DVB Logo
Home
ဆောင်းပါး
တရားမဝင် သမ္မတတု မင်းအောင်လှိုင်ကို ဝိုင်းဝန်းဆန့်ကျင်ဖယ်ရှားကြ 
DVB
·
April 21, 2026
တရားမဝင် သမ္မတတု မင်းအောင်လှိုင်ကို ဝိုင်းဝန်းဆန့်ကျင်ဖယ်ရှားကြ 
Donate to DVB

သမ္မတရာထူးကနေ နုတ်ထွက်ပေးဖို့ မင်းအောင်လှိုင် ခြိမ်းခြောက်ခဲ့စဉ်က ပြတ်ပြတ်သားသား ငြင်းဆန်ကာ ထောင်ထဲသို့ ဝင်သွားခဲ့သလို အခု ထောင်ကနေ ပြန်လွှတ်ပေးမယ် ဆိုတော့လည်း မင်းအောင်လှိုင် အလိုကျ ခံဝန်ထိုး ထွက်မလာ။ ၅ နှစ်ကျော်ကြာပြီးမှ ပြန်တွေ့တဲ့ ပထမဆုံးနေ့မှာပဲ လက်သီးကိုကျစ်ကျစ်ပါ ဆုပ်ထားတဲ့ တော်လှန်သော သမ္မတကြီးအဖြစ် ပြန်မြင်ခဲ့ရတယ်။ 

ပုဒ်မ ၄၀၁ ကို လက်မှတ်ထိုးဖို့ သမ္မတကြီးဦးဝင်းမြင့်က ငြင်းဆိုခဲ့တယ်။ မင်းအောင်လှိုင် လက်မှတ်ထိုးခိုင်းတဲ့ ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) ဆိုတာက “နောက်တကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်”ဆိုသည့် စည်းကမ်း သတ်မှတ်ချက်။

သမ္မတကြီးဦးဝင်းမြင့်က သူဟာ ဥပဒေနဲ့မညီတာ ဘာမှလုပ်ခဲ့တာ မရှိတဲ့အတွက် ၄၀၁ ကို လက်မှတ် မထိုးနိုင်။ အဲဒီလိုမထိုးနိုင်တဲ့အတွက် ကြိုက်တာလုပ်ပါလို့ ပြတ်ပြတ်ပဲ ပြောခဲ့တယ်။ သမ္မတကြီးရဲ့ ဆိုလိုချက်က သူဟာ ဥပဒေမဲ့ ဖမ်းဆီးခံထားရသူတယောက် ဖြစ်ပြီး လက်မှတ်မထိုးတဲ့အတွက် မလွှတ်ပေးဘဲ ထောင်ထဲမှာ ဆက်ထားလည်း ရတယ်လို့ သေနတ်ကိုင် အကြမ်းဖက်နေသူ မင်းအောင်လှိုင်ကို စိန်ခေါ်လိုက်ခြင်းပါပဲ။

သမ္မတကြီးကို လွှတ်ပေးရေးကိစ္စ တောင်ငူ ထောင်ဘူးဝသို့ ရောက်လာတဲ့ မင်းအောင်လှိုင်ခန့် ပြည်ထဲရေးဒုဝန်ကြီးက ခံဝန်လက်မှတ် မထိုးတဲ့အတွက် အထက်ကို တင်ပြ။ အထက်ရဲ့ စေခိုင်းချက်အရ ၄၀၁၊ ပုဒ်မခွဲ (၁) ကို သမ္မတကြီးရှေ့မှာ ဖတ်ပြပြီးနောက် အိမ်ပြန်ပို့တယ်လို့ NLD ပါတီပြောခွင့်ရ ဒေါက်တာမျိုးညွန့်က ဆို တယ်။

ဆိုတော့ သမ္မတကြီး စတင်ဖမ်းဆီးခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကလည်း မင်းအောင်လှိုင် စိတ်ဆန္ဒအတိုင်း လုပ်ခွင့်မရခဲ့သလို အခု ပြန်လွှတ်တော့လည်း သူတို့ စီစဉ်ထားတဲ့အတိုင်း လုပ်ခွင့်မရ။ ခံဝန်လက်မှတ် မထိုးတာကို အလျှော့ပေးကာ အိမ်အတင်း ပြန်လွှတ်ပေးလိုက်ရတဲ့ သဘော။

ပြီးတော့ သမ္မတဦးဝင်းမြင့်ကို လွှတ်ပေးမယ်ဆိုတာ ကြိုတင်အသိပေးထားခြင်းမရှိဘဲ ပြန်လွှတ်ပေးတဲ့ ဧပြီ ၁၇ ရက် နေ့ခင်းပိုင်းမှသာ သိရှိကြောင်း ဒေါက်တာမျိုးညွန့်ရဲ့ ပြောကြားချက်က ကြိုတင်ဆွေးနွေး ညှိနှိုင်းသဘောတူမှု တစုံတရာမရှိကြောင်း ပြဆိုနေပြန်တယ်။

