သည်။ ဆဋ္ဌမအဆိုမှာ ထိုအရာများအားလုံး ပေါင်းစပ်လာလျှင် စစ်ပဋိပက္ခ တဖြည်းဖြည်း လျော့ကျသွားမည်၊ နိုင်ငံတဝန်း ပြန်တည်ငြိမ်လာမည်၊ လူသားချင်းစာနာမှုအကူအညီ ဝင်ရောက်ခွင့်ရမည်၊ နိုင်ငံရေးအ ကျဉ်းသားများ လွတ်မြောက်လာမည်၊ “တတိယလမ်းကြောင်း” နိုင်ငံရေးအဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံရန် အခွင့်အလမ်း ပေါ်လာမည်ဟူသော အဆို ဖြစ်သည်။

နယ်စပ်ကုန်သွယ်ရေး ပြန်လည်စတင်မည်။ သဘာဝသယံဇာတ ထုတ်ယူမှုများ ပြန်လည်လက်လှမ်းမီလာမည်။ တရုတ်သည် တံတားများ၊ လမ်းများ၊ ရထားလမ်းများနှင့် ဆည်များ ဆောက်လုပ်နိုင်မည်။ အခြားသူများလည်း ၎င်းတို့၏ စီးပွားရေးနှင့် ချိတ်ဆက်ရေး အခွင့်အလမ်းများ ပေါ်လာမည်။ ထိုင်းသည် ၎င်း၏ နယ်စပ်ကုန်သွယ်ရေးကို ပြန်ရမည်။ ရွှေ့ပြောင်းနေထိုင်မှု ဖိအားများ လျော့ကျမည်။ ဒုက္ခသည်များနှင့် စီးပွားရေးကြောင့် ရွှေ့ပြောင်း ထွက်ခွာသူများတောင် ပြန်လာနိုင်လိမ့်မည်ဟု ထင်ကြသည်။

မြန်မာနိုင်ငံ၏ အိမ်နီးချင်းများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ ကုလသမဂ္ဂအေဂျင်စီများ၊ ရင်းနှီးမြှုပ်နှံသူများ၊ ကုန်သည်များ၊ နိုင်ငံတကာ NGO များ၊ ငြိမ်းချမ်းရေးရန်ပုံငွေများ၊ ကြားဝင်ညှိနှိုင်းသူများနှင့် ဆွေးနွေးရေး အကူအညီပေးသူများ၏ အမြင်မှကြည့်လျှင် ထိုအရာအားလုံးသည် ကောင်းသောအရာများလိုပင် ကြားရသည်။ ထိုကဲ့သို့သော အခြေအနေမျိုးကို မဖြစ်စေချင်သူ မည်သူ ရှိမည်နည်း။ သို့သော် လက်တွေ့အမှန်တရားသည် ထိုအရာနှင့် ဆန့်ကျင်ဘက်ဖြစ်နေပြီး ဆန့်ကျင်ဘက်အတိုင်းပင် ဆက်ရှိနေမည် ဖြစ်သည်။

အစိုးရသစ်လည်း မရှိသလို၊ အရပ်သားအစိုးရလည်း မရှိပါ။ ဤသည်မှာ အတွင်းပိုင်းတွင် မျိုးဆက်ပြောင်းလဲမှုနှင့် မင်းအောင်လှိုင်၏ ပုဂ္ဂိုလ်ရေးအာဏာရှင်စနစ် ပိုမိုခိုင်မာလာခြင်းတို့ကြောင့် ပို၍ တသားတည်းကျလာသော စစ်အာဏာရှင် ကွန်ရက်ဟောင်းပင် ဖြစ်သည်။ နေပြည်တော်တွင် မဟာဗျူဟာဆိုင်ရာ အလှည့်အပြောင်း မရှိပါ။ အနည်းငယ်မျှသော အလျှော့အတင်းကိုပင် လက်ခံလိုသည့် စိတ်ဆန္ဒ မရှိပါ။ ရှိနေသည့်အရာမှာ မူလရည်မှန်းချက်များပင် ဖြစ်သည်။ ဗမာတော်လှန်ရေးကို ကြမ်းတမ်းရက်စက်စွာ ချေမှုန်းရန်နှင့် ERO များကို “သစ္စာဖောက်မှု” အတွက် အပြစ်ပေးရန်ဆိုသည့် ရည်မှန်း ချက်သာရှိသည်။ 

၂၀၁၀–၂၀၁၁ ကဲ့သို့ အထက်အောက် ပြောင်းလဲမှုတခု ဖြစ်လာမည်မဟုတ်ပါ။ ၎င်းအစား ကျနော်တို့ မြင်နေရသည်မှာ မင်းအောင်လှိုင်နှင့် စစ်တပ်၏ ယုံကြည်မှုအသစ်နှင့် ပိုမိုတင်းမာလာသော ရပ်တည်ချက်သာ ဖြစ်သည်။ ၂၀၁၆–၂၀၂၀ ကဲ့သို့ ညှိနှိုင်းထားသည့် အတူနေထိုင်မှုတခုကို လက်ခံရန် စိတ်ဆန္ဒလည်း မရှိတော့ပါ။ ယခုရည်မှန်းချက်မှာ အပြည့်အဝ အောင်နိုင်ရေးဖြစ်သည်။ “နောက်ဆုံးဖြေရှင်းချက်” ဖြစ်ပြီး “နောက်ဆုံး” ဟူသော စကားလုံးတွင် ပါဝင်သည့် အဓိပ္ပာယ်များအားလုံးနှင့်အတူ ဖြစ်သည်။

ထို့ကြောင့် လက်ရှိချဉ်းကပ်မှုအောက်တွင် စစ်ပဋိပက္ခလျော့ကျရေး အလားအလာမရှိပါ။ ငြိမ်းချမ်းရေး အလားအလာလည်း မရှိပါ။ ဖြစ်နေသည့်အရာ၊ ဆက်လက်ဖြစ်နေမည့်အရာမှာ ပြည်သူများအပေါ် စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်သော အကြမ်းဖက်စစ်ပွဲသာ ဖြစ်သည်။

