
အိန္ဒိယနိုင်ငံ မြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်း ဒေသတွေမှာ သီတင်းပတ်ကုန်က မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုတွေဖြစ်ပွားပြီး အနည်းဆုံး လူ ၂၅ ယောက် သေဆုံးခဲ့တယ်လို့ ဇူလိုင် ၂၀ ရက်မှာ တာဝန်ရှိသူတွေက ပြောပါတယ်။
လာမဲ့ရက်ပိုင်းအတွင်းမှာလည်း မိုးဆက်လက် ရွာသွန်းနိုင်သေးတယ်လို့ ခန့်မှန်းထားပါတယ်။
အိန္ဒိယ ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသရှိ ပွန်းချ်နဲ့ ရာဂျိုရီ ခရိုင်တွေမှာ ရုတ်တရက် ရေကြီးရေလျှံလို့ ဆောက်လုပ်ရေး စက်ကိရိယာတွေ၊ မော်တော်ယာဉ်တွေနဲ့ စတိုးဆိုင်တွေ ပျက်စီးခဲ့ရပြီး လမ်းမတွေပေါ်မှာလည်း ရွှံ့တွေနဲ့ အပျက်အစီးတွေ ဖုံးလွှမ်းသွားခဲ့ပါတယ်။
ပွန်းချ်ခရိုင်ရှိ ရေဘေးသင့် ဆောက်လုပ်ရေးစိုက်ခင်းတခုက အရည်အသွေးထိန်းသိမ်းရေး မန်နေဂျာ ရှာအီလ်ဒန်ဒြာ ပရာတက်ပ် ယာဒက်ဗ်ရဲ့ ပြောကြားချက်အရ တာယာအသစ်တွေ၊ စက်ပစ္စည်း အပိုပစ္စည်းတွေ မြစ်ထဲ မျောပါသွားခဲ့သလို စတိုခန်းထဲ ရေဝင်ပြီး ဘိလပ်မြေ အိတ်ပေါင်း ၅,၀၀၀ နဲ့ ၆,၀၀၀ ကြား ခဲသွားခဲ့တာကြောင့် ဆုံးရှုံးမှု ကြီးမားခဲ့တယ်လို့ သိရပါတယ်။
ရာဂျိုရီခရိုင်မှ ဒေသခံ ဟာဖိဇ် အာမဒ် ကလည်း ဒီရေကြီးမှုကြောင့် လူတွေရဲ့ နေအိမ်တွေနဲ့ စာအုပ်စာစောင်တွေ ပျက်စီးခဲ့ရပြီး ဒေသခံတွေကို လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ဆီ ခေတ်နောက်ပြန် ရောက်သွားစေခဲ့ကြောင်း၊ ဆိုင်ခန်းငှားရမ်းထားသူ တော်တော်များများလည်း ဆုံးရှုံးမှု ကြီးမားခဲ့တာကြောင့် ပြန်လည်နေရာချထားရေးနဲ့ စီးပွားရေးလုပ်ငန်းတွေ ပြန်လည်ထူထောင်နိုင်ဖို့ ဒေလီအစိုးရနဲ့ ပြည်ထောင်စုနယ်မြေ အစိုးရတို့က အကူအညီပေးဖို့ တောင်းဆိုထားပါတယ်။
ခရိုင် ၂ ခုစလုံးမှာ အဆောက်အအုံတွေ ပျက်စီးပြီး မော်တော်ယာဉ်တွေ ရွှံ့နွံထဲ နစ်မြုပ်ခဲ့ရသလို ဝမ်းစာရှာဖွေရေး လုပ်ငန်းတွေလည်း ပျက်စီးခဲ့ရတာကြောင့် ဒေသခံတွေဟာ အပျက်အစီးတွေကို စတင်ရှင်းလင်းပြီး ဆုံးရှုံးမှုတွေကို တွက်ချက်နေကြရပါတယ်။
Source: Reuters











