DVB Logo
Home
မြန်မာသတင်း
သတင်းသမားများ အသက်အာမခံချက်မရှိကြောင်း ရခိုင်အခြေစိုက် သတင်းအေဂျင်စီ ဆို
DVB
·
March 16, 2016
သတင်းသမားများ အသက်အာမခံချက်မရှိကြောင်း ရခိုင်အခြေစိုက် သတင်းအေဂျင်စီ ဆို
Donate to DVB

သတင်းသမားတွေရဲ့ အသက်အန္တရာယ်လုံခြုံမှုအတွက် အာမခံချက်မရှိဘူးလို့ ရခိုင်အခြေစိုက် သတင်း အေဂျင်စီ တစ်ခုဖြစ်တဲ့    RiA (Root Investigative Agency) က ထုတ်ပြန်ပါတယ်။

အင်အားကြီးသူတွေရဲ့ အကျိုးစီးပွားထိခိုက်စေတဲ့ သတင်းတွေ၊ ပဋိပက္ခဒေသတွေမှာ သတင်းယူနေကြရတဲ့ သတင်းသမားတွေဟာ သတင်းမီဒီယာလွတ်လပ်ခွင့်ကို မျှော်မှန်းခွင့် မရနိုင်သေးတဲ့အပြင် အကာအကွယ်မဲ့နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မတ်လ ၁၀ ရက်နေ့ ညပိုင်းမှာ အဲဒီအေဂျင်စီက အယ်ဒီတာချုပ်နဲ့ မိသားစု နေတဲ့အိမ်မှာ ဗုံးပေါက်ကွဲခဲ့တဲ့နောက် အခုလို ထုတ်ပြန်တာပါ။

RiA ဟာ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ တရားဝင် အသိအမှတ်ပြုထားတဲ့ သတင်းအေဂျင်စီဖြစ်ပြီး ရက္ခိုင့် တပ်မတော် (အေအေ) နဲ့ မြန်မာ့တပ်မတော်ကြား တိုက်ပွဲသတင်းတွေ၊ ရခိုင် အမျိုးသားပါတီခေါင်းဆောင်တွေ သဘောထား ကွဲလွဲတဲ့ သတင်းတွေကို ထုတ်လုပ်ခဲ့တဲ့ နောက်ပိုင်း တိုက်ခိုက်တာ အမျိုးမျိုးကို ကြုံခဲ့ရတယ်လို့ ဆိုပါတယ်။

ပေါက်ကွဲမှုမတိုင်ခင် ရက်ပေါင်း ၂၀ လောက်အလိုနဲ့  မပေါက်ကွဲခင်ညအထိ အဲဒီအိမ်ရဲ့ တည်နေရာနဲ့အတူ RiA  ရဲ့ အိမ်ဖြစ်တဲ့အကြောင်း လူမှုကွန်ရက်စာမျက်နှာတွေမှာ ဖော်ပြခဲ့ကြတယ်လို့ ဆိုပါတယ်။

ပြီးတော့ RiA ဟာ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဗိုလ်ချုပ် မောင်မောင်အုန်းရဲ့ တပည့်တွေ ဖြစ်တဲ့အကြောင်း၊ အိုအိုင်စီလို အဖွဲ့တွေက ငွေကြေး အထောက်အပံ့ယူတဲ့အကြောင်း၊ AA ရဲ့ တပ်မတော်သားတွေကို အာဏာပိုင်တွေက ဖမ်းဆီးနိုင်ဖို့ သတင်းပေးနေသူတွေ ဖြစ်တဲ့အကြောင်း၊ သူတို့ကို သုတ်သင်ရှင်းနိုင်သူကို ကျပ် သိန်း ၂၀ ကနေ ၃၀ အထိ ပေးမယ်ဆိုတဲ့ လှုံ့ဆော်တာတွေကို ဖေ့စ်ဘုတ်၊ ဗိုက်ဘာ ဂရုပ်တွေမှာ ရေးသားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ပေါက်ကွဲခဲ့တဲ့ ဗုံးဟာ အသံဗုံးပဲ ဖြစ်ပြီး ခြိမ်းခြောက်ဖို့ပဲ ဖြစ်တယ်လို့ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပေမယ့် ထိခိုက်မှုတွေအရတော့ လူသေစေနိုင်တယ်လို့လည်း RiA က ထုတ်ပြန်ပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး RiA ရဲ့ မိတ်ဖက် သတင်းဌာန တာချီလိတ် သတင်းအဂျင်စီက နိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေးကို ခြိမ်းခြောက်တာလို့ ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ရခိုင်ဂျာနယ်လစ်ကွန်ရက်ကလည်း မြန်မာနိုင်ငံ စာနယ်ဇင်းလောကတစ်ခုလုံးကို ခြိမ်းခြောက်တဲ့ လုပ်ရပ်လို့ ထုတ်ပြန်ပါတယ်။

ဒါနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံသတင်းမီဒီယာ အသီးသီးမှာ တာဝန်ထမ်းဆောင်နေကြတဲ့ သတင်းထောက်တွေရဲ့ လုံခြုံရေးကို အကာအကွယ်ပေးနိုင်ဖို့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီကို RiA သတင်းဌာနက တင်ပြတောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013