အမေရိကန်နိုင်ငံ မိုင်ယာမီ အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ Amazon ကုန်တင်လေယာဉ်တစင်း ဆင်းသက်ဖို့ ကြိုးစားချိန် ပြေးလမ်းကျော်ထွက်ပြီး ယာဉ်တွေကို ဝင်တိုက်ခဲ့လို့ ၅ ယောက်သေဆုံးပြီး ၅ ယောက် ဒဏ်ရာပြင်းထန်ရခဲ့တယ်လို့ သိရပါတယ်။
Boeing 767-300 ကုန်တင်လေယာဉ်ဟာ ပွာတိုရီကိုနိုင်ငံ ဆန်ဟွမ်မြို့ကနေ ပျံသန်းလာပြီး စက်တင်ဘာ ၆ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီမတိုင်ခင်မှာ မတော်တဆမှု ဖြစ်ခဲ့တာပါ။
ဒါဟာ မြန်မာစံတော်ချိန် စက်တင်ဘာ ၇ ရက် ကူးခါစ သန်းခေါင်ကျော် ၁၂ နာရီခွဲခန့် ဖြစ်ပါတယ်။
လေယာဉ်ဟာ ပြေးလမ်းအဆုံးကို ကျော်ထွက်သွားပြီး မြေပြင်ပေါ်က ယာဉ်အများအပြားကို ဝင်တိုက်ခဲ့သလို မီးလောင်မှုလည်း ဖြစ်ခဲ့ပါတယ်။
ဒဏ်ရာရသူ ၅ ယောက်ထဲက ၃ ယောက်ဟာ အခြေအနေစိုးရိမ်ရပြီး တချို့သူတွေက ယာဉ်တွေအောက်နဲ့ ယာဉ်ထဲမှာ ပိတ်မိနေလို့ ကယ်ဆယ်ရေးသမားတွေ ထုတ်ယူခဲ့ရပါတယ်။
မီးသတ်သမား ၂၀၀ ကျော် အခင်းဖြစ်ရာကို ရောက်လာခဲ့ပြီး မီးငြှိမ်းသတ်ပြီးနောက်မှာလည်း လေယာဉ်ဆီ ယိုစိမ့်မှု ဆက်ရှိနေခဲ့ပါတယ်။
Amazon က “လူ ၅ ဦး အသက်ဆုံးရှုံးခဲ့ရတာကို သိရလို့ အလွန်ဝမ်းနည်းကြေကွဲရပါတယ်” လို့ ပြောပြီး တာဝန်ရှိသူတွေနဲ့ အပြည့်အဝ ပူးပေါင်းသွားမယ်လို့ ဆိုပါတယ်။
ဒီလေယာဉ်ကို မြောက်ကာရိုလိုင်းနားအခြေစိုက် 21 Air က Amazon အတွက် ပြေးဆွဲပေးနေတာ ဖြစ်ပါတယ်။
မတော်တဆမှုဖြစ်ရတဲ့ အကြောင်းရင်းကို မသိရသေးဘဲ အမေရိကန် အမျိုးသားသယ်ယူပို့ဆောင်ရေး ဘေးကင်းလုံခြုံရေးဘုတ်အဖွဲ့ (NTSB) က စုံစမ်းစစ်ဆေးနေပါတယ်။











