ဗင်နီဇွဲလားနိုင်ငံမှာ ဒေသစံတော်ချိန် ဇွန် ၂၄ ရက် ညနေ ၆ နာရီကျော် (မြန်မာစံတော်ချိန် ဇွန် ၂၅ ရက်မနက်ပိုင်းမှာ) အင်အားပြင်း ငလျင်ကြီး ၂ ခု ဆက်တိုက် လှုပ်ခတ်ခဲ့လို့ မြို့တော် ကရာကတ်စ်က အဆောက်အအုံတွေ ပြိုကျခဲ့ပါတယ်။
အမေရိကန်ဘူမိတိုင်းတာရေး (USGS) ရဲ့ အဆိုအရ ပထမငလျင်ဟာ အင်အား ၇ ဒသမ ၁ ရှိပြီး မြို့တော်အနောက်ဘက် မိုင် ၁၀၀ ကျော်အကွာက မိုရွန်မြို့အနီး အနက် ၂၂ ကီလိုမီတာကို ဗဟိုပြု လှုပ်ခတ်ခဲ့တာပါ။
အဲဒီနောက် စက္ကန့်ပိုင်းအကြာမှာပဲ အင်အား ၇ ဒသမ ၅ ရှိတဲ့ ဒုတိယငလျင်ကြီးက အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး ထပ်မံ လှုပ်ခတ်ခဲ့ပါတယ်။
USGS ကတော့ ဒီငလျင်တွေဟာ နှစ်ပေါင်း ၁၀၀ ကျော်ကာလမှာ အပြင်းထန်ဆုံးဖြစ်ပြီး သေဆုံးသူဦးရေဟာ ၁၀,၀၀၀ ကနေ တသိန်း အထိတောင် ရှိနိုင်တယ်လို့ ကနဦး ခန့်မှန်းထားပါတယ်။
မြို့တော်ကရာကတ်စ်က လူစည်ကားတဲ့ ရပ်ကွက် ၂ ခုမှာ အဆောက်အအုံတွေနဲ့ နံရံတွေ ပြိုကျခဲ့လို့ ဖုန်လုံးကြီးတွေ ထနေတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။
အထိတ်တလန့်ဖြစ်နေတဲ့ ပြည်သူတွေဟာ ယိမ်းယိုင်နေတဲ့ နေအိမ်တွေထဲကနေ ထွက်ပြေးခဲ့ကြပြီး ညဘက်ရောက်တဲ့အထိ အိမ်မွေးတိရစ္ဆာန်လေးတွေကိုပိုက်လို့ လမ်းတွေပေါ်မှာပဲ ဆက်နေခဲ့ကြပါတယ်။
ကယ်ဆယ်ရေးလုပ်သားတွေဟာလည်း ပြိုကျနေတဲ့ အဆောက်အအုံတွေအောက်မှာ ပိတ်မိနေသူတွေကို အပူတပြင်း ရှာဖွေနေကြပါတယ်။











