
မြောက်ကိုရီးယားဟာ နှစ်နိုင်ငံနယ်စပ်အနီးက ခံတပ်တည်ဆောက်ရေး လုပ်ငန်းတွေကို ချက်ချင်း ရပ်တန်းက ရပ်ဖို့လိုကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များရုံးက စက်တင်ဘာ ၃၀ ရက်မှာ ပြောကြားခဲ့ပြီး အဲဒီလို လုပ်ဆောင်ချက်တွေဟာ ကိုရီးယားကျွန်းဆွယ်ရဲ့ တင်းမာမှုတွေကို ပိုမို မြင့်တက်စေတယ်လို့ ဆိုပါတယ်။
တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့မှ စစ်ဆင်ရေးဌာနမှူး ဂန်ဟျွန်းဝူက “မြောက်ကိုရီးယား ဟာ စစ်ရေးမျဉ်းအနီးမှာ မိုင်းထောင်တာတွေ အပါအဝင် နယ်စပ်တလျှောက်မှာ ခံတပ် တည်ဆောက်ရေး ဆိုတာတွေကို ဆက်လုပ်နေတာဟာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ထင်ရှားစွာ ချိုးဖောက်တာဖြစ်သလို နှစ်နိုင်ငံကြား ရှိပြီးသား သဘောတူညီချက်တွေရဲ့ စိတ်ဓာတ် ကိုပါ ထိခိုက်ပျက်ပြားစေပါတယ်” လို့ ပြောပါတယ်။
“နောင်လာမဲ့ အခြေအနေမှန်သမျှအတွက် တာဝန်ရှိမှုအားလုံးဟာ မြောက်ကိုရီးယားဘက်မှာသာ အပြည့်အဝ တည်ရှိပါတယ်”လို့လည်း ကြေညာချက်မှာ ထည့်သွင်းပြောကြားခဲ့ပြီး တောင်ကိုရီးယား စစ်ဘက်ကလည်း မြောက်ကိုရီးယားဘက်ကို တောင်းပန်မှုနဲ့အတူ တာဝန်ယူမှုရှိတဲ့ အစီအမံတွေကို လုပ်ဆောင်ဖို့ ပြင်းပြင်းထန်ထန် တောင်းဆိုထားပါတယ်။
စက်တင်ဘာ ၂၁ ရက်က ၄ ကီလိုမီတာ ကျယ်ဝန်းတဲ့ စစ်မဲ့ဇုန် (DMZ) အတွင်းမှာ ထောက်လှမ်းရေး မစ်ရှင် လုပ်ဆောင်နေရင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး တောင်ကိုရီးယားစစ်သည် ၃ ယောက် ထိခိုက် ဒဏ်ရာ ရရှိခဲ့တာနဲ့ပတ်သက်ပြီး တောင်ကိုရီးယားနဲ့ ကိုရီးယားစစ်ပွဲ အပစ်အခတ်ရပ်စဲရေးကို ကြပ်မတ်နေတဲ့ ကုလသမဂ္ဂကွပ်ကဲရေးဌာနတို့က စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
Source: Reuters










