DVB Logo
Home
မြန်မာသတင်း
နိုင်ငံခြားငွေ ကိုင်ဆောင်ခွင့်လိုင်စင်များ ဗဟိုဘဏ် စတင်ရုပ်သိမ်း
DVB
·
October 19, 2015
နိုင်ငံခြားငွေ ကိုင်ဆောင်ခွင့်လိုင်စင်များ ဗဟိုဘဏ် စတင်ရုပ်သိမ်း
Donate to DVB

မြန်မာနိုင်ငံတွင်းမှာ နိုင်ငံခြားငွေ လက်ခံကိုင်ဆောင်ခွင့်ပြုထားတဲ့ လုပ်ငန်းလိုင်စင်တွေ အားလုံးကို နိုင်ငံတော်ဗဟိုဘဏ်က ဒီကနေ့ အောက်တိုဘာ ၁၉ ရက်နေ့မှာ စတင် ရုပ်သိမ်းလိုက်ပါတယ်။

ပြည်တွင်းမှာ အမေရိကန်ဒေါ်လာသုံးစွဲမှု ကျယ်ပြန့်လာတာနဲ့အမျှ ကျပ်ငွေတန်ဖိုးကလည်း ကျဆင်းမှု ရှိနေချိန်မှာ နိုင်ငံတော်ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ သုံးစွဲမှုကို လျော့ကျစေဖို့ ခုလို ဆောင်ရွက်လိုက်တာပါ။

နိုင်ငံခြားငွေ ကိုင်ဆောင်ခွင့်ပြုထားတဲ့ လုပ်ငန်းတွေထဲမှာ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း၊ စားသောက်ဆိုင်၊ အကောက်ခွန်ကင်းလွတ်ခွင့်ပြုထားတဲ့ဆိုင် (Duty Free Shop)၊ လေကြောင်းလိုင်း၊ ဆေးရုံ၊ ဆက်သွယ်ရေးလုပ်ငန်း စတဲ့လုပ်ငန်းတွေကအစ နာရေးကူညီမှုလုပ်ငန်းအဆုံး ပါဝင်ပြီး ဒီလုပ်ငန်းတွေအနေနဲ့ နိုဝင်ဘာလ ၃၀ ရက် နောက်ဆုံးထားပြီး လိုင်စင် ပြန်လည်အပ်နှံဖို့ ဗဟိုဘဏ်က သတိပေး  ညွှန်ကြားချက် ထုတ်ပြန်ထားပါတယ်။

ဗဟိုဘဏ်ရဲ့ အခုလို လုပ်ဆောင်မှုက ပြည်တွင်းဒေါ်လာသုံးစွဲမှုကို လျော့ကျစေမယ့်အပြင် ဒေါ်လာလိုအပ်ချက်ကိုလည်း ဖြည့်ဆည်းပေးနိုင်မယ်လို့ မျှော်လင့်တဲ့အကြောင်း ဘဏ်လုပ်ငန်းနဲ့ ငွေရေးကြေးရေးဆိုင်ရာ ကျွမ်းကျင်သူ ကမ္ဘောဇဘဏ်ရဲ့ အကြံပေး ဦးသန်းလွင်က ဒီဗွီဘီကို ပြောပါတယ်။

“ယိုးဒယားမှာ ဟိုတယ်တည်းတယ်ဆိုရင် သူတို့ဘတ်ငွေနဲ့ပဲ ချေရတာ။ ဒေါ်လာသွားပေးလို့မရဘူး။ ဒေါ်လာပါတယ်လို့ပြောရင် ငွေလဲကောင်တာမှာ သွားလဲပါ၊ ပြီးမှ ဘတ်ငွေနဲ့ ချေခိုင်းတယ်။ ဒါကြောင့် ဒီမှာလည်း မြန်မာကျပ်ငွေနဲ့ချေပေါ့။ ဒါဆိုရင် ဒေါ်လာသုံးစွဲမှုကို လျှော့ချနိုင်မှာလေ။ မဟုတ်ရင် လူတွေက ဒေါ်လာပေးနေရတယ်ဆိုရင် ဈေးကွက်မှာ ဒေါ်လာသွားဝယ်ဦး၊ ဒီတော့ ဒေါ်လာဝယ်လိုအားက တက်တက်လာတယ်လေ။”

ဒါ့ပြင် ပြည်တွင်းမှာ ရွေးကောက်ပွဲကာလအလွန် ၀င်ရောက်လာမယ့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့အတူ ခုနှစ်ကုန်ပိုင်း အကောင်အထည်ပေါ်လာမယ့် စတော့ဈေးကွက်ကြောင့်လည်း နိုင်ငံခြားငွေတွေ ၀င်ရောက်လာမှာဖြစ်လို့ ပြည်တွင်းကျပ်ငွေတန်ဖိုးက ပြန်မာလာမယ်လို့ မျှော်လင့်တယ်လို့လည်း ဦးသန်းလွင်က သုံးသပ်ပြောပါတယ်။

“နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့အတူ စတော့အိတ်ချိန်းကနေတဆင့် နောက်ပိုင်းကျရင် နိုင်ငံခြားသားတွေကို စတော့ရှယ်ယာတွေ ၀ယ်ယူခွင့်ပြုမှာဖြစ်လို့ နိုင်ငံခြားငွေတွေလည်း ၀င်ရောက်လာမှာဖြစ်တယ်။ အဲ့အချိန်ကျရင် ၀ယ်လိုအားနဲ့ ရောင်းလိုအားက မျှသွားလိမ့်မယ်။ ဒီတော့ ၀ယ်လိုအား များလာလို့ရှိရင် ကျပ်ငွေတန်ဖိုးလည်း အလိုလိုပြန်မာလာပါလိမ့်မယ်။”

ကုန်သည်စက်မှုအသင်းချုပ် ဒု-ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးကတော့ နိုင်ငံခြားငွေ ကိုင်ဆောင်ခွင့် ပြုထားတဲ့ လုပ်ငန်းလိုင်စင် ပြန်လည်ရုပ်သိမ်းတာနဲ့ ပတ်သက်လို့ ပြည်တွင်းက ပို့ကုန်၊ သွင်းကုန်လုပ်ငန်းတွေအပေါ် သက်ရောက်မှု မရှိနိုင်ဘူးလို့ ပြောပါတယ်။

“အခုလိုလုပ်တာက မြန်မာကျပ်ငွေကို ယုံကြည်အားကိုးပြီး သုံးစွဲလာမှာ ဖြစ်တဲ့အပြင် ဒေါ်လာရှားပါးမှုကိုလည်း တားဆီးနိုင်မှာဖြစ်တယ်၊ ပြီးတော့ ပို့ကုန်သွင်းကုန်လုပ်ငန်း အပေါ်မှာတော့ ဒါက သက်ရောက်မှုတော့ မရှိနိုင်ဘူးလို့ထင်တယ်။ တကယ်လို့ ရှိခဲ့ရင် ဒါက ပို့ကုန်သွင်းကုန်လုပ်ငန်းကို နှောင့်နှေးကြန့်ကြာစေပြီး အခက်အခဲတွေ ရှိလာနိုင်တယ်။ ဒါကြောင့် ပို့ကုန်သွင်းကုန်လုပ်ငန်း အပေါ်မှာတော့ သူတို့ တားဆီးပိတ်ပင်တာမျိုးတော့ ရှိမှာမဟုတ်ပါဘူး။”

နိုင်ငံတော်ဗဟိုဘဏ်ကတော့ ပြည်တွင်းမှာ ရောင်းဝယ်တဲ့ ကုန်ပစ္စည်းနဲ့ ၀န်ဆောင်မှုတွေအတွက် ကျင်သင့်ငွေကို နိုင်ငံခြားငွေနဲ့ ရယူပေးချေတာတွေကြောင့် ပြည်တွင်း ဒေါ်လာ ကျယ်ပြန့်စွာ သုံးစွဲမှု ဖြစ်လာတာ၊ ဒေါ်လာလိုအပ်ချက်ပမာဏ မြင့်မားလာတာ၊ ကျပ်ငွေအသုံးဝင်မှု အခန်းကဏ္ဍ လျော့ကျလာတာတွေကြောင့် ငွေလဲမှုန်း မတည်မငြိမ်ဖြစ်လာပြီး နိုင်ငံငွေကြေးကဏ္ဍ မတည်မငြိမ် ဖြစ်ပေါ်စေနိုင်တဲ့အတွက် ခုလို ဆောင်ရွက်တာလို့ ဗဟိုဘဏ် ဒု-ညွှန်ကြားရေးမှူးချုပ် ဦးဝင်းသော်ရဲ့ သက်ဆိုင်ရာသို့ အကြေားကြားစာမှာ ဖော်ပြထားပါတယ်။

နိုင်ငံအတွင်း ကုန်ပစ္စည်းနဲ့ ၀န်ဆောင်ခတွေအားလုံး ပြည်တွင်းသုံး ကျပ်ငွေတွေနဲ့သာ ဆောင်ရွက်သွားကြဖို့နဲ့ ငွေသားကိုင်တွယ်သုံးစွဲမှု လျှော့ချနိုင်ရန်အတွက် ဘဏ်ကတ်တွေနဲ့ အွန်လိုင်းငွေချေစနစ်တွေ ပိုမိုသုံးစွဲကြဖို့လည်း ဗဟိုဘဏ်က တိုက်တွန်းထားပါတယ်။

လက်ရှိ ဗဟိုဘဏ်က နေ့စဉ်သတ်မှတ်ပေးတဲ့ ရည်ညွှန်းငွေလဲနှုန်းက ဒီကနေ့ အောက်တိုဘာလ ၁၉ ရက်နေ့မှာ အမေရိကန် ၁ ဒေါ်လာကို ၁၂၈၃ ကျပ်ရှိပြီး ပြင်ပမှာတော့ ၁၂၈၅ ကျပ်နဲ့ အရောင်းအ၀ယ် ဖြစ်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013