လူသားချင်းစာနာမှုဆိုင်ရာ ခွင့်ပြုချက်ပေးဖို့လည်း မရှိပါ။ လက်ရှိစစ်ပွဲ၊ ဗုံးကြဲတိုက်ခိုက်မှုများ၊ မီးရှို့ဖျက်ဆီး သည့်စစ်ဆင်ရေးများကြောင့်လည်းကောင်း၊ မိုးခေါင်မှု၊ ရေကြီးမှု၊ ကမ္ဘာ့ လောင်စာဆီနှင့် အစားအစာစျေးနှုန်း မြင့်တက်မှုကဲ့သို့ ပြင်ပထိခိုက်မှုများကြောင့်လည်းကောင်း လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များသည် ဆက်လက်ကြီးထွားနေမည်ဖြစ်သည်။

အွန်လိုင်းလိမ်လည်မှုများ၊ မူးယစ်ဆေးဝါးများ၊ လူကုန်ကူးမှုများပါဝင်သည့် တရားမဝင်စီးပွားရေးသည်  ဆက်လက်ကြီးထွားနေမည်။ စီးပွားရေးကိုလည်း စစ်ဆင်ရေးနှင့် မင်းအောင်လှိုင်၏ နပိုလီယံဆန်သော အတ္တကြီးမှုကို ထောက်ပံ့ရန်အတွက် ဆက်လက်မှားယွင်းစွာ စီမံခန့်ခွဲပြီး လုယူဖျက်ဆီးနေကြမည်။

တည်ငြိမ်မှု ပြန်လာမည်မဟုတ်ပါ။ ဖျက်ဆီးမှု ပိုများလာမည်၊ ဆင်းရဲမွဲတေမှု ပိုနက်ရှိုင်းလာမည်၊ ဒုက္ခသည် ပိုများလာမည်၊ လူငယ်များ ပို၍ ထွက်ပြေးကြမည်၊ ပညာရေးဝင်ခွင့်ရသည့် ကလေးများ လျော့နည်းလာမည်၊ ကလေးများ ကြီးပြင်းရန် လုံလောက်သော အစားအစာနှင့် ကျန်းမာရေးစောင့်ရှောက်မှု ပို၍ မရနိုင်တော့မည်၊  လက်နက်ကိုင်အဖွဲ့အမျိုးမျိုးက ထိန်းချုပ်သည့် နယ်မြေများ ပိုမိုကွဲပြားပြန့်ကျဲလာမည်။

အခြားရွေးချယ်စရာ ရှိသည်

မြန်မာ့လူ့အဖွဲ့အစည်းနှင့် ဆယ်စုနှစ်များစွာ ကြာရှည်လာသည့် ပဋိပက္ခသည် အလွန်ရှုပ်ထွေးပါသည်။ သို့သော် တချိန်တည်းမှာပင် နိုင်ငံနှင့် ဒေသအတွက် ရှေ့တွင်ရှိနေသော ရွေးချယ်မှုသည် အံ့ဩဖွယ်ကောင်းလောက်အောင် ရိုးရှင်းပါသည်။

မြန်မာနိုင်ငံ၏ အိမ်နီးချင်းများ၊ ဒေသတွင်း ဒေသတွင်း အာဏာပိုင်များ၊ မြန်မာပြည်သူများကို ဂရုစိုက်သူ မည်သူ မဆို၊ ဒေသတွင်းလုံခြုံရေးကို ဂရုစိုက်သူ မည်သူမဆို၊ စီးပွားရေးနှင့် ချိတ်ဆက်ရေးအခွင့်အလမ်းများကိုပင် ဂရုစိုက်သူ မည်သူမဆို — အခြားရွေးချယ်စရာ ရှိသည်။

တဖက်တွင် ဖြေရှင်းချက်တခုအတွက် ခိုင်မာသော အခြေခံကို ပေးနိုင်သည့် တိုင်းရင်းသားနှင့် ဗမာနိုင်ငံရေး အင်အားစုများ၏ စစ်မှန်သော မဟာမိတ်တခုရှိသည်။ အခြားတဖက်တွင် နပိုလီယံဆန်သော မင်းအောင်လှိုင်နှင့် စစ်တပ်လွှမ်းမိုးမှု၏ လက်ရှိပုံစံသည် တည်တံ့ခိုင်မြဲသော ဖြေရှင်းချက်တခု၏ အခြေခံ ဖြစ်နိုင်သည့် ဘာမှ မပေးနိုင်ပါ။

ဗမာနှင့် တိုင်းရင်းသားများ မဟာမိတ်ဘက်တွင် နိုင်ငံတဝန်းလုံးအထိ သက်ရောက်နိုင်သည့် ကျယ်ပြန့်သော မဟာမိတ်တခု ရှိသည်။ စစ်အုပ်စုဘက်တွင်မူ ကျဉ်းမြောင်းသော ခိုးယူလုယက် စားသောက်သည့် အုပ်စု တစုသာ ရှိသည်။

ဗမာနှင့် တိုင်းရင်းသားများ မဟာမိတ်သည် ပြည်သူများ၏ ထောက်ခံမှုကို ရရှိထားပြီး ပြည်သူများအပေါ် တာဝန်ခံရမည်ဟု ခံစားထားသည်။ ၎င်းသည် ပြည်သူများထံမှ ပေါ်ထွက်လာပြီး ပြည်သူများအတွက် ရပ်တည်သည်။ ကွဲပြားစုံလင်သော ပြည်သူလူထု၏ သဘောတူညီမှုဖြင့် အုပ်ချုပ်နိုင်သည်။ အခြားတဖက်တွင်မူ ပြည်သူများကို ခြိမ်းခြောက်မှုတခုအဖြစ်လည်းကောင်း၊ လုယက်ထုတ်ယူရမည့် အရင်းအမြစ်တခုအဖြစ်လည်းကောင်း မြင်သော အမြတ်ထုတ်သည့် စစ်တပ်တခု ရှိသည်။ ၎င်းသည် ဖိနှိပ်မှုနှင့် ကြောက်ရွံ့မှုဖြင့်သာ အုပ်ချုပ် နိုင်သည်။

