
ဥရောပချန်ပီယံ ပီအက်စ်ဂျီအသင်းကို အိမ်ကွင်းမှာ ဧည့်ခံရမဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မတိုင်ခင် လီဗာပူးနည်းပြ စလော့က အန်ဖီးလ်မှာ ထူးခြားတဲ့ အရာတွေလုပ်ပြနိုင်မယ်လို့ ယုံကြည်ကြောင်း ပြောဆိုလိုက်ပါတယ်။
ပထမအကျော့မှာ (၂-၀) ဂိုး နဲ့ ရှုံးနိမ့်ထားခဲ့ပေမဲ့ အန်ဖီးလ်ကွင်းရဲ့ အရှိန်အဝါနဲ့ ပရိသတ်တွေရဲ့ အားပေးမှုဟာ ရလဒ်ကို ပြောင်းလဲပစ်နိုင်မယ်လို့ သူက မျှော်လင့်နေတာပါ။
အသင်းခေါင်းဆောင် ဗန်ဒိုက်ကလည်း ၂၀၁၉ ခုနှစ်က ဘာစီလိုနာကို (၄-၀) ဂိုးနဲ့ အနိုင်ယူပြီး နောက်တဆင့်တက်ခဲ့တဲ့ သမိုင်းဝင်ညမျိုး ထပ်မံဖန်တီးနိုင်ဖို အားလုံးကို တိုက်တွန်းထားပါတယ်။
ဒီပွဲမှာ စလော့အနေနဲ့ လူငယ်ကြယ်ပွင့် ငုမိုဟာ ဒါမှမဟုတ် ဝါရင့်တိုက်စစ်မှူး ဆာလာ ဘယ်သူ့ကို ပွဲထုတ်မလဲဆိုတာ စိတ်ဝင်စားစရာ ဖြစ်နေပါတယ်။
လီဗာပူးအနေနဲ့ ဒီရာသီမှာ ပရီးမီးယားလိဂ်ရလဒ်တွေ ဆိုးရွားနေတာကြောင့် ချန်ပီယံလိဂ်မှာ အလှည့်အပြောင်းတခု ဖန်တီးနိုင်ဖို့ ပိုပြီးအရေးကြီးနေပါတယ်။











