
ဂျပန်ကလပ် ဂမ်ဘာအိုဆာကာအသင်းက စီရော်နယ်ဒို ဦးဆောင်တဲ့ ဆော်ဒီကလပ် အယ်လ်နာဆာအသင်းရဲ့ ပထမဆုံး အဓိကဆုဖလားတခုရမဲ့ အိမ်မက်ကို ဖျက်ဆီးလိုက်ပါတယ်။
မေ ၁၆ ရက်က ကစားခဲ့တဲ့ အာရှချန်ပီယံလိဂ် ၂ ဗိုလ်လုပွဲမှာ အယ်လ်နာဆာအသင်းကို ဂမ်ဘာအိုဆာက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ယူခဲ့တာပါ။
ဒီပွဲမှာ တလုံးတည်းသော အနိုင်ဂိုးကို ဒန်းနစ်ဟုမ္မက်က ပွဲချိန် မိနစ် ၃၀ မှာ သွင်းယူခဲ့ပါတယ်။ အယ်လ်နာဆာက ဘောလုံးပိုင်ဆိုင်မှုများပြီး အခွင့်အရေးတွေလည်း ပိုရခဲ့ပေမဲ့ ချေပဂိုးတော့ မရနိုင်ခဲ့ပါဘူး။
စီရော်နယ်ဒိုအတွက်တော့ ဆော်ဒီကို ပြောင်းလာပြီး ၄ ရာသီအတွင်း ပထမဆုံး အဓိကဖလားကို တလုံးရဖို့ မျှော်လင့်ထားတာဖြစ်ပြီး ၂၀၁၈ ခုနှစ်မှာ ရီးရဲလ်မက်ဒရစ်နဲ့ ဥရောပချန်ပီယံလိဂ် ဖလားရပြီးနောက်ပိုင်း ပထမဆုံး အာရှတိုက်ရဲ့ အဓိက ဆုဖလားတခုရမဲ့ အခွင့်အရေး လက်လွှတ်ခဲ့ရတာပါ။
အခုဖလား လက်လွှတ်ရပေမဲ့ ရော်နယ်ဒို အတွက် မျှော်လင့်ချက် မကုန်သေးပါဘူး။ အယ်လ်နာဆာအသင်းဟာ လာမဲ့ကြာသပတေးနေ့မှာ ဒမ်မက်ခ် အသင်းကို အနိုင်ရရင် ဆော်ဒီပရိုလိဂ်ဖလား ရနိုင်သေးတာကြောင့် ဒီရာသီ ဖလားလက်မဲ့ မဖြစ်အောင် ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
ဂမ်ဘာအိုဆာကာအသင်း အတွက်တော့ ဒီအောင်ပွဲက ၂၀၀၈ ခုနှစ် AFC ချန်ပီယံလိဂ် ဖလားပြီးနောက် ဒုတိယမြောက် အာရှချန်ပီယံဖလား ဖြစ်လာပါတယ်။










