
ရခိုင်ပြည်နယ်မှာ သက်ငယ်မုဒိမ်းမှုဖြစ်စဉ်တွေ ခပ်စိပ်စိပ်တွေ့လာနေရပြီး အာရက္ခတပ်တော် (AA) အနေနဲ့ ထိရောက်တဲ့ အရေးယူမှုတွေ လုပ်ဆောင်ပေးဖို့လိုအပ်တယ်လို့ ရခိုင်က လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက တိုက်တွန်း ပြောပါတယ်။
အခုမတ်လထဲမှာပဲ ရခိုင်မှာ သက်ငယ်မုဒိမ်းမှု ကျူးလွန်ခံရသူ အနည်းဆုံး ၆ ယောက်ထက်မနည်း ရှိလာပြီး ဒီဖြစ်ရပ်တွေကို AA ရဲ့ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးဌာန (DLEPS) က ဖမ်းဆီး အရေးယူမှုတွေ ဆက်တိုက်ရှိလာတယ်လို့ ဒေသခံတွေနဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေဆီက သိရပါတယ်။
ဒါပေမဲ့ ဒေသခံတွေကြားမှာတော့ စိုးရိမ်ထိတ်လန့်မှုတွေ မြင့်တက်နေပြီး မုဒိမ်းမှု ကျူးလွန်တဲ့ ကိစ္စရပ်တွေကို နောက်ထပ်မဖြစ်ပေါ်လာရဲအောင် ထိထိရောက်ရောက် အရေးယူမှုတွေကို လုပ်ဆောင်သင့်တယ်လို့ ရခိုင်က တက်ကြွလှုပ်ရှားသူ အမျိုးသမီးတွေက တောင်းဆိုပါတယ်။
ရခိုင်ဒေသမှာ အရင်က မုဒိမ်းမှုဖြစ်ပွားရင် အရှက်ရမှာကို စိုးရိမ်ပြီး ဖုံးကွယ်ထားလေ့ ရှိပေမဲ့ လက်ရှိမှာတော့ ပိုပြီးပွင့်လင်းမြင်သာစွာချပြမှုတွေရှိလာတယ်လို့ဆိုပါတယ်။ တဘက်မှာလည်း AA အနေနဲ့ ထိရောက်တဲ့ တရားစီရင်မှုတွေ လုပ်ဖို့ လိုတယ်လို့လည်း မြောက်ဦးဒေသခံ တက်ကြွလှုပ်ရှားသူ လူငယ်အမျိုးသမီးတယောက်က ပြောပါတယ်။
“မုဒိမ်းမှုတွေက အရင် စကစ လက်ထက်ကတည်းက ရှိတာပါ၊ ကျမတို့ ရခိုင်တွေက မုဒိမ်းမှုဖြစ်ပြီးလို့ လူသိရှင်ကြား ပြောလိုက်ရင် အရှက်ကွဲမယ်ဆိုတဲ့ အသိကို လက်ကိုင်ထားတယ်၊ အဲဒါရဲ့ ဆိုးကျိုးက ရာဇဝတ်ကောင်ကို ပိုလုပ်ခွင့်ပေးပြီး ပိုတိုးလာအောင်လုပ်နေတဲ့ သက်ရောက်မှုဖြစ်သွားတယ်။ အခုလက်ရှိ ULA/AAအုပ်ချုပ်ရေးမှူးတွေအောက်မှာ ရခိုင်ကို ရခိုင်က အုပ်ချုပ်လာတော့ ပိုပြီး ပွင့်လင်းလာတာနဲ့ ဖြစ်စဉ်တွေကို ချပြလာကြတာကို မြင်ရတယ်။ ဒါဟာ ကောင်းတဲ့လက္ခဏာပဲ၊ ဒါပေမဲ့ တရားစီရင်ရေးဘက်ကို သွားကြည့်ရင် ရှင်းလင်းပြတ်သားတဲ့ ဥပဒေတွေကို မလုပ်ခဲ့၊ ပြတ်သားစွာ ထိရောက်ကိုင်တွယ်ဖြေရှင်းမှုတွေကို ပြည်သူတွေကို ချပြမှု မလုပ်ခဲ့တာ တွေ့ရပါတယ်။ နောက်လူတွေ ထပ်မလုပ်ရဲလောက်အောင် ရှင်းလင်းပြတ်သားတဲ့ အရေးယူ ဆောင်ရွက်မှုကို ချစေချင်ပါတယ်၊ နောက် ကျူးလွန်သူတွေ ထပ်ပြီးအခွင့်အရေး မရအောင်ပေါ့လေ။”
AA ရဲ့ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးဌာန (DLEPS) က ရခိုင်ဒေသအတွင်း အသက် ၁၂ နှစ်အောက် မိန်းကလေးငယ်တွေကို မုဒိမ်းမှု ကျူးလွန်ရင် ရာဇသတ်ကြီးပုဒ်မ ၃၇၆ (၃) အရ ထောင်ဒဏ် တသက်ဖြစ်စေ၊ ထောင်ဒဏ် နှစ် ၂၀ ဖြစ်စေ ချမှတ်သွားမယ်လို့ မတ် ၂၂ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
