DVB Logo
Home
မြန်မာသတင်း
ရေကာတာဆိုးကျိုးများ သံလွင်ကာကွယ် ထိန်းသိမ်းရေးအဖွဲ့ သတိပေး
DVB
·
August 12, 2015
ရေကာတာဆိုးကျိုးများ သံလွင်ကာကွယ် ထိန်းသိမ်းရေးအဖွဲ့ သတိပေး
1 / 2
Donate to DVB

အစိုးရက သံလွင်မြစ်ပေါ်မှာ တည်ဆောက်မယ့် ရေကာတာစီမံကိန်းတွေကို လုံးဝ လက်မခံဘဲ ကန့်ကွက်ကြောင်း သံလွင်ကာကွယ်ထိန်းသိမ်းရေးကွန်ရက်က ပြောဆိုလိုက်ပါတယ်။

မွန်ပြည်နယ် မော်လမြို့မှာ ဒီကနေ့ သတင်းစာရှင်းလင်းပွဲပြုလုပ် ပြောဆိုလိုက်တာဖြစ်ပြီး အထူးသဖြင့် ရေကာတာ တည်ဆောက်မယ့် မြစ်အောင်ပိုင်း ထိခိုက်နိုင်မှုတွေ၊ ရေလွှမ်းမိုးမှုကြောင့် ထိခိုက်ဆုံးရှုံးနိုင်မှုတွေကို ရှင်းလင်းခဲ့ပါတယ်။

ရေကာတာကြောင့် အထက်ပိုင်းတွေမှာ ရေလွှမ်းမိုးမှု ခံရမှာဖြစ်သလို အောက်ပိုင်းတွေမှာလည်း ရေချိုနည်းမှု ပြဿ  နာအမျိုးစုံ ကြုံတွေ့လာနိုင်တယ်လို့ သံလွင် ကာကွယ်ထိန်းသိမ်းရေးကွန်ရက်မှာ ပါဝင်တဲ့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အောင်နိုင်ဦးက ပြောပါတယ်။

[caption id="attachment_107338" align="aligncenter" width="720"]ဓာတ်ပုံ - KESAN ဓာတ်ပုံ - KESAN[/caption]

“တကယ်လို့ တည်ဆောက်ပြီဆိုရင် ရေလွှမ်းမိုးမှု ဧရိယာ အင်မတန်များတယ်။ ဆိုတော့ အဲဒီဒေသမှာရှိနေတဲ့ တောင်သူလယ်သမားတွေရော၊ တိုင်းရင်းသားအဖွဲ့အစည်းတွေရော အကုန်လုံးက ရွာတွေစွန့်၊ နယ်မြေတွေ စွန့်ပြီးတော့ တခြားနေရာတွေ ရွှေ့ပြောင်းရမယ်။  အဲဒါမျိုးကျရင် တချို့တိုင်းရင်းသား အင်မတန်နည်းတဲ့ ယင်းတလဲတို့လို လူမျိုးဆိုရင်တော့ လူမျိုးပါ ပျောက်ဆုံးသွားတဲ့ အခြေအနေမျိုး ရှိလာနိုင်တယ်။ သံလွင်ရေကာတာ အပေါ်ဘက်ခြမ်းမှာ ဖြစ်ပေါ်လာမယ့် ဆိုးကျိုးတွေ ရှိသလို သံလွင်မြစ်အောက်ဘက်ခြမ်းပေါ့၊ ကျနော်တို့ မွန်ပြည်နယ်တို့လိုမျိုးလည်း ရေချိုတွေ နည်းလာပြီး ရေငန်တွေများလာမယ်။ သောက်သုံးရေတွေ ရှားပါးလာမယ်။ စိုက်ပျိုးရေးစပါးတွေ ရေငန်လွှမ်းမိုးမှုကြောင့် ပျက်စီးလာနိုင်တယ်။ ရေချိုရေငန်စပ် သားငါးတွေလည်း ရှားပါးလာမယ်။ ပိုပြီးပြောရရင် ရှင်သန်နေထိုင်မှုတွေဟာ ပျက်စီးဆုံးရှုံးလာနိုင်တယ်။ ဒါကြောင့် ကျနော်တို့ လက်မခံရခြင်းဖြစ်တယ်။”

