
နှစ်စဉ် ခရီးသွားသန်းနဲ့ချီ လာရောက်တဲ့ ကမ္ဘာ့အမွေအနှစ် ယဉ်ကျေးမှုဒေသ ပုဂံ-ညောင်ဦးဒေသမှာ ဒီနှစ်အတွင်း လုယက်ပြန်ပေးဆွဲမှုတွေ ထပ်မံဖြစ်ပေါ်လာနေပြီး ဒါကို ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့တွေက နှိမ်နင်းဖို့ ကြိုးစားနေသလို ဒီအခြေအနေကြောင့် ဒေသတွင်း ခရီးသွားလာမှု လျော့ကျလာမှာကို စိုးရိမ်တယ်လို့ ပုဂံဒေသခံတချို့က ပြောပါတယ်။
ပုဂံမြို့ပေါ်က ဒေသခံတယောက်က “ပုဂံမြို့သစ်အထွက် ချောက်သွားတဲ့ လမ်းပိုင်းမှာလည်း ပြန်ပေးဆွဲတာတွေ ဖြစ်တယ်။ ဒီလိုဖြစ်စဉ်တွေက အရင်ကတည်းက ရှိပေမဲ့ ကြိုးကြားကြိုးကြားပဲ ရှိတာ။ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းနဲ့ ဒီနှစ်စ အစောပိုင်းထိ ပြန်ငြိမ်သွားတယ်။ ဒါပေမဲ့ ဒီကြားထဲမှာ အခုလို ထပ်ဖြစ်တာ။ ဒေသခံတွေကတော့ အရင်ကတည်းက ခရီးသွားလုပ်ငန်းအပေါ်ပဲ မှီခိုနေရတာလေ။ လူမလာတော့မှာ စိုးရိမ်တာပေါ့” လို့ ပြောပါတယ်။
မေ ၁၃ ရက်တုန်းက ပရဟိတလုပ်တဲ့ သရုပ်ဆောင် ခိုင်နှင်းဝေရဲ့ အဖွဲ့ဝင်တချို့ဟာ ပုပ္ပားတောင်ကနေ ပုဂံမြို့ကိုအသွား ဗျတ္တပန်းဆက်လမ်းမှာ အမည်မသိ လက်နက်ကိုင်အဖွဲ့ရဲ့ ဖမ်းဆီးတာကို ခံခဲ့ရပါတယ်။
ဒါပေမဲ့ လိုအပ်တာတွေ လုပ်ဆောင်ခဲ့ပြီးနောက် အဖွဲ့ဝင်တွေကို ဘေးကင်းရာကို ပြန်ခေါ်ခဲ့နိုင်တယ်လို့ လူမှုကွန်ရက်မှာ ရေးပေမဲ့ အသေးစိတ် မဖော်ပြပါဘူး။
သူတို့အဖွဲ့ဝင်တွေကို ဘယ်အဖွဲ့က ခေါ်ဆောင်ခဲ့ပြီး ဘယ်လိုညှိနှိုင်းခဲ့ရတယ်ဆိုတာ သိရဖို့ DVB အနေနဲ့ သရုပ်ဆောင် ခိုင်နှင်းဝေဆီ ဖုန်းနဲ့ ဆက်သွယ်ပေမဲ့ မရသေးပါဘူး။
ပုဂံ-ညောင်ဦးဒေသမှာ ၂၀၂၃ ခုနှစ်လောက်ကစပြီး ပြန်ပေးဆွဲ ငွေညှစ်မှု၊ ဓားပြမှု၊ လူပျောက်ဆုံးမှုတွေ မကြာခဏ ဖြစ်ပွားလာတာလို့ ဒေသခံတွေက ဆိုပါတယ်။
ဒီဒေသက ပြန်ပေးဆွဲမှုတွေနဲ့ပတ်သက်ပြီး နှိမ်နင်းဖို့အတွက် မန္တလေးတိုင်းနဲ့ မကွေးတိုင်းက တော်လှန်ရေးတပ်တွေ ပူးပေါင်းဆောင်ရွက်နေသလို ဖမ်းဆီးရမိထားသူတွေလည်း ရှိတယ်လို့ ညောင်ဦး(ပကဖ) တာဝန်ခံ ကိုဇီးက DVB ကို ပြောပါတယ်။
“လက်ရှိမှာ ဓားပြမှု၊ ပြန်ပေးမှု၊ ငွေညှစ်မှုတွေနဲ့ ပတ်သက်ပြီးတော့ သံသယရှိတဲ့သူ တချို့ကိုလည်း ကျနော်တို့အနေနဲ့ ဖမ်းဆီး ထိန်းသိမ်းထားတာ ရှိတယ်။ ပြီးရင် ထပ်ပြီးတော့လည်း မဖြစ်ပွားအောင် ကျနော်တို့အနေနဲ့ တတ်နိုင်သမျှ စောင့်ကြည့်နေပါတယ်။ လုပ်ငန်းစဉ် လုံခြုံရေးနဲ့ ပြည်သူ့လုံခြုံရေးအရ အသေးစိတ် အခြေအနေတွေကိုတော့ ထုတ်ပြန်လို့ မရသေးဘူး။”
