
ထိုင်းနိုင်ငံမှာ ဘတ်သန်း ၃၀၀ လိမ်လည်မှုနဲ့ နာမည်ကြီး ထိုင်းကျောင်းထိုင်ဘုန်းကြီးတပါးကို အာဏာပိုင်တွေက ထောင်ဒဏ် နှစ် ၅၀ ချမှတ်လိုက်တဲ့အကြောင်း Thai PBS သတင်းတပုဒ်မှာ ဧပြီ ၂၁ ရက်က ဖော်ပြပါတယ်။
နခွန်ပထုံခရိုင်ထဲက နာမည်ကြီးဘုရားကျောင်းတခုဖြစ်တဲ့ ဝပ်ရိုင်ခင်ဘုရားကျောင်းရဲ့ ကျောင်းထိုင်ဆရာတော်ဟာ ကျောင်းတိုက်ရန်ပုံငွေကနေ ဘတ် သန်း ၃၀၀ နီးပါးကို တခြားတရားခံတွေနဲ့ ပူးပေါင်းကာ အလွဲသုံးစားလုပ်မှု၊ ရာထူးအာဏာကို အလွဲသုံးစားလုပ်မှုတို့နဲ့ စွဲချက်တင်ခံရပြီးနောက် တရားရုံးက ခုလို အမိန့်ချမှတ်လိုက်တာပါ။
ထိုင်းနိုင်ငံ အဂတိလိုက်စားမှုနှင့် အကျင့်ပျက်ခြစားမှုဆိုင်ရာ ဗဟိုပြစ်မှုဆိုင်ရာတရားရုံးက အသက် ၇၀ အရွယ် ယမ်အင်ထရန်ခရွန်ကောင် (ဘုန်းကြီးဘွဲ့အမည်ဟောင်း - ဖရာ ဓမ္မ ဝချီရာနုဝပ်) ကို ဘတ် ၂၈ သန်း ကျောင်းတိုက်ကို ပြန်လည်ပေးလျော်ဖို့လည်း အမိန့်ချမှတ်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါအမှုဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်လယ်ပိုင်းလောက်က စတင်ခဲ့တာဖြစ်ပြီး ဝပ်ရိုင်ခင်ကျောင်းတိုက်ရဲ့ ဘဏ္ဍာရေးဆိုင်ရာ မသင်္ကာဖွယ်ရာတွေကို တွေ့ရှိခဲ့ပြီးနောက် ကျောင်းထိုင်ဆရာတော်ဟာ ကျောင်းတိုက်ကို လှူဒါန်းထားတဲ့ ရန်ပုံငွေတွေကို မလျော်ကန်တဲ့ ရည်ရွယ်ချက်တွေနဲ့ အလွဲသုံးစားပြုလုပ်နေကြောင်း တိုင်ကြားမှုတွေကြောင့် စုံစမ်းစစ်ဆေးမှုတွေ ပေါ်ပေါက်လာခဲ့တာပါ။
ထိုင်းနိုင်ငံ ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို အရာရှိတွေဟာ ကျောင်းတိုက်ရဲ့ လုပ်ငန်းဆောင်တာတွေ၊ ဆရာတော်ရဲ့ ဘဏ္ဍာရေးစီမံခန့်ခွဲမှုတွေကို စစ်ဆေးဖို့အတွက် ရဟန်းအယောင်ဆောင်ကာ လျှို့ဝှက်စုံစမ်းခဲ့ကြတယ်လို့ ဆိုပါတယ်။
စုံစမ်းစစ်ဆေးသူတွေဟာ ကျောင်းထိုင်ဆရာတော်ဟောင်းက ၂၀၂၁ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အတွင်း ကျောင်းတိုက်နဲ့ ဖောင်ဒေးရှင်းရန်ပုံငွေတွေထဲကနေ စုစုပေါင်း ဘတ်သန်း ၃၀၀ ကျော်ကို ကျောင်းတိုက်နဲ့ မသက်ဆိုင်တဲ့ အသုံးစရိတ်တွေမှာ သုံးစွဲခဲ့တဲ့ အထောက်အထားတွေကို ဖော်ထုတ်နိုင်ခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။
ဘဏ္ဍာရေးမှတ်တမ်းတွေအရ အရညဝမ် အမည်ရ ဘဏ်အကောင့်ထဲကို ဘတ် ၆၃ သန်းကျော်၊ ကျောင်းတိုက်က ဘုန်းကြီးတပါးဖြစ်သူ မဟာဧကဖတ်ရဲ့ အကောင့်ထဲကို ဘတ် ၁၁၃ သန်းကျော်နဲ့ ချတ်ချိုင် အမည်ရ အကောင့်ထဲကို ဘတ် ၆၃ သန်းကျော်စီ အသီးသီး လွှဲပြောင်းခဲ့ကြောင်း တွေ့ရှိရတယ်လို့ ဆိုပါတယ်။း
အဆိုပါ ငွေလွှဲပြောင်းမှုများအားလုံးဟာ နောက်ဆုံးမှာတော့ အွန်လိုင်းလောင်းကစား ဝက်ဘ်ဆိုဒ်တွေနဲ့ ဆက်နွှယ်နေတဲ့ ဘဏ်အကောင့်တွေနဲ့ ချိတ်ဆက်နေတာကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။
အဲဒီနောက် သက်သေအထောက်အထားတွေကို စစ်ဆေးပြီးနောက် အွန်လိုင်းလောင်းကစားပွဲစား ဆိုသူ ‘အရညဝမ်’၊ ဘုန်းကြီးဟောင်း မဟာဧကဖတ်နဲ့ ကျောင်းထိုင်ဆရာတော်ဟောင်းကိုယ်စား ငွေကြေးလွှဲပြောင်းမှုတွေကို လက်ခံပေးခဲ့သူ အရာခံဗိုလ် ချတ်ချိုင်တို့ကို ထောင်ဒဏ် ၈ နှစ်စီ အသီးသီး ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
ကျောင်းတိုက်အတွင်း အငှားလုပ်ငန်းတွေကို စီမံခန့်ခွဲပေးတဲ့ ကျောင်းထိုင်ဆရာတော်ရဲ့ လူယုံဖြစ်သူ ဖတ်ချရာပွန်ကိုတော့ တရားသေ လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
တချိန်က လူအများ ကြည်ညိုလေးစားခံခဲ့ရတဲ့ အဆိုပါ ကျောင်းထိုင်ဆရာတော်ဟာ ပြီးခဲ့တဲ့နှစ် မေလလယ်မှာပဲ လူဝတ်လဲခံခဲ့ရတာလို့ သတင်းမှာ ဖော်ပြပါတယ်။