အလားတူ မုဒိမ်းမှု ကျူးလွန်ဖို့ ကြံစည်အားထုတ်ရင်လည်း ရာဇသတ်ကြီးပုဒ်မ ၃၇၆/၅၁၁ အရ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ် အထိ အများဆုံးချမှတ်သွားမယ်လို့ ဆိုထားပါတယ်။
နောက်ထပ် လူမှုရေးတက်ကြွလှုပ်ရှားသူ အမျိုးသမီးတယောက်ကလည်း ကျူးလွန်သူတွေကို ဘက်မလိုက်ဘဲ တခြားသူတွေ ထပ်မလုပ်ရဲအောင် အပြင်းထန်ဆုံး ပြစ်ဒဏ်ချမှတ်သင့်တယ်လို့ တိုက်တွန်းပြောဆိုထားပါတယ်။
တက်ကြွလှုပ်ရှားသူအမျိုးသမီးတယောက်က “သက်ငယ်မုဒိမ်းမှုတွေ ဆက်တိုက်ဖြစ်ပွားနေတဲ့အပေါ်မှာ အမျိုးသမီးတယောက်အနေနဲ့ အလွန်စိတ်ထိခိုက်ရပါတယ်။ မကျေမချမ်း ဖြစ်ရပါတယ်။ သက်ငယ်မုဒိမ်းမှု ကျူးလွန်သူတွေကို အပြင်းထန်ဆုံးနဲ့ အလွန်တရာ ကြောက်ရွံ့သွားစေနိုင်မဲ့ နောင်တခြားသူတွေ မလုပ်ဝံ့နိုင်လောက်တဲ့ ပြစ်ဒဏ်မျိုးကို ပေးကိုပေးရမယ်။ ဒီမှုခင်းတွေကို အလေးထားပြီး ဘက်မလိုက်ဘဲ စုံစမ်းဖော်ထုတ်ပြီး အမြန်ဆုံးဖြေရှင်းပြီးတော့ ပြစ်ဒဏ်ကို ချမှတ်သင့်တယ်”လို့ ပြောပါတယ်။
မုဒိမ်းမှုကျုးလွန်ခံရသူမှာ တသက်တာ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေရှိနေနိုင်ပြီး ပတ်ဝန်းကျင် အသိုက်အဝန်းရဲ့ ဖေးမပံ့ပိုးကူညီမှုတွေက သူတို့ဘဝရှင်သန်ရပ်တည်နိုင်ရေးကို အများကြီးမူတည် နေပါတယ်။
တဘက်မှာလည်း ကျူးလွန်သူကို ပြင်းထန်စွာအရေးယူသင့်သလို လိင်ပိုင်းဆိုင်ရာ အသိပညာပေးရေး လုပ်ငန်းစဉ်တွေကိုလည်း ထိရောက်စွာလုပ်ဆောင်သင့်တယ်လို့ ထောက်ပြမှုတွေလည်း ရှိနေပါတယ်။
လူငယ်အမျိုးသမီးတယောက်က “အဲဒီမိန်းကလေးရဲ့ ကြီးပြင်းလာတဲ့ ပတ်ဝန်းကျင် အထူးသဖြင့် မိဘ ညီအစ်ကိုမောင်နှမအသိုက်အဝန်းကြားမှာ သူ့ကို ဘယ်လိုဆက်ဆံကြသလဲ၊ ဘယ်လိုမြင်ကြသလဲ၊ သူ့အပေါ်မှာ ဘယ်လိုကူညီပေးကြလဲဆိုတာက အဲဒီမိန်းကလေးရဲ့ ဘဝတသက်တာကို ဖြတ်သန်းတဲ့အချိန်မှာ အများကြီးသက်ရောက်မှုရှိပါတယ်။ အဓိကက ကျုးလွန်ခံရပြီဆိုရင် နစ်နာသူကို ပတ်ဝန်းကျင်က (Victim Blaming) မလုပ်ဖို့လိုအပ်ပါတယ်။ ဒါကြောင့် ဖြစ်လာခဲ့ရင် အသက်အရွယ်အလိုက် နားလည်နိုင်တဲ့ စကားလုံးတွေ၊ အပြုအမှုတွေ၊ အသိပညာပေးမှုတွေနဲ့ ကျူးလွန်ခံရတဲ့ မိန်းကလေးငယ်ကို စိတ်ပိုင်းဆိုင်ရာအရ အားပေးကြဖို့၊ ဖေးမကူညီကြဖို့၊ တူတူစောင့်ရှောက်ပေးပြီး ကျော်လွှားနိုင်ကြဖို့အတွက် အသိပညာပေးမှု ကောင်းကောင်းလိုအပ်ပါတယ်”လို့ ပြောပါတယ်။
လက်ရှိမှာ ရခိုင်ဒေသအတွင်း အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး ယန္တရားတွေကို ULA/AA က အရှိန်မြှင့်တိုး မြှင့်လုပ်ဆောင်နေပေမဲ့လည်း အခုလို သက်ငယ်မုဒိမ်းမှုတွေ ဆက်တိုက်ဖြစ်ပွားနေတာဟာ ULA/AA တရားစီရင်ရေးအပိုင်းမှာအားနည်းချက်တွေ ရှိနေဆဲပါလို့ ထောက်ပြမှုတွေလည်း ရှိနေပါတယ်။
ကေခိုင်