ဗမာနှင့် တိုင်းရင်းသားများ မဟာမိတ်သည် နိုင်ငံ၏ ကွဲပြားစုံလင်မှုကို အသိအမှတ်ပြုသည်၊ လက်ခံသည်၊ ထောက်ခံသည်၊ ဖက်ဒရယ်စနစ်ကို ကတိပြုထားသည်။ စစ်တပ်ကမူ တင်းကျပ်သော၊ စစ်တပ်လွှမ်းမိုးသည့်၊ ဗဟိုချုပ်ကိုင်မှုကြီးမားသည့် နိုင်ငံတော်ကိုသာ ပေးနိုင်သည်။ ထိုစနစ်တွင် ဗဟိုချုပ်ကိုင်မှုမှ လျှော့ချမည့်အရာ တခုတည်းမှာ စနစ်တကျ အကျင့်ပျက်ခြစားမှုဖြစ်ပြီး ၎င်းကို မာဖီးယားပုံစံ ကွန်ယက်များမှတဆင့် လုပ်ဆောင်မည်ဖြစ်သည် အကြီးတန်း ဗိုလ်ချုပ်ကြီးများက “အကြီးအကဲအားလုံး၏ အကြီးအကဲများ”အဖြစ် ရပ်တည်ပြီး၊ ခေါင်းဆောင်ငယ်များက ၎င်းတို့၏ တရားမဝင်နှင့် တရားဝင် စီးပွားရေးနယ်ပယ်ငယ်များကို သိမ်းပိုက်နေမည် ဖြစ်သည်။

ဗမာနှင့် တိုင်းရင်းသားများ မဟာမိတ်သည် တာဝန်ခံမှုနှင့် ပြည်သူ့ဝန်ဆောင်မှုပေးရေးကို ကတိပြုထားသည်။ စစ်အုပ်စုမူကား ယခင်အတိုင်း ဆက်လက်အုပ်ချုပ်မည်ဖြစ်သည်။ စနစ်တကျ အကျင့်ပျက်ခြစားမှု၊ ဥပဒေ စိုးမိုးရေးမရှိခြင်း၊ ပြည်သူများနှင့် မြေယာကို ဥပဒေမဲ့ အမြတ်ထုတ်အသုံးချခြင်းတို့ဖြင့် အုပ်ချုပ်မည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ အကျပ်အတည်းအတွက် ဖြေရှင်းချက်၏ အခြေခံ ဖြစ်နိုင်သည့်အရာနှင့် နိုင်ငံကို အချိန်ကြာမြင့်စွာ နောက်ကျကျန်စေခဲ့သည့် မကောင်းမှုများကိုသာ ဆက်လက်ရှင်သန်စေမည့်အရာကို ခွဲခြားသိရန် အံ့ဩဖွယ် ကောင်းလောက်အောင် ရိုးရှင်းပါသည်။

မြန်မာနိုင်ငံနှင့် ပတ်သက်၍ ဆောင်ရွက်နေသူ အားလုံးရှေ့တွင် ရှိနေသော အဓိကမေးခွန်းမှာ ၎င်းတို့ မည်သည့် လမ်းကြောင်းကို အထောက်အကူပြုနေကြသနည်းဟူသော မေးခွန်းဖြစ်သည်။ ထင်ယောင်ထင်မှား အာဏာရှင် တည်ငြိမ်ခိုင်မာရေး၊ စစ်ပွဲဆက်လက်ဖြစ်ပွားရေး၊  ပျက်စီးယိုယွင်းမှုနှင့် လူမှုအဖွဲ့အစည်း ပြိုကွဲနိုင်ခြေရှိသော လမ်းကြောင်းကို အထောက်အကူပြုနေကြသလား။ သို့မဟုတ် မင်းအောင်လှိုင်နှင့် စစ်တပ်၏ စစ်ဆင်နိုင်စွမ်းကို ကန့်သတ်ရင်း၊ ဗမာနှင့် တိုင်းရင်းသားများ  မဟာမိတ်အပေါ် ပြတ်ပြတ်သားသား လောင်းကြေးထပ်ပြီး ရင်းနှီး မြှုပ်နှံသည့် လမ်းကြောင်းကို အထောက်အကူပြုနေကြသလား။

ဤနေရာတွင် မြန်မာနိုင်ငံ၏ အိမ်နီးချင်းများနှင့် ဒေသတွင်းအင်အားစုများ၏ လက်ရှိချဉ်းကပ်မှုသည် မှားယွင်းနေသည်ဆိုသည့်အချက်မှာ အရေးကြီးဆုံးအချက်ဖြစ်သည်။ ၎င်းတို့သည် စစ်ပွဲကို ဆာလောင်နေပြီး ရန်လိုနေသည့်သူဘက်ကို ကန့်သတ်ရန် ဘာမျှ မလုပ်ကြပါ။ ထို့သို့မလုပ်ရုံတင်မက ဆန့်ကျင်ဘက်အနေဖြင့် ၎င်းတို့သည် ထိုဘက်ကို အားပေးနေပြီး ရှိသမျှအရင်းအမြစ်များကို ပုံအောကာ ပြိုင်ဘက်များကို ချေမှုန်းရန် ကူညီပေးနေကြသည်။ 

