
ကမ္ဘောဒီးယား အယူခံတရားရုံးက ထောင်ကျနေတဲ့ အတိုက်အခံခေါင်းဆောင် ခမ်ဆိုခါရဲ့ နိုင်ငံတော် သစ္စာဖောက်မှုကို ကြားနာတဲ့ တရားခွင်ကို ဧပြီ ၈ ရက်မှာ ပြန်စခဲ့ပါတယ်။
နောက်ဆုံးတရားခွင်ကို ရုတ်တရက် ရွှေ့ဆိုင်းပြီးတဲ့နောက် ၃ လကျော်အကြာမှာ ပြန်စခဲ့တာပါ။ ဖနွမ်းပင်မြူနီစီပယ် တရားရုံးက အသက် ၇၂ နှစ်အရွယ် ခမ်ဆိုခါကို နိုင်ငံခြား အင်အားကြီးနိုင်ငံ တခုနဲ့ ပူးပေါင်းကြံစည်မှုအတွက် ၂၀၂၃ ခုနှစ် မတ်လမှာ ထောင်ဒဏ် ၂၇ နှစ် ချမှတ်ခဲ့ပါတယ်။
သူ့ရဲ့ အရပ်ဘက်နဲ့ နိုင်ငံရေးအခွင့်အရေးတွေကို တသက်တာ ပိတ်ပင်ဖို့ကိုလည်း တရားရုံးက အမိန့်ချမှတ်ခဲ့ပါတယ်။
ကြားနာပွဲကို တက်ရောက်ခဲ့တဲ့ သံတမန်တွေထဲမှာ ဥရောပသမဂ္ဂနဲ့ ဗြိတိန်သံအမတ်ကြီးတွေ ပါဝင်ခဲ့ပြီး အမှုကို အနောက်နိုင်ငံတွေ ရှေ့မှောက်မှာ ဆက်စစ်ဆေးနေတဲ့ လက္ခဏာတရပ် ဖြစ်ပါတယ်။
ခမ်ဆိုခါက ရဲတပ်ဖွဲ့ အခြံအရံ အများအပြားနဲ့အတူ ရောက်လာတာပါ။ သူ့ရှေ့နေ ဖန်းဟန်နဲ့ ထောက်ခံသူတွေက အောက်တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ပယ်ဖျက်သင့်တယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။
ကမ္ဘောဒီးယားကို နှစ် ၄၀ နီးပါး အုပ်ချုပ်ခဲ့တဲ့ အာဏာရှင်လို့ ခေါ်ခံရတဲ့ ဟွန်ဆန်ကို ဖြုတ်ချဖို့ အမေရိကန်နဲ့ ပူးပေါင်းကြံစည်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ၂၀၁၇ ခုနှစ်မှာ ခမ်ဆိုခါ အဖမ်းခံရတာပါ။
အခု ဖျက်သိမ်းလိုက်ပြီဖြစ်တဲ့ ကမ္ဘောဒီးယား အမျိုးသားကယ်ဆယ်ရေးပါတီ (CNRP) ကို ဦးဆောင်ခဲ့တဲ့ ခမ်ဆိုခါက စွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ပြီး အမေရိကန်အစိုးရက စွပ်စွဲချက်တွေကို “လုပ်ကြံထားတဲ့ ပူးပေါင်းကြံစည်မှု သီအိုရီတွေ” အဖြစ် ပယ်ချခဲ့ပါတယ်။
Source: Reuters











