DVB Logo
Home
မြန်မာသတင်း
သတင်းဌာနများ ဘက်မလိုက်ရန် ရွေးကောက်ပွဲ ကော်မရှင် သတိပေး
DVB
·
October 19, 2015
သတင်းဌာနများ ဘက်မလိုက်ရန် ရွေးကောက်ပွဲ ကော်မရှင် သတိပေး
Donate to DVB

သတင်းဌာနများအနေနဲ့ မီဒီယာကျင့်ဝတ်နဲ့အညီ ဘက်မလိုက်ဖို့နဲ့ မတိကျ မမှန်ကန်၊ ဘက်လိုက်တဲ့ သတင်းထုတ်လွှင့်ချက်တွေဟာ လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲ တည်ငြိမ် အေးချမ်းစွာ ကျင်းပနိုင်ရေးကို ထိခိုက်စေနိုင်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က သတိပေး ထုတ်ပြန်လိုက်ပါတယ်။

အန်အယ်လ်ဒီပါတီ အလံတပ် ဆိုက်ကားတွေကို ကြံ့ခိုင်ရေးပါတီက ရေဒီယိုနဲ့ ပိုက်ဆံတွေပေးပြီး မဲဆွယ်စည်းရုံးနေကြောင်း လှိုင်သာယာမြို့နယ်နေသူတဦးရဲ့ ပြောဆိုချက်ကို ဘီဘီစီ (မြန်မာပိုင်း) က အောက်တိုဘာ ၁၈ ရက်မနက်ပိုင်း အစီအစဉ်မှာ ထုတ်လွှင့်သွားတယ်ဆိုပြီး ကော်မရှင်က သတိပေးလိုက်တာပါ။

“အဆိုပါ ထုတ်လွှင့် ပြောကြားချက်အရ ငွေပေးမဲဆွယ်ပါက ရွေးကောက်ပွဲဥပဒေ ၅၈(က) အရ လာဘ်ပေးခြင်းနဲ့ ငြိစွန်းပြီး ၁ နှစ်ထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ၊ ကျပ် ၁ သိန်းထက်မပိုတဲ့ ငွေဒဏ်ဖြစ်စေ၊ ဒဏ် ၂ ရပ်စလုံးဖြစ်စေ ချမှတ်ခံရမည်။ အန်အယ်လ်ဒီအလံထောင် နဖူးစည်းထားသူတွေအား အခြားပါတီမှ ငွေပေး မဲဆွယ်စည်းရုံးမည်မဟုတ်ပါ။ ငွေပေးစည်းရုံးပါကလည်း သိက္ခာချလို၍ လုပ်ကြံဆောင်ရွက်ချက်သာဖြစ်မည်ဟု ယူဆသည်” လို့ ကော်မရှင် သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အနေနဲ့ ဒီသတင်းနဲ့ပတ်သက်ပြီး သူ့ရဲ့ ယူဆချက်ကိုသာ ရေးသားထားတာဖြစ်ပြီး ဒီသတင်း မမှန်ကန်ကြောင်း အချက်အလက် အထောက်အထားတွေကိုတော့ သတင်းထုတ်ပြန်ချက်မှာ ရေးသားထားခြင်း မရှိပါဘူး။

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ ယာယီ အဖွဲ့ဝင် ဦးဇော်သက်ထွေးကတော့ ခုလို မီဒီယာတခုထဲကို ရွေးပြီး ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်လိုက်တာကို အံ့အားသင့်မိတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

“အခုလိုမျိုး မီဒီယာတခုထဲကို ထုတ်ပြီးတော့မှ စာနယ်ဇင်းကျင့်ဝတ်နဲ့ အညီလုပ်ဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီလိုမျိုး ထုတ်ပြန်လိုက်တာကိုတော့ အံ့အားသင့်မိတယ်။ ဒီလိုမျိုးသာ ထုတ်ပြန်မယ်၊ ဝေဖန်ထောက်ပြမယ် ဆိုလို့ရှိရင်တော့ ဘီဘီစီတင် မကပါဘူး၊ မီဒီယာတွေ အများကြီးမှာလည်း အားနည်းချို့ယွင်းချက်တွေ ရှိနိုင်ပါတယ်။ သို့သော် မီဒီယာတွေမှာက ဘယ်သတင်းမဆို မျှမျှတတနဲ့ရေးရမယ်၊ နောက် မှန်မှန်ကန်ကန်လည်း ရေးရမယ်။ ကိုယ့်သတင်းကို တာဝန်ယူမှုရှိမယ်ဆိုတဲ့ အချက် ၃ ချက်ကို အနိမ့်ဆုံး လိုက်နာနိုင်ရင် ကျနော်တို့ ငြင်းခုန်ဖွယ်ရာ မရှိပါဘူး။ ထင်မြင်ချက်မှာ လွတ်လပ်စွာ ရေးသားတင်ဆက်ခွင့် ရှိပါတယ်။ အန်အယ်လ်ဒီကို ထောက်ခံသည်ဖြစ်စေ၊ မိမိယုံကြည်ရာပါတီကို ထောက်ခံသည်ဖြစ်စေ ထင်မြင်ချက်မှာတော့ တင်ဆက်လို့ရတယ်။ သတင်းမှာတော့ တင်ဆက်လို့ မရပါဘူး။ အဲတော့ ဒီပြဿနာကို ကြည့်မယ်ဆိုလို့ရှိရင် ဘီဘီစီက ထုတ်လွှင့်တဲ့ သတင်းနဲ့ ပတ်သက်ပြီးတော့ ဆိုက်ကားတွေမှာ အန်အယ်လ်ဒီအလံ  စိုက်ပြီးတော့ နဖူးစည်းထားတာ အန်အယ်လ်ဒီ အစိုးရဖွဲ့နိုင်ဖို့ မျှော်လင့်ကြောင်း ပြောဆိုချက်ဟာ မှန်မမှန် သက်ဆိုင်ရာ မီဒီယာတွေက သက်သေပြနိုင်ရင် ဒီပြဿနာက ပြီးဆုံးသွားမယ်လို့ ယူဆပါတယ်။”

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကတော့ သတင်းဌာနတွေ အနေနဲ့ မိမိတို့ရဲ့ သိက္ခာကို လေးစားပြီး မီဒီယာကျင့်ဝတ်များနဲ့အညီ ရေးသားထုတ်လွှင့်သွားကြဖို့ အောက်တိုဘာ ၁၈ နေ့ သတင်းထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013