တချိန်တည်းတွင် ၎င်းတို့သည် ဗမာနှင့် တိုင်းရင်းသားများ မဟာမိတ်တို့၏ ပြည်သူများကို ကာကွယ်နိုင်စွမ်း၊ အုပ်ချုပ်မှုနှင့် ဝန်ဆောင်မှုများပေးနိုင်စွမ်း၊ ထုတ်လုပ်နိုင်စွမ်းနှင့် ကုန်သွယ်နိုင်စွမ်း၊ ရရှိနိုင်သော အရင်းအမြစ်များကို အသုံးချနိုင်စွမ်းနှင့် အရေးတကြီး လိုအပ်နေသော အကူအညီများကို ရယူဖြန့်ဝေနိုင်စွမ်းတို့ကို နည်းလမ်း အမျိုးမျိုးဖြင့် ကန့်သတ်နေကြသည်။

သမိုင်းသင်ခန်းစာများက ကျနော်တို့ကို အကြိမ်ကြိမ် ပြသခဲ့ပြီးဖြစ်သည်။ ကျူးကျော်စစ်ပွဲများတွင် ကိုယ့်ကိုယ်ကို ခုခံကာကွယ်နေသူများကို ဖိအားပေးကန့်သတ်ပြီး ကျူးကျော်ဖိနှိပ်နေသူများကို အလိုလိုက် အကြိုက်ဆောင် အားပေးအားမြှောက်ပြုရုံဖြင့် မရပ်တန့်နိုင်ပါ။ 

မြန်မာနိုင်ငံ၏ ပိုမိုနက်ရှိုင်းလာသော အကျပ်အတည်းမှလွတ်မြောက်နိုင်မည့် ထွက်ပေါက်အစမှာ အိမ်နီးချင်းနှင့် အာဆီယံအဖွဲ့ဝင်များက မြန်မာနိုင်ငံအတွက် ဖက်ဒရယ်ဒီမိုကရေစီသည်သာ တခုတည်းသော အခြားရွေး ချယ်စရာ ဖြစ်ကြောင်း အသိအမှတ်ပြုသည့်အချိန်တွင် စတင်ပေါ်လာမည်ဖြစ်သည်။

SCEF သည် ယခင်မဟာမိတ်များနှင့် မည်သို့ကွာခြားသနည်း 

ကျနော်ဖော်ပြခဲ့သည့် ဗမာနှင့် တိုင်းရင်းသားများ မဟာမိတ်သည် စိတ္တဇ (စိတ်ကူးယဥ်ဆိုင်ရာ) သဘောတရား တခုမဟုတ်ပါ။ မျက်မြင်လက်တွေ့ တည်ရှိနေသော အင်အားစုတခုဖြစ်သည်။ ထိုမဟာမိတ်တို့သည် အစောပိုင်း လူထုအခြေပြု အကြမ်းမဖက်သော ဆန္ဒပြလှုပ်ရှားမှုများအပေါ် အာဏာသိမ်းသမားများ၏ ဖိနှိပ်နှိမ်နင်းမှုကို ကျော်လွှားနိုင်ခဲ့ကြသည်။ လက်မလျှော့ရန် သတ္တိနှင့် စိတ်ပိုင်းဖြတ်မှုကို ရှာဖွေတွေ့ရှိနိုင်ခဲ့ကြသည်။ ထိုအချိန်မှစ၍ စစ်ရေးစွမ်းရည်များ တည်ဆောက်နိုင်ခဲ့ကြသည်၊ အရေးပါသော နယ်မြေများကို လွတ်မြောက်စေခဲ့ကြသည်၊ ထိုနယ်မြေများပေါ်တွင် အုပ်ချုပ်ရေးဖွဲ့စည်းပုံများ တည်ဆောက်ရန် စတင်ခဲ့ကြသည်။ 

ဗမာနှင့် တိုင်းရင်းသားများ ပူးပေါင်းမဟာမိတ်တို့သည် မြေပြင်ပေါ်တွင် အမှန်တကယ် ပုံစံအမျိုးမျိုးဖြင့်ရှိနေခဲ့ ရှိနေခဲ့ကြပြီး ယနေ့လည်း ရှိနေကြဆဲဖြစ်သည်။ ထို့သို့မဟုတ်ပါက မြန်မာ့နွေဦးလူထုထကြွမှုသည် အခြားနိုင်ငံများစွာတွင် လူထုထကြွမှုများကို ရက်စက်ကြမ်းကြုတ်သော အာဏာရှင်များက ဖိနှိပ်နှိမ်နင်းခဲ့သကဲ့သို့ မြန်မာ့နွေဦးတော်လှန်ရေး သည်လည်း ဟိုလွန်ခဲ့သည့် အချိန်များကတည်းက ဖိနှိပ်နှိမ်နင်းခံရပြီးသား ဖြစ်နေပေမည်။

သို့သော် ယခုအခါ ဤဗမာနှင့် တိုင်းရင်းသားများ မဟာမိတ်သည် အဖွဲ့အစည်းဆိုင်ရာ ပုံစံတခုနှင့် အာဏာဆွဲငင်အားဗဟိုချက်တခုကိုလည်း ရရှိလာသည်။ ၎င်းမှာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ဖြစ်သည်။ ထိုအာဏာဆွဲငင်အား ဗဟိုချက်၏ ပတ်ဝန်းကျင်တွင် အခြေခံမူများနှင့် နိုင်ငံ၏အနာဂတ်အတွက် တူညီသော ဘုံအမြင်ကိုများမျှဝေသည့် ပိုမိုကျယ်ပြန့်သော ပတ်ဝန်းကျင် အသိုက်အဝန်းနှင့် စနစ်တခု ရှိနေသည်။ ဤသည်မှာ မြန်မာနိုင်ငံအတွက် စစ်ပွဲနှင့် နိုင်ငံတော်ကျရှုံးပျက်သုဉ်းမှု အန္တရာယ်မှ လွတ်မြောက်နိုင်သည့် လက်တွေ့ကျသည့် အကောင်းဆုံးရွေးချယ်စရာ ထွက်ပေါက် ဖြစ်သည်။ 

