
ပါကစ္စတန်ပိုင် ဘိုးအင်း 737 ကုန်တင်လေယာဉ်တစင်းဟာ အမှုထမ်း ၅ ယောက်နဲ့အတူ ဇူလိုင် ၇ ရက် ညပိုင်းက လေကြောင်းထိန်းသိမ်းရေးမျှော်စင်နဲ့ အဆက်အသွယ် ပြတ်တောက်သွားပါတယ်။
လေယာဉ်ဟာ အာရပ်စော်ဘွားများပြည်ထောင်စု ရှာဂျာပြည်နယ်ကနေ ပါကစ္စတန်နိုင်ငံ မြို့တော် ကရာချိကို ပျံသန်းလာတာဖြစ်ပြီး လမ်းမှာ လမ်းညွှန်စနစ် ချို့ယွင်းနေကြောင်း သတင်းပို့ပြီးနောက်မှာ အဆက်အသွယ် ပြတ်သွားတာကြောင့် ရှာဖွေကယ်ဆယ်ရေးတွေ အမြန်ဆုံး လုပ်နေတယ်လို့ ပါကစ္စတန် လေကြောင်းအာဏာပိုင်တွေက ပြောပါတယ်။
သက်တမ်း ၂၇ နှစ်ရှိပြီဖြစ်တဲ့ အဲဒီလေယာဉ်ကို K2 Airways က မောင်းနှင်တာဖြစ်ပြီး ပါကစ္စတန်စံတော်ချိန် ည ၉ နာရီ ၁၈ မိနစ်မှာ လမ်းညွှန်စနစ် ပြဿနာတက်နေကြောင်း သတင်းပို့ခဲ့တယ်လို့ ပါကစ္စတန် လေဆိပ်အာဏာပိုင်အဖွဲ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
လေကြောင်းထိန်းသိမ်းရေးမျှော်စင်ကနေ လမ်းညွှန်ပေးဖို့ ကြိုးစားခဲ့သေးပေမဲ့ နောက် ၃ မိနစ် အကြာမှာ လေယာဉ်ဟာ ရေဒါပေါ်ကနေ အရှိန်အဟုန်နဲ့ ထိုးဆင်းသွားတာကို တွေ့ရပြီး အဆက်အသွယ် လုံးဝပြတ်တောက်သွားခဲ့တာပါ။
အဲဒီအချိန်မှာ လေယာဉ်ဟာ ကရာချိမြို့ရဲ့ အနောက်ဘက် ရေမိုင် ၁၅၅ မိုင်အကွာမှာ ရှိနေခဲ့တာ ဖြစ်ပါတယ်။
Flightradar24 လေကြောင်းခြေရာခံ ဝက်ဘ်ဆိုက်ရဲ့ အဆိုအရ ကနဦး အချက်အလက်တွေအရ လေယာဉ်ဟာ ကရာချိမြို့ရဲ့ အနောက်တောင်ဘက် ပင်လယ်ထဲကို ပျက်ကျသွားဖွယ်ရှိတယ်လို့ ဆိုပါတယ်။
ပါကစ္စတန် ဒေသတွင်းသတင်းဌာနတခုဖြစ်တဲ့ ဂျီအို သတင်းဌာနကတော့ လေယာဉ်ဟာ ဘာလိုချီစတန်ပြည်နယ် အိုမာရာအနီး အာရပ်ပင်လယ်ပြင်ပေါ် ပျံသန်းနေတုန်း ပျောက်ဆုံးသွားတာလို့ ဖော်ပြထားပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ရိုက်တာသတင်းဌာနက ဆက်သွယ်ခဲ့ပေမဲ့ K2 Airways နဲ့ ဘိုးအင်းကုမ္ပဏီတို့ဘက်က ချက်ချင်း တုံ့ပြန်ဖြေကြားတာမျိုး မရှိသေးပါဘူး။
Source: Reuters










