
ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ကံချိုင်ကျေးရွာ အထက်တန်းကျောင်းက အလယ်တန်းပြ ဆရာမရဲ့ ဓာတ်ပုံကို မဖွယ်မရာ ညစ်ညမ်းစာသား ရေးသားပြီး TikTok ပေါ်တင်ခဲ့တဲ့ ကျောင်းသား ၃ ယောက်က ကာယကံရှင်ဆရာမက ရဲစခန်းမှာ အမှုဖွင့် တိုင်ကြားထားတယ်လို့ သိရပါတယ်။
Grade 9 ကျောင်းသား ၂ ယောက်နဲ့ Grade 8 ကျောင်းသား ၁ ယောက်တို့ဟာ ဆရာမရဲ့ TikTok အကောင့်က ဓာတ်ပုံတွေကိုယူပြီး ညစ်ညမ်းစာသားတွေနဲ့ အချင်းချင်းမျှဝေတာ၊ Tik Tok ပေါ် ဖြန့်ဝေတာတွေ လုပ်ခဲ့တာလို့ သိရပါတယ်။
ကျောင်းသား ၃ ယောက်ရဲ့လုပ်ရပ်နဲ့ပတ်သက်လို့ ကာယကံရှင်ဆရာမက မတ် ၂၈ ရက်နဲ့ ၂၉ ရက်မှာ ကံချိုင်ကျေးရွာ အထက်တန်းကျောင်းက ကျောင်းအုပ်ဆရာမကြီးကို ဖြေရှင်းဆုံးမပေးဖို့ တင်ပြခဲ့ပေမဲ့ မဖြေရှင်းပေးတာကြောင့် ဇွန် ၁၀ ရက်က ဟိုင်းကြီးကျွန်း မြို့ရဲစခန်းမှာ တိုင်ကြားအမှုဖွင့်လိုက်တာလို့ သိရပါတယ်။
ဟိုင်းကြီးကျွန်းမြို့ ပညာရေးဝန်ထမ်းတယောက်က “ညစ်ညမ်းတဲ့စာသားတွေနဲ့ ဆရာမလေးရဲ့ပုံက TikTok မှာ ပျံ့လာပြီးနောက် ဆရာမ သိသွားတာ။ ကျောင်းအုပ်ကြီးကို တင်ပြတာ။ ကျောင်းအုပ်ကြီးက မိဘတွေနဲ့ မကင်းရာမကင်းကြောင်းရှိတော့ အရေးယူတာ မလုပ်ပေးဘူး။ နစ်နာသူ ဆရာမက မခံနိုင်တဲ့အဆုံး ရဲစခန်းမှာ တိုင်လိုက်တာ” လို့ပြောပါတယ်။
ကာယကံရှင် ဆရာမက ကံချိုင်ကျေးရွာ အထက်တန်းကျောင်းက ကျောင်းအုပ်ဆရာမကြီးနဲ့ ဆရာမတွေရဲ့ ကိုင်တွယ်ဖြေရှင်းပုံအပေါ် မကျေနပ်တာကြောင့် ရဲစခန်းကို တိုင်ကြားခဲ့ပြီးနောက်မှ ကျောင်းသားမိဘတွေက လာရောက်တောင်းပန်ခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဉ်နဲ့ပတ်သက်လို့ ကျောင်းအုပ်ဆရာမကြီး၊ ကျောင်းသားမိဘတွေနဲ့အဖွဲ့က အလယ်တန်းပြ ဆရာမအပေါ် ကျောင်းသားတွေရဲ့လုပ်ရပ်ကို ဖုံးဖိဖို့ ကြိုးပမ်းနေတာကြောင့် နစ်နာသူဆရာမက တရားမျှတမှုရရှိရေး ဆက်လက်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။











