
ပါကစ္စတန် ကယ်ဆယ်ရေးအဖွဲ့တွေဟာ အာရေဗျပင်လယ်ထဲမှာ ပျောက်ဆုံးသွားတဲ့ K2 လေကြောင်းပိုင် Boeing 737 ကုန်တင်လေယာဉ် အပျက်အစီးတွေကို ကရာချိကမ်းလွန်မှာ ပျောက်ဆုံးသွားပြီး ၁၂ နာရီအကြာ ဇူလိုင် ၈ ရက်က ရှာဖွေတွေ့ရှိခဲ့ပါတယ်။
အပျက်အစီးတွေကို အော်မာရာဆိပ်ကမ်းရဲ့ တောင်ဘက် ရေမိုင် ၅၃ မိုင် (၉၈ ကီလိုမီတာ) အကွာမှာ တွေ့ရှိခဲ့တာဖြစ်ပြီး ပျောက်ဆုံးနေတဲ့ လေသူရဲ ၂ ယောက်၊ အင်ဂျင်နီယာ ၂ ယောက်နဲ့ အကူဝန်ထမ်းတယောက် အပါအဝင် လေယာဉ်အဖွဲ့သား ၅ ယောက်ကို ပါကစ္စတန်ရေတပ်နဲ့ ရေကြောင်းလုံခြုံရေးအဖွဲ့တွေက လေကြောင်း၊ ရေကြောင်း အင်အားသုံးပြီး ဆက်လက်ရှာဖွေနေဆဲ ဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
သက်တမ်း ၂၇ နှစ် ရှိပြီဖြစ်တဲ့ အသွင်ပြောင်း ကုန်တင်လေယာဉ်ဟာ ဇူလိုင် ၇ ရက် ည ၉ နာရီ ၁၈ မိနစ်မှာ လမ်းကြောင်းပြစနစ် ချို့ယွင်းနေကြောင်း သတင်းပို့ခဲ့ပြီးနောက် ၃ မိနစ်အကြာ ကရာချိရဲ့ အနောက်ဘက် ရေမိုင် ၁၅၅ မိုင်အကွာ အရောက်မှာ အဆက်အသွယ် ပြတ်တောက်သွားခဲ့တာပါ။
လေယာဉ်ပျံသန်းမှု ခြေရာခံအချက်အလက်တွေအရ လေယာဉ်ဟာ ပေ ၃၆,၅၅၀ အမြင့်ကနေ တမိနစ်ကို ပေ ၂၂,၄၀၀ (တနာရီ ကီလိုမီတာ ၄၀၀ ခန့်) နှုန်းနဲ့ အရှိန်အဟုန်ပြင်းစွာ ဒေါင်လိုက် ထိုးဆင်းသွားခဲ့တာကို ပြနေတာ ဖြစ်ပါတယ်။
ပျောက်ဆုံးနေတဲ့ တွဲဖက်လေသူရဲ ဖိုင်ဆယ် ဂျာတွိုင်းတို့ အဖွဲ့ဟာ ရှားဂျာကို ကုန်ပစ္စည်းပို့ဖို့ ရောက်ရှိနေချိန်မှာ လေယာဉ်စက် ချို့ယွင်းချက် ရှိနေတာကြောင့် အပိုပစ္စည်းကို အမေရိကန်ကနေ မှာယူစောင့်ဆိုင်းခဲ့ရပြီး ရှားဂျာမှာ ၁၀ ရက်ကြာ သောင်တင်နေခဲ့တာ ဖြစ်ပါတယ်။
ဇူလိုင် ၇ ရက် ညနေ ၇ နာရီဝန်းကျင်မှာတော့ ဖိုင်ဆယ်က “နောက် ၁၀ မိနစ်နေရင် လေယာဉ်ထွက်တော့မယ်” လို့ သူ့ဇနီးဖြစ်သူဆီ နောက်ဆုံးဖုန်းဆက်ခဲ့ပေမဲ့ ည ၁၀ နာရီလောက်မှာ အဆက်အသွယ် ပြတ်တောက်သွားခဲ့လို့ မိသားစုဝင်တွေက Google မှာ ရှာဖွေကြည့်ရာကနေ လေယာဉ်ပျက်ကျတဲ့သတင်းကို စတင်သိရှိခဲ့ရတာ ဖြစ်ပါတယ်။
အဲဒီ ဘိုးအင်း 737 လေယာဉ်ဟာ K2 လေကြောင်းရဲ့ တစီးတည်းသော လေယာဉ်ဖြစ်ပြီး လူအသေအပျောက် အတည်ပြုနိုင်ခဲ့ရင်တော့ ဒါဟာ လူ ၉၇ ယောက် သေဆုံးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် PIA လေယာဉ် ပျက်ကျမှုနောက်ပိုင်း ပါကစ္စတန်နိုင်ငံရဲ့ ပထမဆုံး အသက်ဆုံးရှုံးမှုရှိတဲ့ လေယာဉ်ပျက်ကျမှု ဖြစ်လာမှာပါ။
လက်ရှိမှာတော့ ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှရစ်ဖ်က ပျောက်ဆုံးနေတဲ့ လေယာဉ်အဖွဲ့သား ၅ ယောက်ရဲ့ မိသားစုဝင်တွေဆီ ဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့ထားပါတယ်။
Source: Reuters










