DVB Logo
Home
မြန်မာသတင်း
ကိုးကန့် ၊ တအာင်း၊ ရခိုင်တပ်ဖွဲ့များ ပိုမိုပူးပေါင်းဆောင်ရွက်ရန်သဘောတူ
DVB
·
September 11, 2015
ကိုးကန့် ၊ တအာင်း၊ ရခိုင်တပ်ဖွဲ့များ ပိုမိုပူးပေါင်းဆောင်ရွက်ရန်သဘောတူ
Donate to DVB

ရခိုင့်တပ်မတော်၊ ကိုးကန့်တပ်ဖွဲ့ (မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်ဖွဲ့) နဲ့ တအာင်းပလောင်လွတ်မြောက်ရေးတပ်ဦး ၃ ဖွဲ့ရဲ့ ၂ ရက်ကြာ မဟာမိတ်ထိပ်သီးအစည်းအဝေးမှာ နိုင်ငံရေး၊ စစ်ရေး ပိုမိုပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီခဲ့ပါတယ်။

စက်တင်ဘာ ၉ ရက်နေ့က နေပြည်တော်မှာ တိုင်းရင်းသားခေါင်းဆောင်တွေက  သမ္မတနဲ့ တွေ့ဆုံပွဲမှာ အားလုံးပါဝင်လက်မှတ်ရေးထိုးရေးတင်ပြချက်အပေါ် သမ္မတက မူအားဖြင့်သာ လက်ခံပြီး လက်တွေ့အားဖြင့် ငြင်းပယ်ခဲ့ပြီးနောက် သုံးဖွဲ့က ပူးတွဲကြေညာချက် ထုတ်ပြန်ချက်ဖြစ်ပါတယ်။

ဒီအဖွဲ့ ၃ ဖွဲ့ဟာ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးဖို့နိုင်ဖို့အတွက်  အစိုးရကို တောင်းဆိုထားတဲ့အဖွဲ့တွေဖြစ်ပါတယ်။

မနေ့က ဆွေးနွေးပွဲမှာ တိုင်းရင်းသားခေါင်းဆောင်တွေက အားလုံးပါဝင် လက်မှတ်ရေးထိုးရေးကို တင်ပြခဲ့သလို အနိမ့်ဆုံးအားဖြင့် ဒီအဖွဲ့သုံးဖွဲ့ပါဝင်တဲ့ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဝင် ၁၇ ဖွဲ့ပါဝင်လက်မှတ်ထိုးခွင့် တောင်းဆိုခဲ့ပါတယ်။

သမ္မတကတော့ အားလုံးပါဝင်နိုင်ရေးကို မူအားဖြင့် လက်ခံခဲ့ပြီး နည်းလမ်းရှာမယ်လို့ ပြန်ရှင်းခဲ့သလို တအာင်းပလောင်ကိုသာ အန်စီအေ လက်မှတ်ထိုးရာမှာပါဖို့ ကတိပြုခဲ့ပါတယ်။

အစိုးရကိုယ်စား သတင်းစာရှင်းလင်းပွဲမှာ ကိုးကန့်ကိစ္စကို သမ္မတက ကိုးကန့်အဖွဲ့ခေါင်းဆောင်နဲ့ သီးခြားစီစဉ်မယ့်အကြောင်း၊ ရခိုင့်တပ်မတော်ကိစ္စကို နည်းလမ်းရှာမယ့် အကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာ အကြီးတန်းအရာရှိက ရှင်းလင်းပြောဆိုခဲ့ပါတယ်။

ဒီသောင်မတင်ရေမကျ ရလဒ်အပေါ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေဘက်က ကျေလည်မှုရှိပုံမရဘဲ အဖွဲ့အားလုံးပါဝင်နိုင်ရေးအတွက် လက်မှတ်မရေးထိုးမီ (အောက်တိုဘာ လဆန်းမတိုင်မီ) မှာ ဆက်လက်ကြိုးပမ်းမယ်လို့ စက်တင်ဘာ ၁၀ ရက်နေ့က သီးခြားထုတ်ပြန်ကြေညာခဲ့ပါတယ်။

အဆိုပါသုံးဖွဲ့ရဲ့ ပူးတွဲကြေညာချက်မှာ အန်စီအေစာချုပ်ဟာ စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေးအတွက်အရေးကြီးတဲ့ စာချုပ်ဖြစ်ကြောင်းနဲ့ ဒီသဘောတူစာချုပ်ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအားလုံးပါဝင်ပြီး တပြိုင်နက်တည်း အတူတကွ ရေးထိုးကြရန်ဆိုတဲ့ လိုင်ဇာနဲ့ လောခီးလာ အစည်းအဝေးတွေက ချမှတ်ခဲ့တဲ့မူအတိုင်း ရပ်တည်သွားမယ်လို့ ဆိုပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ ကာယကံရှင်အဖွဲ့အစည်းတွေကို မေးမြန်းဖို့ ကြိုးစားပေမယ့် မရသေးပါဘူး။ သူတို့ရဲ့ ပူးတွဲကြေညာချက်မှာ တိုင်းရင်းသားဒေသတွေကို အပြင်းအထန် ထိုးစစ်ဆင်နေတဲ့အပေါ် အစိုးရကို အပြင်းအထန် ကန့်ကွက်ရှုတ်ချထားပါတယ်။

ကိုးကန့်တပ်မတော်ဟာ လွန်ခဲ့တဲ့လပိုင်းက တဖက်သတ်အပစ်ရပ်ကြေညာခဲ့ပါတယ်။ တအာင်းတပ်မတော်ကတော့ စစ်ရှိန်လျှော့ချဖို့ ကြေညာထားပါတယ်။  ဒီသုံးဖွဲနဲ့ တပြိုင်တည်း အပစ်အခတ်ရပ်စဲရေးလုပ်ဖို့ သြဂုတ်လဆန်းပိုင်းက အစိုးရကို ပူးတွဲကမ်းလှမ်းခဲ့ကြပေမယ့် အစိုးရဘက်က လက်ခံခြင်းမရှိပါဘူး။

ဒီသုံးဖွဲ့အနက် ကိုးကန့်တပ်မတော်နဲ့ တအာင်းတပ်မတော်ဟာ ရှမ်းပြည်မြောက်ပိုင်းနယ်မြေတွေမှာ လှုပ်ရှားနေကြပြီး ရခိုင်တပ်မတော်က ကချင်ပြည်နယ်မှာ အခြေပြု လှုပ်ရှားနေတာပါ။

တိုင်းရင်းသားတွေဘက်က ထောက်ပြတာကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၅ ဖွဲ့နဲ့သာမကဘဲ ဒီနယ်မြေထဲက စစ်ရေးအရ၊ ယဉ်ကျေးမှုအရ နှီးနွယ်နေတဲ့ ဒီမဟာမိတ်အဖွဲ့အစည်းတွေကို အန်စီအေမှာ မချန်လှပ်ဘဲ ပါဝင်စေခြင်းအားဖြင့် ယုံကြည်မှု ပိုရစေမှာဖြစ်သလို နိုင်ငံရဲ့ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးအတွက် အရေးကြီးကြောင်း သဘောထားထုတ်ပြန်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013