DVB Logo
Home
နိုင်ငံတကာ
ထိုင်းဝန်ထမ်းစာမေးပွဲ မသမာမှုကြောင့် ခန့်ထားပြီးသူ  ၅,၈၀၀ ကျော်ကို ပြန်ထုတ်ပယ်
DVB
·
July 16, 2026
Photo: CH7 News
Photo: CH7 News
Donate to DVB

ထိုင်းနိုင်ငံမှာ ဒေသန္တရအစိုးရဝန်ထမ်းရာထူးရရေး ဘတ်ငွေ သိန်းနဲ့ချီ လာဘ်ထိုးရပြီး အဖြေလွှာရမှတ်တွေ ပြန်လည်ပြင်ဆင်နေတာကို စစ်ဆေးတွေ့ရှိတဲ့နောက် လက်ရှိအလုပ်ဝင်နေ ပြီဖြစ်တဲ့ ဝန်ထမ်းပေါင်း ၅,၈၁၄ ယောက်ကို ရာထူးကနေ ပြန်လည်ထုတ်ပယ်လိုက်ပါတယ်။ 

အဆိုပါပြဿနာကို ဒေသန္တရဝန်ထမ်းများ ရွေးချယ်ခန့်ထားရေး ဗဟိုကော်မတီအစည်းအဝေးက ပြန်လည် သုံးသပ်စစ်ဆေးရာမှာ ဖြေဆိုသူရဲ့ မူရင်းအဖြေလွှာက ရမှတ်နဲ့   ဝန်ထမ်းရွေးချယ်အဆင့် ရမှတ် ကွာခြားမှုတွေ ရှိနေတာကြောင့် ပုံမှန်မဟုတ်တဲ့ အဖြေလွှာမှ ခန့်အပ်ပြီးသား လုပ်ငန်းခွင်ဝင်ပြီးသား ဝန်ထမ်း ၅,၈၁၄ ယောက်ကို ရာထူးက ထုတ်ပယ်ဖို့ အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တယ်လို့  ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် နိုင်းအန်းဆစ် ဆမ်ဖန်းထရတ်က သတင်းထောက်တွေကို ပြောပါတယ်။

၂၀၂၆ နှစ်စပိုင်းက ထုတ်ပြန်ခဲ့တဲ့ ဝန်ထမ်းရာထူးစာမေးပွဲ အောင်မြင်သူ ၆,၈၇၅ ယောက် ရှိပြီး ချိပ်ပိတ်ထားတဲ့ သူတို့ရဲ့ အဖြေလွှာတွေ ပြန်စစ်ရာမှာ ၅,၈၁၄ ယောက်မှာ မသင်္ကာစရာ တွေ့ရှိခဲ့ပါတယ်။

အဲဒီ ၅,၈၁၄ ထဲမှာ အုပ်စု ၃ စု ထပ်ခွဲပြီး အုပ်စု ၁ မှ  ၃,၆၂၁ ယောက်က အဖြေလွှာမှာ  အောင်မှတ် မမီပေမဲ့ မီအောင် ပြန်ဖြည့်ပေးထားတယ်၊ အုပ်စု ၂ မှ ၁,၇၁၃ ယောက်ကလည်း အောင်မှတ်မီပေမဲ့ နာမည်အပေါ်ဆုံး ရောက်အောင် အမှတ်ထပ်ဖြည့်ထားတယ်၊ အုပ်စု ၃ မှ ၄၀၈ ယောက်ကတော့  အမှတ်အနည်းငယ်ဖြည့်ပြီး မထင်မရှားဖြစ်နေတယ်လို့ ဆိုပါတယ်။