သမ္မတကြီး အိမ်ပြန်ရောက်လာပြီးနောက် မိသားစုနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံကို ထုတ်ပြန်ခဲ့တယ်။ သမ္မတကြီးရဲ့ မျက်နှာ လုံးဝ အရယ် အပြုံး မရှိ တိတိကျကျ တင်းတင်းမာမာ။ ထောင်တွင်းကာလ ၅ နှစ်တာအတွင်း ရုပ်ပိုင်းဆိုင်ရာ အိုမင်းသွားတာ တွေ့ရပေမဲ့ နိုင်ငံရေးမာန်မကျ ပြတ်ပြတ်သားသား။ သမ္မတကြီးဟာ တိုင်းပြည်နဲ့ လူမျိုးအတွက် ဆက်လက်ဆောင်ရွက်ဖို့ အင်အားအပြည့်ရှိနေကြောင်း ဒေါက်တာမျိုးညွန့်ရဲ့ မီဒီယာသို့ ပြောကြားချက်က တော်လှန်ရေးရဲ့ ရှေ့ခရီးအတွက် တို့ပြည်သူတွေ တောင့်ထားလို့ အားပေးလိုက်သလိုပါပဲ။

ဒါပေမဲ့ နှစ်ဆန်းတရက်မှာ အလှုပ်ခတ်ဆုံး ဖြစ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ပြောင်းရွှေ့မယ်ဆိုတဲ့ သတင်းကတော့ ကောလာဟလအဖြစ်နဲ့ လေထဲမှာ ပျောက်သွားခဲ့တယ်။ ဒီနေ့အချိန်ထိ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်နေရာမှာ ဖမ်းဆီးထားသလဲဆိုတာတောင် သေနတ် ခါးကြားထိုးထားတဲ့ မင်းအောင်လှိုင် အသိမပေးရဲ။ လုံးဝ အစဖျောက်ထားတာကြောင့်ပဲ တချို့က ဒေါ်အောင်ဆန်းစုကြည် အသက်အန္တရာယ်ရှိနေပြီလားဆိုတဲ့ စိုးရိမ်ရေမှတ် မြင့်တက်လာကြတယ်။

သင်္ကြန်မတိုင်ခင်တုန်းက မင်းအောင်လှိုင်ရဲ့ ခြေမြန်တော် ရာပြည့် ဒေါ်အောင်ဆန်းစုကြည်ထံ ခပ်စိပ်စိပ်သွားနေကြောင်း အတည်ပြုလို့မရတဲ့ သတင်းတွေလည်း တက်ခဲ့တယ်။ အဲဒီသတင်းသာ မှန်ခဲ့ရင် ဒေါ်အောင်ဆန်းစုကြည်ထံ သွားရောက်ညှိနှိုင်းတဲ့သဘော။ ဘာတွေ သွားညှိနှိုင်းနိုင်ခြေ ရှိသလဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မင်းအောင်လှိုင် အလိုကျ  ဖြစ်ပျက်ခဲ့သမျှကို ရေငုံနှုတ်ပိတ်ကာ နိုင်ငံရေးကန့်လန့်ကာလည်း လုံးဝချလိုက်တော့ဖို့။

မင်းအောင်လှိုင်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံတကာအထိကျယ်ပြန့်တဲ့ ဩဇာကြီးမှုကို သိပ်ကြောက်တယ်။ ၂၀၂၀ ရွေးကောက်ပွဲအပြီးနဲ့ အာဏာမသိမ်းခင်ကြား မင်းအောင်လှိုင် အရူးမီးဝိုင်း ဗြောင်းဆန်ခဲ့တဲ့နေ့တွေအကြောင်း ဖွင့်ချခံရမှာ အထူးကြောက်ရတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ရေးဆိုတာ မင်းအောင်လှိုင်အတွက် အတွေးနဲ့တင် ငရဲပွက်ရတယ်။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် အပေါ် မနာလိုစိတ်နဲ့ အာဃာတကလည်း သိပ်ကြီးလေတော့ နေအိမ်အကျယ်ချုပ်အဖြစ်တောင် ထားချင်ပုံမပေါ်။

ဒါပေမဲ့ သမ္မတတု မင်းအောင်လှိုင်မှန်း တကမ္ဘာလုံးက သိပေမဲ့ အနိမ့်ဆုံးအဆင့် အာဆီယံမှာ  တရားဝင်မှုရရှိရေးက သိပ်အရေးကြီးနေတယ်ဆိုတော့ အခု သမ္မတကြီးကို မရမက ပြန်လွှတ်ပေးခြင်းနဲ့ မြေစမ်းခရမ်းပျိုးကြည့်တာလို့ နားလည်ရတယ်။ သမ္မတကြီးကို လွှတ်ပေးလိုက်တာကြောင့် ပြည်တွင်းတော်လှန်ရေးအင်အားစုတွေနဲ့ နိုင်ငံတကာအပေါ် တုံ့ပြန် သက်ရောက်မှု။ ပြီးတော့သမ္မတကြီး ဘာဆက်လုပ်မလဲဆိုတာကို စောင့်ကြည့်။ အဲဒါပြီးတော့မှ နောက်တဆင့် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ပြောင်း သင့်၊ မသင့် ဆက်စဉ်းစားမယ့်ပုံ။

