
စစ်မှုထမ်းပြီး ပြန်လာသူတွေကို စစ်အာဏာရှင်တပ်က အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးမယ်လို့ ပြောပေမဲ့ တကယ်တမ်း မြေပြင်မှာ အလုပ်အကိုင် မပေးတာကြောင့် အပတ်စဥ် ၁ နဲ့ ၂ က လူငယ်တွေ လူမှုကွန်ရက်မှာ အကူအညီတောင်းခံနေပါတယ်။
စစ်မှုထမ်းအပတ်စဥ် ၂ က ရခိုင်ပြည်နယ် ကျောက်ဖြူ အမှတ် ၅၄၂ ခြေမြန်တပ်ရင်းကို ပို့ဆောင်ခံရပြီး စစ်တွေတိုက်ပွဲတွေကနေ မွေးရပ်မြေကိုပြန်ရောက်လာတဲ့ တပ်သား ကိုကိုနိုင်က လူမှုကွန်ရက် Tik Tok မှာ သြဂုတ် ၁၈ ရက်က ပြောဆိုခဲ့ပါတယ်။
“ကျနော် စစ်မှုထမ်းအပတ်စဥ် ၂ ခမရ ၅၄၂ ရခိုင် ကျောက်ဖြူ စစ်တွေက ပြန်လာတာ အခုဆို ၃ လလောက်ရှိပြီ။ ရွာပြန်ရောက်တော့ အတော်လေးခက်ခဲတယ်၊ အလုပ်မရှိဘူး၊ အဘတို့ရေ စစ်သားကြီး ကလေးတွေနဲ့ ဒုက္ခရောက်နေတယ်၊ ကူညီပေးပါဦး။”
စစ်မှုထမ်းအပတ်စဥ် ၁ မှာ အင်းတိုင်အခြေစိုက် အမှတ် ၂၁၃ ခြေမြန်တပ်ရင်းကို ရောက်ခဲ့ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲတွေမှာ တာဝန်ထမ်းဆောင်ခဲ့ပြီး စစ်မှုထမ်းသက်တမ်း ၂ နှစ်ပြည့်လို့ အိမ်ပြန်ရပြီး ဒီကနေ့ အလုပ်မရကြောင်း ခမရ ၂၁၃ က တပ်သားမင်းနိုင်စိုးကလည်း Tik Tok မှာ တင်ခဲ့တာကြောင့် ဝေဖန်မှု များခဲ့ပါတယ်။
“စစ်မှုထမ်းတွေ အလုပ်ပေးမယ်၊ နိုင်ငံခြားထွက်ခွင့်ပြုမယ်လို့ စစ်တပ်က ပြောတယ်။ တကယ်တမ်း အလုပ်သွားတောင်းတော့ ဌာနဆိုင်ရာရုံးတွေက လူမလိုဘူးဆိုတာချည်းပဲ။ ပေးတဲ့အလုပ်ကျတော့ သန့်ရှင်းရေးအလုပ်တဲ့၊ ရုံးအကူနေရာတောင် မပေးဘူး” လို့ ပြောပါတယ်။
သြဂုတ် ၆ ရက်က စစ်မှုထမ်း ၂ နှစ် တာဝန် ကျေပွန်စွာ ထမ်းဆောင်ခဲ့သူတွေကို ဌာနဆိုင်ရာ အလုပ်ခေါ်ယူမှုတွေမှာ အသက်ကန့်သတ်ချက် ၃ နှစ်အထိ လျှော့ပေါ့ပေးဖို့ ထုတ်ပြန်ထားပေမဲ့ အခုချိန်ထိ စစ်မှုထမ်းတွေကို အလုပ်မပေးရသေးကြောင်း ဆင့်ခေါ်ရေးနဲ့ နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။
“စစ်တပ်က စကားကို အလွယ်ပြောတာ၊ စစ်မှုထမ်းပြန်လာတဲ့သူတွေကို ပြည်ပထွက်ဖို့မပြောနဲ့ ပြည်တွင်းမှာ အလုပ်တနေရာ မပေးနိုင်ဘူး။ စစ်မှုထမ်းပြီး ပြန်လာတဲ့ လူငယ်တွေ အလုပ်မရှိလို့ အလုပ်တောင်းနေတာ ကြာပြီ။”
ပြီးခဲ့တဲ့ သြဂုတ် ၃ ရက်က စစ်မှုထမ်းအပတ်စဥ် ၂၇ ကို သင်တန်းဖွင့်လှစ်ခဲ့ပြီး သြဂုတ် ၁၄ ရက်မှာ စစ်အာဏာရှင်တပ်က အပတ်စဥ် ၂၅ သင်တန်းဆင်းခဲ့တာဖြစ်ပါတယ်။
စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အသက်သွင်းခဲ့ပြီးနောက် မတ် ၂၈ ရက်မှာ စစ်မှုထမ်းအပတ်စဥ် ၁ ကို စတင်ခေါ်ယူခဲ့ရာ အခုဆို စစ်မှုထမ်းအပတ်စဥ် ၂၈ ကို ရောက်ရှိလာပြီဖြစ်ပါတယ်။