အဆိုပါ ဝန်ထမ်း ၅,၈၁၄ ယောက်ကို ရာထူးမှ ထုတ်ပယ်ဖို့အတွက် လာမဲ့ ဇူလိုင် ၂၃ ရက်မှာ သက်ဆိုင်ရာ ဒေသန္တရအရာရှိနဲ့ ဝန်ထမ်းဆိုင်ရာ ဗဟိုကော်မတီထံ တင်ပြသွားမှာ ဖြစ်တယ်၊ အဲဒီကနေတဆင့် ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဋ္ဌတွေက လက်မှတ်ရေးထိုးပြီး ထုတ်ပယ်ကြောင်း အမိန့်ထုတ်မှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ထိုင်းဝန်ကြီးချုပ်လည်းဖြစ်၊ ပြည်ထဲရေးဝန်ကြီးလည်းဖြစ်တဲ့ အနုထင်း ချန်းဝီရကွန်းက ဝန်ထမ်းတွေကို ရာထူးမှာပယ်ရှားရေးမှာ လုပ်ထုံးလုပ်နည်းအရ ပြည်ထဲရေးမှာ အခွင့်အာဏာမရှိဘဲ သက်ဆိုင်ရာဒေသန္တရအုပ်ချုပ်ရေးဌာနတွေမှာသာ လုပ်ပိုင်ခွင့်ရှိတယ်။ အဂတိလိုက်စားပြီး ဝန်ထမ်းခန့်အပ်ရေးမှာ ပါဝင်ပတ်သက်သူတွေကိုတော့ ညှိနှိုင်းပေးတာ၊ ဖြေလျှော့ပေးတာတွေ လုံးဝမရှိစေရ၊ အရာအားလုံး သက်သေအထောက်အထားအတိုင်းသာ ဖြစ်ရမယ်၊ ကျူးလွန်သူမှာ အစိုးရဝန်ထမ်း ဖြစ်ပါက သာမန်ထက် ၂ ဆ ကြီးလေးတဲ့ ပြစ်ဒဏ်ခံရမယ်လို့  ပြောပါတယ်။

ဝန်ထမ်းစာမေးပွဲမှာ မရိုးမသားလုပ်ခဲ့သူတွေဟာလည်း အမည်ပျက်စာရင်းသွင်းပြီး  နောက်နောင် ဝန်ထမ်းစာမေးပွဲဖြေဆိုခွင့် ပိတ်ပင်ဖို့ကို လုပ်ထုံးလုပ်နည်းမှာ ထည့်သွင်းဖို့ ပြင်ဆင်နေတယ်လို့ ဝန်ကြီးချုပ်က ပြောသွားပါတယ်။

ဝန်ထမ်းစာမေးပွဲ အဖြေလွှာပြင်ဆင်မှုမှာ တာဝန်ရှိသူ ၃ ယောက် ဖမ်းဆီးခံထားရပြီး သူတို့ကတော့ စွဲဆိုချက် ငြင်းပယ်ကာ အာမခံရရေး ငွေကြေးတွေ ပြင်ဆင်လာပေမဲ့ သက်ဆိုင်ရာက အာမခံမပေးဘဲ အချုပ်ခန်းထဲ ထည့်လိုက်ပါတယ်။ နောက်ထပ် ဆက်နွှယ်သူတွေကိုလည်း ဆက်လက်စုံစမ်းစစ်ဆေးနေပါတယ်။

ထိုင်းနိုင်ငံမှာ ဒီနှစ်ဆန်းပိုင်းက ဒေသန္တရဝန်ထမ်း ရွေးချယ်ခန့်ထားရေး စာမေးပွဲကြီး ကျင်းပခဲ့ပြီး လူပေါင်း သောင်းနဲ့ချီ ဝင်ရောက်ဖြေဆိုခဲ့တယ်၊ အဲဒီထဲက ၆,၈၀၀ ကျော်သာ ရွေးချယ်ပါတယ်၊ အရွေးချယ်ခံရဖို့အတွက် ဘတ်ငွေ ၃၀၀,၀၀၀ မှ ၈၀၀,၀၀၀ ထိ လာဘ်ထိုးရတယ်၊ ဒါပေမဲ့ တချို့က ငွေပေးပြီး အောင်စာရင်းမှာ မိမိနာမည် ပါမလာဘူး၊ ငွေယူထားသူကလည်း တာဝန်ယူမှု မရှိတာကြောင့်  အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြားခဲ့တယ်။

အဆိုပါဌာနက ဗဟိုရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး စုံစမ်းစစ်ဆေးရေးလုပ်တာမှာ ဘန်ကောက်နယ်မြေရှိ နေအိမ်တလုံးမှာ ထောင်နဲ့ချီတဲ့ အဖြေလွှာတွေ ပြန်ပြင်နေတာ တွေ့ရှိတာကြောင့် အခုလို အရေးယူ ဖြေရှင်းမှုတွေ ပေါက်ပေါက်လာတာ ဖြစ်ပါတယ်။ 

Source: CH7 HD News / Nation TV 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013