
ထိုင်းနိုင်ငံ ဘန်ကောက်မြို့၊ ဘန်ကပီမြို့နယ်၊ လမ်ကဖဲင် ၅၂/၁ မှာ ရွှေ့ပြောင်းနေထိုင်ကြတဲ့ ပအိုဝ်းတိုင်းရင်းသားအချင်းချင်း ခိုက်ရန်ဖြစ်ပွားခဲ့ပြီးနောက် သေနတ်နဲ့ ပတ်ခတ်တာကြောင့် ၄ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဉ်မှာ ဧပြီ ၁၅ ရက်က ရေပတ်ကစားနေစဉ် စကားများရာမှ ခိုက်ရန်ဖြစ်ပွားခဲ့ပြီး မကျေနပ်မှုတွေကြောင့် ဧပြေ ၁၆ ရက်မှာ ထပ်မံချိန်းဆိုခဲ့ကြတာလို့ ကိုယ်တိုင်မြင်ခဲ့ရတဲ့ ရွှေ့ပြောင်းလုပ်သားတယောက်က ပြောပါတယ်။
"သူတို့က ချိန်းပြီး တိုက်ခိုက်ကြတာပါ။ အစက ဓားတွေ၊ တုတ်တွေနဲ့ပဲ တိုက်ခိုက်ကြတယ်။ နောက်မှ အော်သံတွေကော၊ ဆူညံနေတော့ ပတ်ဝန်းကျင်ထွက်ကြည့်ကြတော့ သေနတ်ထုတ်ပြီး ပစ်ခတ်မှုဖြစ်ပွားတာ၊ ၁၅မိနစ်အတွင်းပဲ ငြိမ်သွားတယ်။”
အဆိုပါ ခိုက်ရန်ဖြစ်မှုအတွင်း လူ ၃ ယောက် ဓားခုတ်ဒဏ်ရာရခဲ့ပြီး တယောက်ကတော့ သေနတ်နဲ့ ပစ်ခတ်ခံရကာ ခြေထောက်မှာ ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒဏ်ရာရရှိသူတွေကို နီးစပ်ရာ ဆေးရုံပို့ဆောင်ပြီး ကုသမှုခံယူနေရကြောင်း၊ ထိုင်းရဲတပ်ဖွဲ့က ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပါဝင်ပတ်သက်သူတွေကို စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။
အခင်းဖြစ်ပွားခဲ့တဲ့ လမ်ကဖဲင် ၅၂/၁ လမ်းမှာ ထိုင်းရဲတပ်ဖွဲ့တွေက လုံခြုံရေးချထားပြီး အဝင်အထွက်ကိုလည်း တင်းတင်းကျပ်ကျပ်ကျပ်ကျပ် စစ်ဆေးနေလို့ မြန်မာနိုင်ငံသားအနေနဲ့ သတိထားသွားလာကြဖို့ သတိပေးထားပါတယ်။











