
လှိုင်သာယာအရှေပိုင်းမြို့နယ် အမှတ် ၁ ရပ်ကွက်မှာ ပေါ်တာဆွဲဖမ်းဆီးထားတဲ့ လူငယ်တယောက်အားသတ်ပြီး အအလောင်းဖျောက်ခဲ့တဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ကို ဒီကနေ့ မနက်မှာ စစ်အာဏာရှင်လက်အောက်ခံရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ မြိုခံတွေဆီက သိရပါတယ်။
စက်တင်ဘာ ၁၃ ရက်က စစ်မှုထမ်းဖို့ လူငယ်တယောက်အား ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းရွှေနဲ့အဖွဲ့က ဖမ်းဆီးပြီး တနေကုန်ရိုက်နှက်ရာမှ သေဆုံးသွားကာ စက်တင်ဘာ ၁၄ ရက်နေ့ ညဘက်မှာ အလောင်းကို စွန့်ပစ်ခဲ့တာလို့ ရပ်ကွက်နေသူတယောက်က DVB ကိုပြောပါတယ်။
“စစ်မှုထမ်းဖို့အတွက် ရုံးထဲမှာ ဖမ်းထားတယ်။ အုပ်ချုပ်ရေးမှူး နဲ့ ရာအိမ်မှူး ဆယ်အိမ်မှူးတွေက ရိုက်နှက်တယ်၊ လက်လွန်ပြီးသေသွားတော့ အလောင်းကို သွားပစ်တယ်၊ အလောင်းကို ရှမ်းချောင်းဘက်မှာတွေ့ပြီး မိသားစုဝင်တွေက တိုင်လို့ အဖမ်းခံရတာ။”
ဒီကနေ့ မနက်မှာ စစ်အာဏာရှင်လက်အောက်ခံရဲတွေက ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းရွှေနဲ့ ရာအိမ်မှူး၊ ဆယ်အိမ်မှူးအချို့ကို ဖမ်းဆီးခဲ့တယ်လို့ Non CDM ဝန်ထမ်းတယောက်က DVB ကို ပြောပါတယ်။
"အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးဆယ်အိမ်မှူး ၃ ယောက် အဖမ်းခံရတယ်။ လူသတ် အလောင်းဖျောက်အပါအဝင် ပုဒ်မ ၄ ခုနဲ့ အမှုဖွင့်ထားတယ်။”
လတ်တလောမှာ အမှတ် ၁ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသောင်းရွှေအပါအဝင် ရာအိမ်မှူး၊ ဆယ်အိမ်မှူး ၄ ယောက်ကို လှိုင်သာယာ (အရှေ့ပိုင်း)မြို့မရဲစခန်းက (ပ) ၁၀၇၉/၂၀၂၆ ပုဒ်မ ၃၆၅၊ ၃၀၄၊ ၂၀၂၊ ၁၁၄ နဲ့အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
စက်တင်ဘာ ၈ ရက်ကလည်း လူငယ်တယောက်အား ၅ ရက်ကြာ ရပ်ကွက်ရုံးအတွင်း ဖမ်းဆီးချုပ်နှောင်ထားတဲ့ လှိုင်သာယာအရှေ့ပိုင်းမြို့နယ် အမှတ် ၈ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးတင်နိုင်စိုးနဲ့ ရာအိမ်မှူး၊ ဆယ်အိမ်မှူး ၇ ယောက် ဖမ်းဆီးခံခဲ့ရပါတယ်။
အလားတူပင် သြဂုတ် ၂၅ ရက်ကလည်း အင်းစိန်မြို့နယ် တညင်းကုန်းစျေးမှာ လူငယ် ၄ ယောက်ကို ပေါ်တာဆွဲဖမ်းဆီးထားတဲ့ အရန်မီးသတ်တပ်ခွဲမှူး သိန်းဦး နဲ့ သမက်ဖြစ်သူတို့ သြဂုတ် ၂၅ ရက်က ဖမ်းဆီးခံခဲ့ရပါတယ်။