ဆက်လက်ပြီး ကိုဇီးက “ဒီတလောက ဖြစ်သွားတဲ့ ခိုင်နှင်းဝေအဖွဲ့ ကိစ္စပေါ့၊ ဒီအဖွဲ့ကို ဖမ်းဆီးထိန်းသိမ်းပြီး ငွေညှစ်တဲ့ကိစ္စကို ကျနော်တို့ ကြားသိတာတွေတော့ ရှိတယ်။ ဒါပေမဲ့ ဒီလမ်းပိုင်းပေါ့နော်၊ ပုပ္ပားလမ်းပိုင်းတကြောက လက်ရှိအနေအထားအရ အဖွဲ့အစည်းမျိုးစုံ လှုပ်ရှားနေတာပေါ့။ လက်ရှိဖြစ်ပွားနေတာဆိုရင် မြို့နယ်တခုနဲ့တခု ဆက်တဲ့နေရာမျိုးတွေမှာ အဖြစ်များတာ တွေ့ရတယ်။ လက်ရှိ တော်လှန်ရေးကာလ အနေအထားမှာကျ တချို့က နိုင်ငံရေးနဲ့ နယ်မြေမတည်ငြိမ်တာကို အခွင့်ကောင်းယူပြီးမှ ကိုယ်ကျိုးရှာပြီး လုပ်နေတဲ့ အဖွဲ့အစည်းတွေ ရှိတာပေါ့။ PDF အယောင်ဆောင်ပြီး လက်နက်ကိုင်နေတဲ့ အဖွဲ့အစည်းတွေ မြင်တွေ့နေရတာပေါ့” လို့ ပြောပါတယ်။
အခုလိုဖြစ်ရပ်တွေ ပပျောက်ဖို့အတွက် တော်လှန်ရေးအဖွဲ့တွေအနေနဲ့ စစ်ရေးအပြင် နယ်မြေလုံခြုံရေးအတွက်ပါ ဆောင်ရွက်သွားဖို့ လုပ်ဆောင်နေတယ်လို့ သူက ဆက်ပြောပါတယ်။
ဖြစ်စဉ်အများစု ဖြစ်ပွားတဲ့နေရာတွေဟာ ပုဂံမြို့တွင်းထက် မြို့ပြင်နဲ့ လူသူရှင်းတဲ့နေရာတွေ၊ ပုဂံ-ချောက် ကားလမ်း၊ ပုဂံ-ပုပ္ပားလမ်းပိုင်းနဲ့ ကျောက်ပန်းတောင်း-မြင်းခြံ စတဲ့နေရာတွေမှာ အဖြစ်များနေတာလို့ ဒေသခံတွေက ပြောကြပါတယ်။
ဒီနှစ် ဖေဖော်ဝါရီ ၁၅ ရက်ကလည်း ပုဂံ-ပုပ္ပားလမ်းပိုင်းမှာ ကားသမားတယောက်နဲ့ ခရီးသည် ၂ ယောက် ပျောက်ဆုံးခဲ့ပါတယ်။
၂၀၂၅ ဒီဇင်ဘာကလည်း ပုဂံဒေသမှာ မိသားစုတခု ပြန်ပေးဆွဲခံရပြီး ငွေကျပ် သိန်း ၁,၀၀၀ ပေးမှ လွတ်ခဲ့တာ၊ အဲဒီဖြစ်စဉ်အပြီး ရက်ပိုင်းအတွင်းမှာ ခရီးသွား ဇနီးမောင်နှံ ပျောက်ဆုံးတာတွေ ဖြစ်ခဲ့ပါတယ်။
မြင်းခြံ-ပခုက္ကူ ကားလမ်းမကြီးအနီး အနောက်ပလင်းကျေးရွာမှာရှိတဲ့ ပလင်းကမ်းသာယာ အပန်းဖြေဆင်စခန်းက လက်ထောက်မန်နေဂျာနဲ့ ဇနီး အပါအဝင် ဝန်ထမ်းတချို့လည်း ပြန်ပေးဆွဲခံခဲ့ရပြီး ကျပ်သိန်းထောင်ချီပေးပြီးမှ ပြန်လွတ်ခဲ့တယ်လို့ အနောက်ပလင်းရွာက ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ မတ် ၁၅ ရက်က ပုဂံ-ညောင်ဦးဒေသနဲ့ တဆက်တည်းရှိတဲ့ မြင်းခြံ-တောင်သာ ကားလမ်းမှာလည်း ခရီးသည်တင် ကားတစီးကို မျက်နှာဖုံးတပ် လူတချို့က သေနတ်၊ ဓားတွေ ကိုင်ဆောင်ကာ ဓားပြတိုက်ခဲ့ပြီး ခရီးသည်တွေဆီက တန်ဖိုးရှိ ပစ္စည်းတွေ ယူဆောင်သွားတဲ့ ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ပါတယ်။
လက်ရှိမှာတော့ ပုဂံရှေးဟောင်းအမွေအနှစ်ဒေသရှိရာ ညောင်ဦးမြို့နယ်အတွင်းမှာ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေကြား စစ်ရေးတင်းမှာနေပြီး စစ်တပ်ဘက်က စစ်ကြောင်းနှစ်ကြောင်းခွဲ ရွာစဉ်လှည့်နေတာကြောင့် ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ညောင်ဦး(ပကဖ) က အသိပေးထားပါတယ်။










