
လက်ဘနွန်စစ်ပွဲကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသူတွေဟာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိပြီးနောက် ဧပြီ ၁၇ ရက်မှာ ဘေရွတ်မြို့တောင်ဘက် ဆင်ခြေဖုံးရပ်ကွက်တွေကို စတင်ပြန်လာနေကြပါပြီ။
စစ်ဘေးရှောင်တွေဟာ သူတို့ရဲ့ နေအိမ်တွေ ရှိသေးရဲ့လားဆိုတာ လာကြည့်ကြတာဖြစ်ပေမဲ့ ဟက်ဇ်ဘိုလာနဲ့ အစ္စရေးအကြား ၁၀ ရက်ကြာ အပစ်ရပ်စဲထားတာဟာ ပျက်ပြယ်သွားမှာကို စိုးရိမ်တာကြောင့် တချို့ကတော့ အပြီးပြန်နေဖို့ အစီအစဉ် မရှိသေးပါဘူး။
အမေရိကန်နဲ့ အီရန်ကြားကနေ သီတင်း ၆ ပတ်ကျော်ကြာအောင် ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တဲ့ ဒီစစ်ပွဲအတွင်းမှာ အစ္စရေးရဲ့ ပစ်ခတ်မှုကြောင့် ဟက်ဇ်ဘိုလာတွေ ထိန်းချုပ်ထားတဲ့ ဘေရွတ်တောင်ဘက် ဆင်ခြေဖုံးက အဆောက်အအုံတွေဟာ အခုတော့ အုတ်ပုံတွေ၊ ကွန်ကရစ်ပုံတွေပဲ ကျန်ပါတော့တယ်။
လက်ဘနွန်နဲ့ အစ္စရေးအစိုးရကြား အပစ်အခတ်ရပ်စဲကြောင်းကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ကြာသပတေးနေ့မှာ ကြေညာခဲ့တာပါ။
လက်ဘနွန်အစိုးရကတော့ ဟက်ဇ်ဘိုလာတွေ စစ်ထဲပါဝင်ဖို့ ဆုံးဖြတ်ခဲ့တဲ့အပေါ် လုံးဝသဘောမတူခဲ့ဘဲ ပြီးခဲ့တဲ့ တနှစ်လောက်ကတည်းက ငြိမ်းချမ်းစွာ လက်နက် ဖြုတ်သိမ်းဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။
လက်ဘနွန်စစ်တပ်ရဲ့ ပြောကြားချက်အရ အစ္စရေးဘက်က လက်ဘနွန်တောင်ပိုင်းက ရွာတချို့ကို ရံဖန်ရံခါ လက်နက်ကြီးနဲ့ ပစ်ခတ်တာမျိုးရှိလို့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်နေတယ်လို့ ဆိုပါတယ်။
ဒါကြောင့် ပြည်သူတွေအနေနဲ့ တောင်ပိုင်းရွာတွေနဲ့ မြို့တွေကို အခုချက်ချင်း ပြန်မသွားကြဖို့ တားမြစ်ထားပါတယ်။
အစ္စရေးစစ်တပ်ကတော့ ဒီချိုးဖောက်မှုတွေအပေါ် ချက်ချင်း မှတ်ချက်မပေးသေးပါဘူး။ လက်ဘနွန်အစိုးရ ထုတ်ပြန်ချက်အရ ဒီစစ်ပွဲကြောင့် လူပေါင်း ၂,၁၀၀ ကျော် သေဆုံးခဲ့ပြီး ၁.၂ သန်းလောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။
ထွက်ပြေးရသူ အများစုဟာ ၂၀၂၄ ခုနှစ် စစ်ပွဲတုန်းကလည်း အထိနာခဲ့တဲ့ ရှီးယိုက် အသိုက်အဝန်းက လူတွေ ဖြစ်ပါတယ်။
မတ် ၂ ရက်ကတည်းက ဟက်ဇ်ဘိုလာတွေရဲ့ တိုက်ခိုက်မှုတွေကြောင့် အစ္စရေးပြည်သူ ၂ ယောက် သေဆုံးခဲ့ပြီး လက်ဘနွန်တွင်းမှာ အစ္စရေးစစ်သား ၁၃ ယောက် သေဆုံးခဲ့တယ်လို့ အစ္စရေးဘက်က ပြောပါတယ်။
စစ်ပွဲအတွင်း ဟက်ဇ်ဘိုလာတွေဟာ အစ္စရေးဘက်ကို ရာနဲ့ချီတဲ့ ဒုံးကျည်တွေနဲ့ ဒရုန်းတွေကို ပစ်ခတ်ခဲ့ပါတယ်။
Source: Reuters