မကြာခဏ ကြားရသော သံသယမေးခွန်းတခု ရှိသည်။ SCEF သည် ယခင်မဟာမိတ်များ  အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ NUG နှင့် K3C (သို့မဟုတ်) မြောက်ပိုင်းမဟာမိတ်တို့နှင့် မည်သို့ကွာခြားသနည်း။

ထိုမေးခွန်းကိုဖြေရန်အတွက် SCEF ကို စတင်ဖွဲ့စည်းသည့်အခါ အဖွဲ့အစည်းလုံးဝအသစ်စက်စက် အဖြစ်ရည်ရွယ် ဖွဲ့စည်းခဲ့ကြခြင်း မဟုတ်ကြောင်း အသားပေးဆွေးနွေးချင်ပါသည်။ SCEF သည် စစ်အာဏာရှင်စနစ်၊ ဖိနှိပ်အမြတ်ထုတ်သည့်အုပ်ချုပ်မှုနှင့် အတင်းအဓမ္မ ခွဲခြားဆက်ဆံသော ဗဟိုချုပ်ကိုင်မှုတို့ကို ဆန့်ကျင်သည့် ပူးပေါင်းတိုက်ပွဲ၏ နောက်တဆင့် တိုးတက်မှုသာဖြစ်သည်။ SCEF သည် ဘုံတိုက်ပွဲအတွက် ပူးပေါင်းဆောင်ရွက်မှုကို နောက်တဆင့်သို့ ဆက်လက်မြှင့်တင်ခြင်း ဖြစ်သည်။ 

SCEF သည် သီးခြားအခြေအနေအရပ်တွင် ပေါ်ပေါက်လာသည်။ မြန်မာ့အိမ်နီးချင်းများနှင့် ဒေသတွင်း အဖွဲ့အစည်းများသည် စစ်အာဏာရှင်နှင့် တစတစ ပို၍နီးကပ်လာကြသည်၊ မြန်မာပြည်သူလူထုက ငြင်းပယ်ထားခဲ့ကြပြီး၊ ယခုလည်း ငြင်းပယ်နေကြဆဲ စစ်တပ်ကလုထုကို လွှမ်းထားသည့် နိုင်ငံရေးစနစ်ကို အသိမှတ်ပြုရင်း တဖက်တွင် တော်လှန်ရေးနှင့် လွတ်မြောက်ရေးအဖွဲ့များကို နှစ်ဖက်အရပ်စာချုပ်များထိုးလာရန်အတွက် အတင်းအဓမ္မ လုပ်ဆောင်လာကြသည်။

ထို့ကြောင့် SCEF သည် ဖက်ဒရယ်စနစ်၊ ပြည်သူများ၏ ဒီမိုကရေစီအလိုဆန္ဒနှင့် အရပ်သားအုပ်ချုပ်မှုအပေါ် အခြေမခံသည့် မည်သည့် “ဖြေရှင်းချက်” ကိုမဆို ပြတ်ပြတ်သားသား ငြင်းပယ်သည့် နိုင်ငံရေးလုပ်ရပ်တခု ဖြစ်သည်။ SCEF ကိုဖွဲ့စည်းခြင်းသည် နှစ်ဖက် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များမှတဆင့်ဖြေရှင်းသည့် “ဖြေရှင်းချက်”ကိုလက်ခံရန် ပြည်တွင်းပြည်ပက တော်လှန်ရေးအင်အားစုများအပေါ် အတင်းအဓမ္မပေးလာသည့် ဖိအားများကို စည်းလုံးညီညွတ်စွာ၊ ခိုင်မာစွာ ငြင်းပယ်ခြင်း ဖြစ်သည်။

အင်အားကြီးသော အိမ်နီးချင်းများရှေ့တွင် ယုံကြည်ချက်နှင့်ခံယူချက်အပေါ် ခိုင်မာစွာ ရပ်တည်ပြီး “ကျွန်ုပ်တို့ ညှိနှိုင်းရန် အသင့်ရှိပါသည်။ သို့သော် အတူတကွသာ ညှိနှိုင်းမည်၊ ကျွန်ုပ်တို့ အားလုံး သဘောတူထားသော မူများအပေါ် အခြေခံ၍သာ ညှိနှိုင်းမည်။ သင်တို့၏ ‘အပစ်အခတ်ရပ်စဲရေး’ သဘောတူညီချက်များမှတဆင့် တဖွဲ့ချင်းစီ စစ်တပ်လွှမ်းမိုးမှုအောက်သို့ ထပ်မံကျရောက်ရန် ကျွန်ုပ်တို့ အသင့်မရှိပါ” ဟု ပြောနိုင်ရန် ယုံကြည်မှု၊ နိုင်ငံရေးသတ္တိနှင့် သမိုင်းတွင်မည့် တာဝန်ယူစိတ် လိုအပ်သည်။

SCEF တွင် အရင်နှင့်မတူ အမှန်တကယ် အသစ်ဖြစ်သော အချက်များလည်း ရှိပါသည်။ SCEF သည် ယခင်ကတည်းက ရှိနေပြီးသော ဗမာနှင့် တိုင်းရင်းသားများ မဟာမိတ်ထဲသို့ အရေးကြီးသည့် အဖွဲ့အစည်းဆိုင်ရာတည်ဆောက်မှုနှင့် အာဏာခွဲဝေမှု အဆင့်တခုအဖြစ် ပုံဖော်ဖန်တီး ယူဆောင်လာသည်။ ထိုအဆင့်သည် ယခင်က မရှိသေးပါ။ 

