
ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက် တောဆီးနွယ်ပင် ဆေးဖက်ဝင် အကြောင်းကို လက်လှမ်းမီဆေးပညာမှ ရေးသားဖော်ပြသွားမှာ ဖြစ်ပါတယ်။
တောဆီးနွယ်ပင်ကို သိပ္ပံလို Ziziphus oenoplia လို့ခေါ်ပြီး အင်္ဂလိပ်လို the jackal jujube, small-fruited jujube, wild jujube လို့ ခေါ်ကြပါတယ်။ မြန်မာလိုတော့ ကုလမဆီးခြုံပင်၊ ဘောင်မဲ့ပင်၊ ဘောင်ဘဲ့ပင်၊ ဆူးခလောက်၊ ဆီးခလောက်၊ ဇီးသီးမြောက် စသဖြင့် အမျိုးမျိုး ခေါ်ကြပါတယ်။
တောဆီးနွယ်ပင်မှာ ကစီဓာတ်၊ ပရိုတိန်းစတဲ့ အာဟာရဓာတ်တွေနဲ့ alkaloid, phenolic, tannin, saponin, glycoside, flavonoid, terpenoid, quercetin, steroid, quinone, amino acid, quinic acid, betulinic acid စတဲ့ ကျန်းမာရေးအကျိုးပြု ဓာတုဓာတ်ပေါင်းတွေ ပါဝင်ပြီး ဓာတ်တိုးဆန့်ကျင်ခြင်း၊ ရောင်ရမ်းမှုကို ဆန့်ကျင်ခြင်း၊ ပိုးသတ်ဆေးအာနိသင်ရှိခြင်း၊ အစာခြေစနစ်ကို ကူညီပေးခြင်း၊ သန်ကောင်တွေကို ဖယ်ရှားပေးခြင်း၊ အသည်းကိုကာကွယ်ခြင်း၊ သွေးတွင်းသကြားဓာတ်ကို လျှော့ချပေးခြင်း၊ သွေးတွင်းအဆီဓာတ်ကို လျှော့ချပေးခြင်း၊ ကိုယ်ခံအားစနစ်ကို ထိန်းညှိပေးခြင်း၊ ဆီးသွားစေခြင်း၊ အနာကျက်စေခြင်း စတဲ့ အစွမ်းအာနိသင် ရှိပါတယ်။
ဆေးဖက်ဆိုင်ရာမှာ တောဆီးနွယ်ပင်ရဲ့ အရွက်၊ အမြစ်၊ ပင်စည်အခေါက်၊ အသီး တို့ကို သုံးစွဲကြပါတယ်။
အစာအိမ်အနာဖြစ်ခြင်းအတွက် အခေါက်ပြုတ်ရည် ရေနွေးကြမ်းပန်းကန်တဝက်ကို တနေ့ ၂ ကြိမ် သောက်သုံးပေးနိုင်ပါတယ်။
သန်ကောင်/တုတ်ကောင် ပိုးဝင်ခြင်းတို့အတွက် အမြစ်သွေးရည် ကော်ဖီ ၂ ဇွန်းကို ပျားရည် ကော်ဖီ ၁ ဇွန်းနဲ့ တနေ့ ၂ ကြိမ် ၃ ရက်ခန့် တိုက်ကျွေးပေးနိုင်ပါတယ်။
အစာအိမ် အက်ဆစ်ဓာတ်လွန်ကဲခြင်းအတွက် အမြစ်သွေးရည် ဟင်းစားဇွန်း ၁ ဇွန်းကို တနေ့ ၂ ကြိမ် သောက်ပေးနိုင်ပါတယ်။
အမြစ်သွေးရည်ကို ပြတ်ရှဒဏ်ရာတွေနဲ့ အနာတွေမှာ လိမ်းပေးခြင်းဖြင့် အနာကျက်မြန်စေပါတယ်။
အမြစ်အခေါက် ပြုတ်ရည်ကို ဒဏ်ရာများမှာ ဖန်ဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။ အမြစ်အခေါက်ကို ထုထောင်းပြီး အနှစ်ကို အနာဟောင်း/အနာဆိုးများမှာ အုံပေးနိုင်ပါတယ်။
ဗိုက်နာခြင်းအတွက် အစေ့မှုန့် ကော်ဖီ ၁ ဇွန်းကို ရေနွေးနဲ့ သောက်ပေးနိုင်ပါတယ်။ အသီးမှည့်ပြုတ်ရည် သောက်ပေးခြင်းဖြင့် အစာအိမ်အားကောင်းစေပြီး အစာမကြေရောဂါကို သက်သာစေပါတယ်။
ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ဝမ်းကိုက်ရောဂါတွေအတွက် အမြစ်ပြုတ်ရည်ကျကျ ရေနွေးကြမ်းပန်းကန် တဝက်ကို တနေ့ ၂-၃ ကြိမ် သောက်သုံးပေးနိုင်ပါတယ်။
အပင်အခေါက်မှာ ပါဝင်တဲ့ saponin ဓာတ်ပေါင်းဟာ ချွဲထုတ်ပေးခြင်း၊ လေပြွန်ကျယ်စေခြင်း စတဲ့ အာနိသင် ရှိတာကြောင့် နာတာရှည် လေပြွန်ရောင်ရမ်းခြင်းနဲ့ ပန်းနာရင်ကျပ်ရောဂါမှာ အခေါက်မှုန့် ကော်ဖီ ၁ ဇွန်းကို ရှောက်ရည်ကော်ဖီ ၁ ဇွန်း၊ ပျားရည် ကော်ဖီ ၁ ဇွန်းတို့နဲ့ ရောစပ်ပြီး တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။
အဆစ်အမြစ် ရောင်ရမ်းနာကျင်တာတွေအတွက် အခေါက်ပြုတ်ရည် ရေနွေးကြမ်းပန်းကန် တဝက်ကို တနေ့ ၂ ကြိမ် အစာစားပြီးနောက် သောက်သုံးပေးနိုင်ပါတယ်။
အရွက်မှာ ဝမ်းပျော့ဆေးအာနိသင် ရှိတာကြောင့် အရွက်ပြုတ်ရည် ရေနွေးကြမ်းပန်းကန် တဝက်ကို သောက်ပေးခြင်းဖြင့် ဝမ်းပျော့/ဝမ်းမှန်စေပါတယ်။
အရွက်ကို ကြိတ်ခြေထားတဲ့ ဆေးရည်/ဆေးနှစ် တို့ကို နှင်းခူနာ၊ အရေပြားပွန်းပဲ့ရှနာတွေနဲ့ အသေးစား မီးလောင်ဒဏ်ရာများမှာ လိမ်းပေးခြင်းဖြင့် သက်သာစေပါတယ်။
အခေါက်ဟာ သွေးတွင်းသကြားဓာတ်ကို လျှော့ချပေးတဲ့ အာနိသင် ရှိတာကြောင့် ဆီးချိုရောဂါအတွက် အခေါက်ပြုတ်ရည်ကျကျ ရေနွေးကြမ်းပန်းကန်တဝက်ကို သွေးတွင်း သကြားဓာတ် အနိမ့်အမြင့်ပေါ်မူတည်ပြီး တနေ့ ၂-၃ ကြိမ် သောက်သုံးပေးနိုင်ပါတယ်။
အခေါက်ဟာ သွေးတွင်းအဆီဓာတ်ကို လျှော့ချပေးတဲ့ အာနိသင် ရှိတာကြောင့် သွေးတိုးရောဂါအတွက် အခေါက်ပြုတ်ရည်ကျကျ ရေနွေးကြမ်းပန်းကန် တဝက်ကို တနေ့ ၁-၂ ကြိမ် သောက်သုံးပေးနိုင်ပါတယ်။
အသည်းရောင်ခြင်းနဲ့ အသည်းထိခိုက်ခြင်းတွေမှာ အမြစ်ပြုတ်ရည် ရေနွေးကြမ်းပန်းကန် တဝက်ကို တနေ့ ၂-၃ ကြိမ် သောက်သုံးပေးနိုင်ပါတယ်။
တောဆီးနွယ်ပင်ကို အသင့်အတင့် သုံးစွဲခြင်းက ထူးခြားတဲ့ ဘေးထွက်ဆိုးကျိုး မရှိပေမဲ့ အလွန်အကျွံ သုံးစွဲခြင်းကြောင့် ပျို့အန်ခြင်း၊ ဗိုက်နာခြင်း၊ ဝမ်းပျက်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ တောဆီးနွယ်သီးနဲ့ ဓာတ်မတည့်သူများ တောဆီးနွယ်ပင်ထွက် ပစ္စည်းတွေကို ရှောင်ကြဉ်သင့်ပါတယ်။
နွေဦးပြည်သူတွေ တောဆီးနွယ်ပင်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေကို သိရှိပြီး လိုအပ်သလို ရယူသုံးစွဲနိုင်ဖို့ ရေးသားဖော်ပြလိုက်ပါတယ်။