ဒါ့အပြင် သံလွင်မြစ်မှာ ရေတက်ချိန်၊ မိုးသည်းထန်စွာ ရွာသွန်းချိန်ဆိုရင် ရေကာတာတွေကနေ ရေလွှတ်ချမှုတွေ တပြိုင်တည်း ဖြစ်နေရင် မြစ်အောက်ပိုင်းမှာ ရေနစ်မြုပ်သွားမယ့် အန္တရာယ်လည်း စိုးရိမ်နေရတယ်လို့ သံလွင်ကာကွယ်ထိန်းသိန်းရေး ကွန်ရက် ပြောခွင့်ရသူ စောသာဘိုးက ပြောပါတယ်။

“လက်ရှိ ဘားအံဒေသမှာ ပြည်သူလူထုထောင်နဲ့ချီ ရေဘေးဒုက္ခခံနေရတယ်။ သံလွင်မြစ်ပါ ထပ်ဆောက်လိုက်မယ်ဆိုရင် ရေလွှမ်းမိုးမှုဒဏ် ဘယ်လောက်တောင် ကြီးမားမယ်ဆိုတာ မတွေးဝံ့အောင် ကြောက်လန့်စရာပဲ။”

ဒါ့အပြင် ရေကာတာ တည်ဆောက်မယ့် နေရာတွေဟာ လက်နက်ကိုင်ပဋိပက္ခတွေ ရှိနေတဲ့ ဒေသဖြစ်ပြီး ရေကာတာတည်ဆောက်မှုအတွက် လုံခြုံရေးတွေ ချတဲ့အခါမှာ တခြားဒေသခံ လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ပဋိပက္ခတွေ ထပ်ဖြစ်လာနိုင်တယ်လို့လည်း  သံလွင်ကာကွယ်ထိန်းသိန်းရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ရေကာတာတည်ဆောက်မှုကြောင့် ဖြစ်ပေါ်လာမယ့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုနဲ့ ပတ်သက်ပြီး ဒေါက်တာအောင်နိုင်ဦးက “ပတ်ဝန်းကျင်ထိခိုက်မှုလို့ ပြောရင် ကျနော်တို့ လူတွေ အသက်ရှင်သန် အားထားနေမှုတွေ၊ အသက်မွေးဝမ်းကြောင်း ပြုနေမှုတွေကတော့ ပျက်စီးဆုံးရှုံးမယ်။ တပိုင်းမှာကကျတော့ သဘာဝပတ်ဝင်းကျင် အချင်းချင်း မှီခိုအားထားနေတဲ့ အနေအထား ဂေဟစနစ်တွေ ပျက်စီးရာကနေ နောက်ထပ် မမျှော်လင့်နိုင်တဲ့ သဘာဝပတ်ဝန်းကျင် ဖောက်ပြန်မှုတွေကတော့ ဖြစ်လာနိုင်တယ်” လို့ ပြောပါတယ်။

သံလွင်မြစ်ပေါ်မှာ ရေကာတာ ၆ ခု တည်ဆောက်မယ်လို့ အစိုးရက  ကြေညာထားပါတယ်။ အဲဒီ ရေကာတာတွေကတော့ ရှမ်းပြည်နယ်အတွင်းမှာ ကွမ်းလုံရေကာတာ၊ နောင်ဖာရေကာတာ၊ မန်တောင်ရေကာတာနဲ့ တာဆန်း (ဝါ)  မိုင်းတုန်ရေကာတာ၊ ကယားပြည်နယ်မှာဆိုရင် ရွာသစ်ရေကာတာနဲ့ ကရင်ပြည်နယ်မှာ  ဟတ်ကြီးရေကာတာတို့ ဖြစ်ပါတယ်။

သံလွင်ရေကာတာစီမံကိန်းက ရရှိလာမယ့် လျှပ်စစ်ဓာတ်အားတွေကိုတော့ ထိုင်းနဲ့ တရုတ်နိုင်ငံတွေကို ရောင်းချမှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013