ဤအချက်များ အဘယ်ကြောင့်အရေးကြီးသည်၊ အဘယ်ကြောင့်လိုအပ်သည် စသည်တို့ကို နားလည်ရန် ၂၀၂၁ စစ်အာဏာသိမ်းရန် ကြိုးပမ်းမှုမှစ၍ နောက်ဆုံး ၅ နှစ်အတွင်း မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော ကြီးမားသည့် နိုင်ငံရေးပြောင်းလဲမှု (နိုင်ငံရေးမြေငလျင်) ကို နားလည်ရန် လိုအပ်သည်။ 

သူရဲကောင်းဆန်ပြီး ခိုင်ခိုင်မာမာ ပြတ်ပြတ်သားသား စိတ်ပိုင်းဖြတ်ထားသည့် လွတ်မြောက်ရေးတိုက်ပွဲ ၅ နှစ် အပြီး ယခုမြန်မာနိုင်ငံတွင် နိုင်ငံရေးပထဝီအသစ်တခု ဖြစ်ပေါ်လာသည်။ ဖြစ်ပေါ်လာသောအရာမှာ တိုင်းရင်းသားနိုင်ငံတခုကဲ့သို့သော အမျိုးသားပြည်နယ်များ၏ နိုင်ငံရေးမွေးဖွားမှု ဖြစ်သည်။ အချို့၊ အားလုံးတော့ မဟုတ်ပါ။ ဤ ပရိုတိုနိုင်ငံ (နိုင်ငံတခုကဲ့သို့သော အမျိုးသားပြည်နယ်များ) သည် မပြီးစီးသေးသော စီမံကိန်းများ ဖြစ်နေဆဲဖြစ်သည်။ ဆက်လက်အောင်မြင်ရန် တည်ဆောက်ရမည့်အရာများ များစွာကျန်နေသေး သည်။ သို့သော် ၎င်းတို့သည် နိုင်ငံရေးအမှန်တရားအသစ်တခုဖြစ်ပြီး နောက်ပြန်လှည့်၍ မရတော့သည့် အရှိတရားတခု ဖြစ်သည်။

ဤအရှိတရားအသစ်ကို နောက်ပြန်လှည့်နိုင်သည့် နည်းလမ်း တခုတည်းသာရှိသည်။ ၎င်းမှာ သီရိလင်္ကာတွင် တမီလ်တိုက်ဂါးများကို လူမျိုးတုံးသတ်ဖြတ်မှုနှင့် ကြီးမားသော အစုလိုက် အပြုံလိုက် ရက်စက်ကြမ်းကြုတ် သတ်ဖြတ်မှုများဖြင့် ရှုံးနိမ့်စေခဲ့သည့် ပုံစံမျိုးဖြစ်သည်။ မြန်မာနိုင်ငံ၏ အခြေအနေတွင်မူ နေပြည်တော်ရှိ ဗဟိုအာဏာသည် ထိုရာဇဝတ်မှုဆန်ပြီး လူမျိုးတုံးသတ်ဖြတ်မှုဆန်သော လုပ်ရပ်ကို အကြိမ်များစွာ ထပ်ခါထပ်ခါ လုပ်ဆောင်ရမည် ဖြစ်သည်။ ရခိုင်၊ ချင်း၊ ကချင်၊ တအာင်း၊ ကရင်နီ၊ ကရင်နှင့် တခြားသူများအပေါ် တခါစီ လုပ်ဆောင်ရမည်ဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံသည် ကျွန်းနိုင်ငံမဟုတ်ဘဲ ဖြတ်ကျော်နိုင်သော နယ်စပ်များဖြင့် ဝန်းရံထားသည့် နိုင်ငံဖြစ်သောကြောင့် အလွန်စိတ်ပျက်စရာကောင်းသော အခြေအနေတွင် ထွက်ပြေးလာမည့် အရပ်သား သိန်းပေါင်းများစွာကို လက်ခံရမည့်နိုင်ငံသည် ဘင်္ဂလားဒေ့ရှ်တနိုင်ငံတည်း ဖြစ်မည်မဟုတ်ပေ။ ထို့ကြောင့် အိမ်နီးချင်းများက ထိုအရာ ဖြစ်ခွင့်ပေးမည် မဟုတ်ပေ။ ထိုကြောင့်ပင် ဤပြောင်းလဲမှုကို နောက်ပြန်လှည့်၍ မရတော့သည့် ပြောင်းလဲမှုဟု ကျနော်ဆိုခြင်း ဖြစ်သည်။

ဤနိုင်ငံရေးပထဝီအသစ်နှင့်အတူ နွေဦးတော်လှန်ရေး၏ အစောပိုင်း နိုင်ငံရေ ဦးဆောင်အဖွဲ့အစည်းများ ဖြစ်ကြသည့် NUG၊ CRPH နှင့် NUCC တို့သည် အဆိုပါ နိုင်ငံရေးအရှိတရားအသစ်ကို မိမိတို့ နဂိုရှိရင်းစွဲပုံစံထဲတွင် ထည့်သွင်းနိုင်စွမ်း မရှိတော့ပေ။

SCEF သည် ပေါ်ထွန်းလာမည့် ဖက်ဒရယ်စနစ်အစစ်၊ စစ်မှန်သော အာဏာခွဲဝေမှုအစစ်နှင့် အခုပေါ်ပေါက်လာသည့် နိုင်ငံရေးအရှိတရားကို လက်ခံနိုင်ပြီး အဖွဲ့အစည်းဆန်သည် ပူးပေါင်းဆောင်ရွက်မှုကို လက်ခံနိုင်သည်။ အရေးပေါ် ပူးပေါင်းဆောင်ရွက်မှုများနှင့် အပေးအယူဆန်သည့် ပူးပေါင်းဆောင်ရွက်မှုများကို နေ့စဥ်ပုံမှန်လုပ်ဆောင်ရသည့် လုပ်ငန်းစဉ် အဖြစ် ပုံပေါ်လာမည်ဖြစ်သည်။ 

