
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက လက်ဘနွန်စစ်ပွဲ ဆက်တိုက်မယ်လို့ ဧပြီ ၁၂ ရက်က ပြောပါတယ်။
အီရန်နဲ့ အမေရိကန်အကြား ဒေသတွင်း ရန်လိုမှုတွေကို အဆုံးသတ်ဖို့ သဘောတူညီချက်မရလို့ အစ္စရေးနဲ့ လက်ဘနွန် စစ်သွေးကြွ ဟစ်ဇ်ဘိုလာတို့ ဆက်ပြီး အပြန်အလှန်ပစ်ခတ်ခဲ့ကြပါတယ်။
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက “မကြာသေးမီက ကျနော် ရောက်ခဲ့တဲ့ လက်ဘနွန် လုံခြုံရေးဇုန်ထဲ အပါအဝင်နေရာတွေမှာ စစ်ပွဲ ဆက်ဖြစ်နေပါတယ်။ ဒီလုံခြုံရေးဇုန်ကြောင့် လက်ဘနွန်ကနေ ကျူးကျော်မှုရဲ့ ခြိမ်းခြောက်မှုကို ကျနော်တို့ ဟန့်တားနိုင်ခဲ့ပြီးပါပြီ။ တင့်ဖျက်လက်နက်တွေရဲ့ အန္တရာယ်ကို တွန်းလှန်နေပြီး ဒုံးကျည်နဲ့ ပစ်ခတ်နေတာတွေကိုလည်း ကိုင်တွယ်ဖြေရှင်းနေပေမဲ့ လုပ်စရာတွေ အများကြီး ရှိနေသေးတယ်။ ကျနော်တို့က အလွန်ကြီးလေးတဲ့ အလုပ်တွေကို လုပ်ဆောင်ခဲ့ပြီး၊ အလွန်ကြီးမားတဲ့ အောင်မြင်မှုတွေ ရခဲ့ပေမဲ့ လုပ်စရာတွေ အများကြီး ကျန်နေသေးတယ်”လို့ ပြောပါတယ်။
အစ္စရေးစစ်တပ်က တနင်္ဂနွေနေ့ညမှာ ဟစ်ဇ်ဘိုလာတွေရဲ့ ဒုံးပစ်စင်တွေကို ပစ်ခတ်ခဲ့ပြီး လက်ဘနွန်မြို့တော် ဘေရွတ်ရဲ့ တောင်ပိုင်းဆင်ခြေဖုံးရပ်ကွက်တွေမှာ မီးခိုးမည်းတွေ မြင့်တက်လာတာ တွေ့ရတယ်လို့ ပြောပါတယ်။
နယ်စပ်နားက အစ္စရေးရွာတွေမှာ လက်ဘနွန်ကနေ ဒုံးကျည်နဲ့ ပစ်ခတ်မှု သတိပေးချက်တွေကို ထုတ်ပြန်ခဲ့ပြီး လေကြောင်းတိုက်ခိုက်မှု ဥဩသံတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။
Source: Reuters











