DVB Logo
Home
မြန်မာသတင်း
အစိုးရက ဘတ်ဂျက် ကျပ် ၂၄၆၄ ဘီလျံကျော် ထပ်တောင်းမှု လွှတ်တော်အမတ်များ ဝေဖန်
DVB
·
December 1, 2015
အစိုးရက ဘတ်ဂျက် ကျပ် ၂၄၆၄ ဘီလျံကျော် ထပ်တောင်းမှု လွှတ်တော်အမတ်များ ဝေဖန်
Donate to DVB

၂၀၁၅-၁၆ ဘဏ္ဍာနှစ်အတွက် အစိုးရ ၀န်ကြီးဌာနတွေက ကျပ် ၂၄၆၄ ဘီလျံကျော် ထပ်မံတောင်းခဲ့တဲ့အပေါ် နိုဝင်ဘာ ၃၀ ရက်နေ့ ပြည်ထောင်စုလွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ်တွေက ဝေဖန်ဆွေးနွေးခဲ့ကြပါတယ်။

"သုံးလပဲ ကျန်တော့တဲ့အချိန်မှာ အချိန်ကာလနဲ့မမျှအောင် တောင်းခံထားတာကို တွေ့ရပါတယ်။ အထူးသတိပြု စိစစ်သင့်တာကတော့ အမြဲတမ်း အရှုံးပေါ်နေတဲ့ စက်မှုဝန်ကြီးဌာနအောက်က လုပ်ငန်းများ၊ ရထားပို့ဆောင်ရေးလုပ်ငန်းများ၊ မြန်မာ့စီးပွားရေးဘဏ်စတဲ့လုပ်ငန်းတွေပဲ ဖြစ်ပါတယ်။ ဘာကြောင့်ရှုံးတယ်ဆိုတဲ့ အပေါ်မှာ မူတည်ပြီး ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်များချနိုင်မှာ ဖြစ်ပါတယ်။" လို့ ပုလဲမဲဆန္ဒနယ်က ဒေါ်ခင်စန်းလှိုင်က ဆွေးနွေးပါတယ်။

ဖြည့်စွက်ခွင့်ပြုငွေကိုဝန်ကြီးဌာနတွေက စိစစ်တဲ့အခါ လုပ်ငန်းပြီးစီးတဲ့ အခြေအနေကိုရော ကွင်းဆင်းစစ်ဆေးခဲ့တာရှိမရှိမေးခွန်းထုတ်တာရှိသလို တောင်းခံလာတဲ့ ငွေတွေဟာလည်း ဖြည့်စွက်ခွင့်ပြုနိုင်တဲ့ ရာခိုင်နှုန်း ပမာဏထက် ကျော်နေတယ်လို့ ကိုယ်စားလှယ်တွေက ဝေဖန်ခဲ့ကြတာရှိပါတယ်။

သာပေါင်းမဲဆန္ဒနယ်က လွှတ်တော်အမတ် ဦးဝင်းသန်းကတော့ "ပို့ဆောင်ရေးကပဲ တံတားဆောက်ဆောက်၊ ဆောက်လုပ်ရေးကပဲ ဆောက်ဆောက်၊ ရထားကပဲ ဆောက်ဆောက်၊ နယ်စပ်ရေးရာကပဲ ဆောက်ဆောက်၊ ဘယ်သူပဲ တံတားဆောက်ဆောက်၊ ဒီဇိုင်းကို အခြေပြုပြီး ဘတ်ဂျက်တောင်းခံတာ ဖြစ်တဲ့အတွက် စံနှုန်းတူသင့်ပါတယ်။ တံတားဆောက်ပြီးလို့ ၂ နှစ်လောက်၊ ၃ နှစ်လောက်ကြာမှ ချဉ်းကပ်လမ်းအတွက် ပြင်ရပါတယ်ဆိုတာက ဘယ်လိုမှ သဘာဝမကျတဲ့အတွက် မူသဘောအရ တပြေးညီ ဖြစ်သင့်ပါတယ်" လို့ ဝေဖန်ဆွေးနွေးပါတယ်။

မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေနဲ့ မူလတောင်းခံငွေမရှိဘဲ ဖြည့်စွက်တောင်းခံငွေကတော့ နှစ်ကြိမ်တောင် ရှိနေတယ်လို့လည်း သူက ပြောပါတယ်။

ဗဟိုဘဏ်အနေနဲ့လည်း ၅၀၀၀ တန် ငွေဒင်္ဂါးထုတ်ဝေဖို့အတွက် ခွင့်ပြုချက်မတောင်းခဲ့ဘဲ အခုမှ အဲဒီအတွက်လိုငွေလာတောင်းနေတယ်လို့ ကိုယ်စားလှယ်တွေက ဝေဖန်ပါတယ်။

ဖြည့်စွက်ခွင့်ပြုငွေဟာ မူလခွင့်ပြုငွေရဲ့ အများဆုံး ၈ ရာခိုင်နှုန်းပဲ တောင်းခွင့်ရှိပေမယ့် ပိုတောင်းနေတဲ့ ၀န်ကြီးဌာန ၁၄ ခုတောင် ရှိနေတာပါ။

ဒီအထဲမှာ ရန်ကုန်လျှပ်စစ်ဓာတ်အား ကော်ပိုရေးရှင်းက ၃၈၉ ဒသမ ၆၇၇ ဘီလျံနဲ့  မန္တလေး လျှပ်စစ်ဓာတ်အား ကော်ပိုရေးရှင်းက ၁၄၆ ဒသမ ၉၄၆ ဘီလျံ ထပ်မံတောင်းခံခဲ့တာပါ။

လုပ်ငန်း မပြီးပြတ်တာတွေ ရှိနေတဲ့အပြင် ပြီးခဲ့တဲ့ ၂ နှစ်၊ ၃ နှစ်လောက်က ဘတ်ဂျက်တွေကိုလည်း ဆက်လက်သုံးစွဲပြီး လိုငွေတွေ ထပ်တောင်းနေတာလည်း ရှိပါတယ်။

ဝန်ကြီးဌာနတွေကတော့ ဒေါ်လာငွေလဲလှယ်နှုန်း အပြောင်းအလဲကြောင့် ငွေတွေ ထပ်တောင်းရတယ်လို့လည်း အကြောင်းပြချက် ပေးထားပါတယ်။

ဒါတွေနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ ၀န်ကြီးဌာနတွေက ဒီဇင်ဘာ ၂ ရက်ကစပြီး ပြည်ထောင်စုလွှတ်တော်မှာ လာရောက်ရှင်းလင်း ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013