ဒါပေမဲ့ သမ္မတကြီးကို လွတ်ငြိမ်းခွင့်ပေးကြောင်း ကြေညာချက်ထဲမှာ ရာဇဝတ်သားတဦးပမာ ‘ဝင်းမြင့်’ ဆိုတဲ့ အသုံးမျိုး သုံးနှုန်းခဲ့ခြင်းကပင် မင်းအောင်လှိုင်ဆီမှာ  နိုင်ငံရေးအရ အသိအမှတ်ပြုမှု တစုံတရာနဲ့ နိုင်ငံရေးစေတနာ ငါးပြားတစေ့မပါကြောင်း ပေါ်လွင်နေတယ်။

ဆိုတော့ သမ္မတကြီးကို ပြန်လွှတ်ပေးတာဟာ တရုတ်ဖိအားကြောင့်လို့ပဲ ပြောပြော၊ တရားဝင်မှု ရရှိရေးအတွက် မင်းအောင်လှိုင်ရှေ့ တလှမ်းတိုး စိတ်ကူးယဉ်ကြည့်တာပဲဖြစ်ဖြစ် ဒါဟာ ဒီနေ့ထိတိုင် နိုင်ငံတကာက ဆုပ်ကိုင်ထားဆဲဖြစ်တဲ့ မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ဆီ သွားဖို့မဟုတ်တာက သေချာတယ်။

ဒါဆို ဘာကြောင့် လွတ်ပေးရသလဲဆိုတော့ များများမြတ်မလားလို့ နည်းနည်းရင်းကြည့်တာပါလို့ အတိအကျ ဆိုနိုင်တယ်။ ပြောရရင် ၂၀၁၀ ရွေးကောက်ပွဲအပြီး နိုင်ငံတကာရဲ့ ထောက်ခံမှုရရှိအောင် ကြံ့ဖွံ့အစိုးရ ကြိုးပမ်းခဲ့တာကို ပြန်အိပ်မက်မက်ကာ ကြံ့ဖွံ့တုန်းကလို အရင်းမကြီးဘဲ ရမလားလို့ နည်းနည်းရင်းကြည့်ခြင်းလည်း ဖြစ်ပါတယ်။

မင်းအောင်လှိုင်ရဲ့ လိုဘက အလွန်ဆုံးအဆင့် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်အဖြစ်နဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ဟန်ပြလုပ်၊ တရုတ်နဲ့ ထိုင်း တို့လိုနိုင်ငံတွေက သံတမန်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခွင့်ပြု။ တစုံတရာ လိုက်လျောမဲ့ အရိပ်အယောင်တွေပြကာ မင်းတို့ဘက်က တရားဝင်မှုပေးရင် ငါလည်း ရှေ့ဆက်လှမ်းမယ်ဆိုတာမျိုး နိုင်ငံရေးဈေးခေါ်။ တရုတ်ကြီးကလည်း အာဆီယံကို ဖိအားပေး။ အာဆီယံ ထိုင်ခုံမှာ ပြန်ထိုင်ခွင့်ရရေး အခု မင်းအောင်လှိုင် စိတ်ကူးယဉ် ခတ်ကွင်းပြင်နေတဲ့သဘော။

လက်ရှိမှာ အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်က မင်းအောင်လှိုင် သမ္မတတု ဖြစ်လာတာကို မှတ်သားထားတဲ့ အဆင့်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကလည်း သမ္မတကြီးဦးဝင်းမြင့် လွတ်မြောက်လာခြင်းအပေါ် မှတ်သားထားရုံမျှပဲ။ ဒါပေမဲ့ တရုတ်ရဲ့ဩဇာနဲ့ တရားဝင်မှု ရအောင် ရုန်းကန်ကြမဲ့ အနေအထားမို့  တော်လှန်ရေးအင်အားစုတွေအနေနဲ့လည်း စုစည်းမှုအားနဲ့ သမ္မတတု မင်းအောင်လှိုင်ကို မြောင်းထဲက တက်မလာနိုင်အောင် ဝိုင်းဝန်းဆန့်ကျင်ကြဖို့ အရေးတကြီး လိုအပ်တယ်။

မင်းအောင်လှိုင် အာဏာသိမ်းခဲ့တယ်ဆိုတာ အာဏာပြန်ပေးဖို့ မဟုတ်သလို မင်းအောင်လှိုင် သမ္မတတုဖြစ်အောင် ကြိုးစားခဲ့တာကလည်း အာဏာပြန်ခွဲပေးဖို့ မဟုတ်ကြောင်း အခိုင်အမာ နှလုံးသွင်းထားကြဖို့ လိုပါမယ်။ မင်းအောင်လှိုင်က သူ့ကို သမ္မတအဖြစ် ခြွင်းချက်မရှိ အသိအမှတ်ပြုဖို့ကိုသာ အလိုရှိနေတာပါ။

လင်းဆက်ငြိမ်းချမ်း 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013