မြန်မာ့နွေဦးတော်လှန်ရေးနှင့် လွတ်မြောက်ရေးတိုက်ပွဲသည် လွတ်မြောက်နယ်မြေများနှင့် ပေါ်ထွက်လာနေသော တိုင်းရင်းသား ပရိုတိုနိုင်ငံ (နိုင်ငံတခုကဲ့သို့သော အမျိုးသားပြည်နယ်များ) အပေါ် ထိန်းချုပ်ထားကြောင်း တရားဝင်အစိုးရဖြစ်ကြောင်း ပြောဆိုနေရုံဖြင့် မရပေ။ ပြောတော့ပြောရမည်။ တချိန်တည်းတွင် လွတ်မြောက် နယ်မြေများအတွက် တာဝန်ခံရမည်။ သို့သော် တချိန်တည်းမှာပင် ဗဟိုနှင့် မြန်မာနိုင်ငံတော်တခုလုံးကို ကိုယ်စားပြုကြောင်းလည်း ပြောဆိုရမည်။ ဗဟိုနှင့် ပြည်ထောင်စုကို စစ်အုပ်စုနှင့် မင်းအောင်လှိုင်က သိမ်းပိုက်ထားခွင့် မပေးသင့်ပေ။ ထို့နောက် မင်းအောင်လှိုင်က နိုင်ငံတကာအသိအမှတ်ပြုနှင့် နိုင်ငံတော်၏ အပြည့်အဝအာဏာကို အသုံးပြုကာ လွတ်မြောက်နယ်မြေများနှင့် ပေါ်ထွက်လာနေသော တိုင်းရင်းသား အမျိုးသားပြည်နယ်များကို ဆန့်ကျင်တိုက်ခိုက်ခွင့် မပေးသင့်မပေးသင့်ပေ။ NUG နှင့် CRPH တခုတည်းသည် ဗဟိုအပေါ်နှင့် မြန်မာနိုင်ငံတခုလုံးအပေါ် တရားဝင်မှုကို ယုံကြည်စိတ်ချရစွာ တောင်းဆိုရန် မလုံလောက်တော့ပေ။

ထို့ကြောင့် ပြည်သူများထံမှ ပေါ်ထွက်လာပြီး ပြည်သူများအတွက် ရပ်တည်သော အပြည့်အဝ တရားဝင်မှုရှိသည့် အဖွဲ့အစည်းဆိုင်ရာ၊ အာဏာခွဲဝေသည့်၊ ဖက်ဒရယ်ဆန်သော ဖွဲ့စည်းပုံအဖြစ် SCEF ကို ဖွဲ့စည်းရန် လိုအပ်ခဲ့ခြင်း ဖြစ်သည်။

နိဂုံး — ခန့်မှန်းချက် ၂ ခုနှင့် အကြံပြုချက် ၂ ခု 

နိဂုံးချုပ်အနေဖြင့် သံတမန်များနှင့် သက်ဆိုင်သည့်နိုင်ငံများကို အဓိကရည်ရွယ်သည့် ခန့်မှန်းချက် ၂ ခုနှင့် မြန်မာတော်လှန်ရေးသက်ဆိုင်သူများအတွက် အဓိကရည်ရွယ်သည့် အကြံပြုချက် ၂ ခုကို ဖော်ပြလိုပါသည်။

ပထမခန့်မှန်းချက်မှာ အိမ်နီးချင်းများ၏ မှားယွင်းသော ရွေးချယ်မှုများသည် စစ်ပွဲကို ရှည်ကြာစေပြီး မြန်မာနိုင်ငံ၏ အကျပ်အတည်းကို ပိုမိုနက်ရှိုင်းစေမည်။

ဒုတိယ ခန့်မှန်းချက်မှာ စစ်အာဏာသိမ်းပြီးနောက် အကျပ်အတည်းမှ ထွက်ပေါက်အဖြစ် လက်ရှိ လောင်းကြေးထပ်နေသော အဆင့် ၃ ဆင့် မဟာဗျူဟာသည် မည်သည့်အခါမျှ အောင်မြင်မည်မဟုတ်ပေ။ ထိုအဆင့် ၃ ဆင့် လောင်းကြေးမှာ 

(၁) မင်းအောင်လှိုင်နှင့် ဗမာအဓိကနယ်မြေများအပေါ် စစ်အာဏာရှင် ထိန်းချုပ်မှုကို ပုံမှန်ဖြစ်စေရန်၊

(၂) ERO များကို ဖိအားနှင့် ဆွဲဆောင်မှုများဖြင့် ညှိနှိုင်းထားသော ပျော့ပျောင်းသည့် အညံ့ခံမှုဆီ တွန်းပို့ရန်နှင့် 

(၃) ဗမာတော်လှန်ရေးကို ရှုံးနိမ့်ငြိမ်သက်သွားအောင် လုပ်ရမည့်အရာသည် အနာဂတ် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် မလွဲမသွေ ပေးဆပ်ရမည့်အရာအဖြစ် လက်ခံထားရန် ဖြစ်သည်။ ဤ အကြံအစည်သည် မည်သည့်အခါမျှအောင်မြင်မည် မဟုတ်ပေ။

မြန်မာမိတ်ဆွေများအတွက် ကျနော်၏ ပထမအကြံပြုချက်မှာ ဤသို့ဖြစ်သည်။ ဗမာနှင့် တိုင်းရင်းသားများ ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ်ကို မစွန့်လွှတ်ပါနှင့်။ ယုံကြည်ပါ။ ရင်းနှီးမြှုပ်နှံပါ။ တည်ဆောက်ပါ။ ဤမဟာမိတ် ပျက်စီးသွားပါက စစ်တပ်-ဗမာနှင့် အစွန်းရောက်ဗုဒ္ဓဘာသာ ရောစပ်ထားသည့် နာဇီဝါဒအစစ်၏ ပြန်လည်လက်စားချေလိုမည့် နာရီလက်တံသို့ ဦးတည်လာမည်ဖြစ်သည်။ စစ်တပ်-ဗမာနှင့်အစွန်းရောက် ဗုဒ္ဓဘာသာ ရောစပ်ထားသည့် နာဇီဝါဒမိစ္ဆာတကောင်ကို လွတ်မြောက်ပြီးသား တိုင်းရင်းသားနယ်မြေ တခုချင်းစီက ခံနိုင်ရည်ရှိကာ ကာကွယ်နိုင်မည် မဟုတ်ပေ။

