
တောင်ကိုရီးယားနိုင်ငံ၊ ဂျယ်ဂျူးကျွန်းမှာ လူပျောက် သေဆုံးမှုတွေကို ဆက်တိုက်တွေ့ရှိနေရပြီး ရဲတပ်ဖွဲ့ရဲ့ ကိုင်တွယ်ဖြေရှင်းပုံအပေါ် မေးခွန်းထုတ်မှုတွေကြောင့် ရဲတပ်ဖွဲ့အနေနဲ့ ပိုမိုတာဝန်ယူမှု၊ တာဝန်ခံမှုရှိဖို့ သမ္မတ အီဂျယ်မြောင်က ဩဂုတ် ၂၅ ရက်က အစိုးရအဖွဲ့ အစည်းအဝေးမှာ တောင်းဆိုလိုက်ပါတယ်။
ဒါဟာ ရဲတပ်ဖွဲ့ကို ပိုမိုကြီးမားတဲ့ လုပ်ပိုင်ခွင့်အာဏာတွေ ပေးအပ်ဖို့ ဘက်ပေါင်းစုံ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်တော့မဲ့ အချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။
ဩဂုတ် ၂၄ ရက်အထိ ၃ ရက်တာ ကာလအတွင်း ဂျယ်ဂျူးကျွန်းမှာ ပျောက်ဆုံးနေတယ်လို့ သတင်းပို့ တိုင်ကြားထားသူ ၄ ယောက်ရဲ့ ရုပ်အလောင်းတွေကို သက်ဆိုင်ရာက ရှာဖွေတွေ့ရှိခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
အဲဒီအမှုတွေဟာ တခုနဲ့တခု ဆက်စပ်မှု မရှိပေမဲ့ အမှု ၂ ခုမှာတော့ ပျောက်ဆုံးသူတွေကို ဘေးကင်းကြောင်း သေချာအတည်ပြုချက် မရယူဘဲ ရဲအရာရှိတယောက်တည်းကပဲ အမှုပိတ်သိမ်းခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်နေပါတယ်။
အဲဒီစွပ်စွဲချက်တွေကြောင့် အဲဒီရဲအရာရှိ ကိုင်တွယ်ခဲ့တဲ့ ပျောက်ဆုံးသူ တိုင်ကြားစာ ၂၉၈ ခုလုံးကို ရဲတပ်ဖွဲ့က ပြန်လည်စစ်ဆေးနေပါတယ်။
အဲဒီအထဲက အမှု ၁၀ ခုလောက်ဟာ မှားယွင်းတဲ့ ပိတ်သိမ်းမှု ဖြစ်နိုင်ခြေရှိ၊ မရှိ စစ်ဆေးနေတယ်လို့ ဒေသခံမီဒီယာတွေက ဖော်ပြပါတယ်။
အဲဒီအမှုတွေထဲမှာ အသက် ၃၇ နှစ်အရွယ် အမျိုးသမီး ဂျန်းမီရန်ရဲ့ အမှုဟာလည်း တခု အပါအဝင်ဖြစ်ပြီး ရဲတပ်ဖွဲ့က ဘေးကင်းကြောင်း အတည်မပြုဘဲ အမှုပိတ်သိမ်းခဲ့တယ်လို့ စွပ်စွဲခံရပြီးနောက် တနိုင်ငံလုံးမှာ ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။
ဂျန်းမီရန်ဟာ ပျောက်ဆုံးသွားခဲ့ပြီး ၁၀၄ ရက် (၄ လနီးပါး) အကြာ တနင်္လာနေ့မှာ သူတည်းခိုခဲ့တဲ့ နေရာနဲ့ မီတာရာဂဏန်းအကွာမှာပဲ ရုပ်အလောင်းကို ပြန်တွေ့ခဲ့တာပါ။
တခြားအမှုတခုမှာတော့ အသက် ၆၀ ကျော် အမျိုးသားတယောက်ဖြစ်ပြီး သူ့မိသားစုက လူပျောက် ထပ်မံ တိုင်ကြားခဲ့တာကြောင့် ပြန်လည်ရှာဖွေရာမှ သူ့ရဲ့အလောင်းကို ရှာတွေ့ခဲ့တာ ဖြစ်ပါတယ်။
အဲဒီအမှုနဲ့ပတ်သက်ပြီး ပြည်သူ့လုံခြုံရေးအပေါ် ရဲတပ်ဖွဲ့ရဲ့ စည်းကမ်းပျက်ကွက်မှုနဲ့ တာဝန်မဲ့မှုတွေဟာ ကြီးမားတဲ့ ပြဿနာတခု ဖြစ်လာနေပြီလို့ သမ္မတ အီဂျယ်မြောင်က အင်္ဂါနေ့က အစိုးရအဖွဲ့ အစည်းအဝေးမှာ ထောက်ပြခဲ့ပါတယ်။
ရဲတပ်ဖွဲ့ရဲ့ စည်းကမ်းမဲ့မှုနဲ့ အများပြည်သူ လုံခြုံရေးအပေါ် တာဝန်မဲ့မှုဟာ ပြင်းထန်တဲ့ ပြဿနာတခု ဖြစ်လာပြီလို့ သမ္မတ အီဂျယ်မြောင်က သြဂုတ် ၂၅ ရက် ကက်ဘိနက် အစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။
ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေး သီးသန့်အဖွဲ့အစည်း ဖွဲ့စည်းရေး အပါအဝင် ရှေ့ဆက် ရဲတပ်ဖွဲ့ကို ဘယ်လို ပြုပြင်ပြောင်းလဲမလဲ ဆိုတာကို အလေးအနက် ထည့်သွင်း စဉ်းစားပေးကြဖို့ သမ္မတက တောင်းဆိုခဲ့ပါတယ်။
Source: Reuters











