
အာဏာသိမ်း ၅ နှစ်တာကာလမှာ စစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေကြောင့် ကျဆုံးခဲ့ရတဲ့ အမျိုးသမီးဦးရေဟာ ၂,၁၀၀ ကျော် ရှိလာခဲ့ပြီး ညှဉ်းပန်းနှိပ်စက်မှုကြောင့် အကျဉ်းထောင်၊ ရဲစခန်းနဲ့ စစ်ကြောရေးတွေမှာ ကျဆုံးခဲ့ရတဲ့ အမျိုးသမီး အယောက် ၄၀ ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၆ နှစ်ပြည့်မှာ အစီရင်ခံစာထုတ်ပြန်ချက်အရ သိရပါတယ်။
စစ်အုပ်စုရဲ့ ရက်စက်ယုတ်မာမှုတွေရဲ့အကြား နိုင်ငံရေးအကျဉ်းသူတွေ ရင်ဆိုင်ကျော်ဖြတ်နေရတဲ့ အခြေအနေတွေ၊ မှတ်တမ်းတိုတွေကို “နရသိန်တွင်းက အဖိနှိပ်ခံ အမျိုးသမီးများ” ခေါင်းစဉ်နဲ့ AAPP ဖွဲ့စည်းတည်ထောင်ခြင်း ၂၆ နှစ်ပြည့်မှာ အစီရင်ခံ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
အာဏာသိမ်းပြီး တနှစ်အတွင်းမှာပဲ AAPP က နွေဦးတော်လှန်ရေးအတွင်း ကျဆုံးခဲ့ရတဲ့ အမျိုးသမီး ၁၀၄ ယောက်ရဲ့ အကြောင်းကို ‘ဣတ္ထိယသွေး နွေဦးတေး’ ဆိုတဲ့ အစီရင်ခံစာ တစောင်ကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ထုတ်ပြန်ခဲ့ပြီး အဲဒီအထဲ မှတ်တမ်းတင်ဖို့ အခက်အခဲအမျိုးမျိုးကြောင့် တိုက်ပွဲအတွင်း ကျဆုံးသွားသူတွေ မပါကြောင်း သိရပါတယ်။
၂၀၂၆ ခုနှစ်၊ မတ် ၁ ရက်မှ ၂၀ ရက်အထိ ရက်ပေါင်း ၂၀ အတွင်း ပဲခူးတိုင်း တခုတည်းမှာ စစ်တပ်ကြောင့် အမျိုးသမီး ၂၈ ယောက်နဲ့ အမျိုးသား ၁၆ ယောက် စုစုပေါင်း ၄၄ ယောက် သေဆုံးခဲ့ရကြောင်းကိုလည်း အမည်နဲ့တကွ အတည်ပြုနိုင်ခဲ့ပြီး ၂ နှစ်အရွယ် ယောက်ျားလေး ၂ ယောက် အပါအဝင် အသက် ၁၈ နှစ်အောက် ကလေး ၂၁ ယောက် ပါဝင်တယ်လို့ သိရပါတယ်။
၂၀၂၁ ခု ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၆ ခု မတ် ၂၀ ရက်အထိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရတဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေနဲ့ ပြည်သူစုစုပေါင်းမှာ ၇၉၃၈ ယောက် ရှိခဲ့တဲ့ပြင် အာဏာသိမ်းဖြစ်စဉ်နဲ့ ဆက်စပ်ပြီး ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၃၀,၆၆၇ ယောက်နဲ့ အဲဒီအထဲ ၂၂,၃၅၈ ယောက်က ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူတွေထဲမှာမှ ၁၁,၂၂၆ ယောက်မှာ ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ AAPP က ထုတ်ပြန်ပါတယ်။