ဒုတိယအကြံပြုချက်မှာ လူမျိုးဗဟိုပြုအခြေခံမူနှင့် ပတ်သက်၍ သတိရှိရန် ဖြစ်သည်။ အနာဂတ် မြန်မာနိုင်ငံရှိ ဖက်ဒရယ်ယူနစ်အချို့သည် တိုင်းရင်းသား အမျိုးသားအခြေခံသည့်ပြည်နယ်များ ဖြစ်နိုင်ပြီး ဖြစ်သင့်ပါသည်။ သို့သော် မြန်မာနိုင်ငံတခုလုံးကို လူမျိုးအခြေခံသည့်ဗဟိုပြု အခြေခံမူတခုတည်းပေါ်တွင်သာ တည်ဆောက်၍ မရပါ။ နိုင်ငံသည် အလွန်ကွဲပြားစုံလင်ပြီး လူဦးရေမှာလည်း အလွန်ရောနှောနေသောကြောင့် ဖြစ်သည်။

အနာဂတ်မြန်မာနိုင်ငံသည် အမျိုးသားဗဟိုပြု ဖက်ဒရယ်ယူနစ်များနှင့် နယ်မြေဗဟိုပြု ဖက်ဒရယ်ယူနစ်များကို ပေါင်းစပ်ထားသော အလျော့အတင်းပါဝင်သည့် မျိုးစပ်ဖက်ဒရယ်ပုံစံခု လိုအပ်ပါ လိမ့်မည်။ ထိုပုံစံသည် အရေးကြီးလှသော မူလေးချက်ကို သေချာစွာ ဟန်ချက်ညီစေရ မည်။ 

ပထမအချက်အနေဖြင့် စုပေါင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုင်ရာ တောင်းဆိုချက်များကို ဖြည့်ဆည်းပေးရမည်။ ဒုတိယအချက်အနေဖြင့် ဒီမိုကရေစီအများစု၏ ဆန္ဒကို အလွန်အကျွံ မကန့်သတ်ရပါ။ တတိယအချက်အနေဖြင့် တဦးချင်းအခွင့်အရေးများနှင့် လူနည်းစုအခွင့်အရေးများကို ကာကွယ်သော ခိုင်မာသည့် ဥပဒေများနှင့် အဖွဲ့အစည်းများ ရှိရမည်။ အကြောင်းမှာ မြန်မာနိုင်ငံ၏ နေရာတိုင်းတွင် တဦးချင်းအဖြစ် သို့မဟုတ် လူနည်းစုအဖွဲ့ဝင်အဖြစ် ခွဲခြားဆက်ဆံခံရနိုင်သူ တစုံတဦး အမြဲရှိနေမည်ဖြစ်ပြီး၊ မြန်မာနိုင်ငံရှိ တိုင်းရင်းသားအုပ်စုတိုင်းတွင်လည်း အခြားအုပ်စုတခုက အများစုဖြစ်သော နယ်မြေများတွင် နေထိုင်နေသည့် ၎င်းတို့၏ မျိုးနွယ်တူများ အမြဲရှိနေမည်ဖြစ်သောကြောင့် ဖြစ်သည်။ နောက်ဆုံးအရေးကြီးသည့်အချက်မှာ ဆုံးဖြတ်ချက်များကို ချမှတ်နိုင်ပြီး ထိုဆုံးဖြတ်ချက်များကို အကောင်အထည်ဖော်နိုင်သည့် နိုင်ငံရေးစနစ်ဖြစ်ဖို့ လိုသည်။။ နိုင်ငံတော်အဆင့် (ပြည်ထောင်စုအဆင့်) တွင် ဆုံးဖြတ်ချက်ချရာ၌ အမြဲတမ်းတစ်ဆို့နေသော အခြေအနေကို ရှောင်ရှားရမည်။ ယနေ့ကဲ့သို့ အန္တရာယ်များပြီးမတည်ငြိမ်သည့် ကမ္ဘာတွင်၊ ယနေ့ကဲ့သို့ အနှောင့်အယှက်ပြည့်နေသော ကမ္ဘာ့စီးပွားရေးအတွင်းတွင် မြန်မာနိုင်ငံသည် ဆုံးဖြတ်ချက် ချနိုင်ပြီး အကောင်အထည်ဖော်နိုင်သည့် လုပ်ဆောင်နိုင်စွမ်းရှိသော ဗဟိုနိုင်ငံတော်တခုကို လိုအပ်မည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ အိမ်နီးချင်းများသည် မှားယွင်းသော “ပြန်လည်စတင်မှု” တခုအပေါ် လောင်းကြေး ထပ်နေကြသည်။ စစ်ပွဲမှ ထွက်ပေါက်အဖြစ် လက်တွေ့ကျသော တခုတည်းသောလမ်းမှာ အရပ်သားအုပ်ချုပ်ရေးနှင့် ဗမာ-တိုင်းရင်းသား ပူးပေါင်းဆောင်ရွက်မှုအပေါ်  အခြေခံသည့် ဖက်ဒရယ်ဒီမိုကရေစီ မဟာမိတ် ဖြစ်သည်။

အီဂေါ ဘလာဇီဗစ်

(Prague Civil Society Centre &  Educational Initiatives Myanmar)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013