DVB Logo
Home
မြန်မာသတင်း
ပြည်ပ ဆန်တင်ပို့ရောင်းချခွင့် မကြာခင် ပြန်ပေးမည်
DVB
·
September 3, 2015
ပြည်ပ ဆန်တင်ပို့ရောင်းချခွင့် မကြာခင် ပြန်ပေးမည်
Donate to DVB

ရေဘေးကြောင့် ခေတ္တယာယီ ရပ်ဆိုင်းထားတဲ့ ပြည်ပဆန်တင်ပို့ရောင်းချမှုတွေကို မကြာခင် ပြန်ပေးဖို့ စီစဉ်နေတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနက ပြောကြားလိုက်ပါတယ်။

ဆန်စပါးအသင်းချုပ်က ပြည်ပဆန်တင်ပို့မှုတွေ စက်တင်ဘာ ၁၅ ရက်နေ့မှာ ပြန်လည်ခွင့်ပြုပေးဖို့ တင်ပြထားသလို အစိုးရအနေနဲ့လည်း ပြည်ပဆန်တင်ပို့ဈေးကွက် မပျက်စေဖို့ ပြန်လည်ခွင့်ပြုပေးနိုင်ရေး ညှိနှိုင်းစီစဉ်နေတယ်လို့ စီးပွားကူးသန်းဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့်က ဒီဗွီဘီကို ပြောပါတယ်။

“ပိတ်ရတဲ့အကြောင်းရင်းက တနိုင်ငံလုံးမှာ ရေဘေးအခြေအနေ ဖြစ်သွားတယ်ပေါ့နော်၊ တဘက်ကလည်း ဈေးကွက်ကို မပျက်စေချင်ပါဘူး။ အဲဒီနှစ်ခုအပေါ်မှာ ချိန်ပြီးတော့ ပြန်စဉ်းစားပြီးတော့ ဆောင်ရွက်ပေးမှာပါ။ ဘယ်လိုအဆင့်အနေနဲ့ သွားမလဲ ဆိုတာကတော့ သက်ဆိုင်ရာ ဌာနတွေ၊ အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးညှိနှိုင်းနေဆဲပါ။ အဓိကတော့ ရရှိပြီးသား ဈေးကွက်ကိုလည်း မပျက်စေချင်ဘူး။ အထူးသဖြင့် ဥရောပဈေးကွက်ရှိပါတယ်။ နောက်ပြီး  ကျနော်တို့နိုင်ငံမှာ ဒီနှစ်ပိုင်းမှာ ထူးထူးခြားခြား တိုးတက်လာတဲ့ ပေါင်းဆန်ဈေးကွက်ပေါ့။ အဲဒီဆန်ကို ပြည်တွင်းလည်း သိပ်မစားတဲ့ အခါကျတော့ သူ့ဈေးကွက်မပျက်အောင် ဈေးကွက်ထိန်းနိုင်အောင် ဆက်ပြီးတော့ လုပ်ပေးရမှာပါ။ ပြည်တွင်းမှာ အဓိက မစားတဲ့ဆန်တွေကတော့ အရင်ဆုံးပေးဖို့ပါ။ ပြီးရင်တော့ ဆန်စပါးအမျိုးအစား အားလုံးကို တဖြည်းဖြည်း လုပ်ပေးသွားမှာပါ။”

မြန်မာနိုင်ငံ ပြည်နယ်နဲ့တိုင်း ဒေသအနှံ့ ရေဘေးနဲ့ကြုံတွေ့ခဲ့ရပြီးနောက် သြဂုတ် ၇ ရက်နေ့လောက်ကစပြီး ပြည်ပဆန်တင်ပို့မှုတွေကို အစိုးရက ရပ်ဆိုင်းထားခဲ့တာ ၁ လနီးပါး ရှိနေပြီဖြစ်ပါတယ်။

ပြည်ပဆန်တင်ပို့မှု ပိတ်ထားချိန်မှာ ပြည်တွင်း ဆန်စပါးလုပ်ငန်းရှင်တွေ အနေနဲ့ ထိခိုက်နစ်နာမှုတွေရှိ မရှိနဲ့ ပတ်သက်ပြီး ဘုရင့်နောင် ဆန်စပါးကုန်စည်ဒိုင် အတွင်းရေးမှူး ဦးသန်းဦးက “ကျနော်သိသလောက်က ကုမ္ပဏီတွေက စာချုပ်ချုပ်ပြီး တင်ပို့ရမယ့် သင်္ဘော သဘာဝဘေးအန္တရာယ်တွေ ကျရောက်လို့ ဂျာနယ်တွေမှာ၊ သတင်းတွေမှာ ဒီလိုမျိုးတွေ ရှိပါတယ်ဆိုတဲ့ အထောက်အထားနဲ့ပြပြီး အစိုးရက တရားဝင် စာမထုတ်ပေးတဲ့အတွက်  ဂျာနယ်တွေကနေ သက်သေအထောက်အထားနဲ့ ရောင်းထားတဲ့ ကုမ္ပဏီတွေကို တင်ပြတဲ့အခါ ကုမ္ပဏီတွေက အတိုင်းအတာတခုအထိ နောက်ကိုဆုတ်ပေးတယ်။ သင်္ဘောတင်မယ့်ရက်ကို ဆိုင်းငံ့ထားပေးတယ်။ အရောင်းအ၀ယ်ပျက်တဲ့ အထိတော့ မရောက်ဘူး” လို့ ပြောပါတယ်။

ပြည်ပဆန်တင်ပို့မှု ရပ်ဆိုင်းထားတဲ့အတွက် ဆန်ကုန်သည်တွေဟာ ပြည်တွင်း လက်လီဈေးကွက်ကိုပဲ အားထားရောင်းချနေရပြီး ပြည်ပဆန်တင်ပို့သူတွေအတွက် ဆန်ဝယ်ယူပေးသူတွေနဲ့ နယ်စပ်ကနေ ဆန်တင်ပို့ရောင်းသူတွေ အလုပ်ပါးနေတယ်လို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံမှာ ရေကြီးဘေးနဲ့ ကြုံတွေ့ခဲ့ရပေမယ့် အခုနှစ် ပြည်ပဆန်တင်ပို့မှုကတော့ မနှစ်ကထက် လျော့နည်းကျဆင်းဖို့ မရှိတဲ့အကြောင်းနဲ့ ပြီးခဲ့တဲ့ သြဂုတ်လကုန်ပိုင်းထိ ဆန်နဲ့ဆန်ကွဲ ပြည်ပတင်ပို့မှုဟာ မနှစ်က ဒီအချိန်ထက် တန်ချိန် ၁ သိန်းလောက် ပိုပို့ထားပြီးပြီလို့ စီးပွားကူးသန်းဌာနက ပြောပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ပြည်ပကို ဆန်တန်ချိန်ပေါင်း ၁ သန်းခွဲမှ ၂ သန်းအကြား နှစ်စဉ်တင်ပို့ဖို့ လျာထားပြီး မနှစ်ကတော့ ဆန်တန်ချိန် ၁ ဒသမ ၈ သန်းအထိ တင်ပို့ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013