DVB Logo
Home
Lead Story
၁၄ ကြိမ်မြောက် တရုတ်နိုင်ငံ အင်တာနက် ညီလာခံကြီး
DVB
·
July 27, 2015
၁၄ ကြိမ်မြောက် တရုတ်နိုင်ငံ အင်တာနက် ညီလာခံကြီး
Donate to DVB

၁၄ ကြိမ်မြောက်တရုတ်နိုင်ငံ အင်တာနက် ညီလာခံကြီးကို ဇူလိုင် ၂၁ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်မှာ ကျင်းပခဲ့ပါတယ်။ ညီလာခံကြီးကို အစိုးရ တာဝန်ရှိပုဂ္ဂိုလ်တွေ၊ အင်တာနက် လုပ်ငန်းကုမ္ပဏီတွေက ကိုယ်စားလှယ်တွေ၊ ကျွမ်းကျင်သူတွေနဲ့ သုတေသန သမားတွေ တက်ရောက်ခဲ့ကြပြီး အီလက်ထရောနစ် ကုန်သွယ်ရောင်းဝယ်မှု၊ အင်တာနက်ငွေကြေး၊ ဆိုင်ဘာလုံခြုံရေးနဲ့ အွန်လိုင်းအသိပညာဆိုင်ရာ ပိုင်ဆိုင်မှုအခွင့်အရေး ကာကွယ်မှုကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။

ဒီညီလာခံကနေ လာမယ့် ၅ နှစ်အတွင်း တရုတ်နိုင်ငံမှာ အင်တာနက် ဖွံ့ဖြိုးတိုးတက်မှု ရှိလာဖို့ ဆွေးနွေးကြမယ်လို့ တရုတ်နိုင်ငံ အင်တာနက်ရပ်ဝန်း အုပ်ချုပ်ရေးအဖွဲ့က ကြေညာထားခဲ့ပါတယ်။ သူတို့က မိုဘိုင်းလ် အစီအစဉ်အသုံးချမှု၊ အွန်လိုင်းကစားနည်းတွေနဲ့ အင်တာနက်နည်းပညာတွေ အသစ်ဖြစ်ပေါ် တိုးတက်လာဖို့ကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

တကယ်တော့ တရုတ်နိုင်ငံရဲ့အင်တာနက်သုံးစွဲမှုဟာ ကျယ်ပြန့်သလောက် ဖွံ့ဖြိုးတိုးတက်မှု

အတော်ကြီး ရှိနေခဲ့တယ်လို့ ပြောရမှာပါပဲ။ တရုတ်နိုင်ငံမှာ အင်တာနက်ချိတ်ဆက်အအသုံးပြုမှုကို ၁၉၈၇ ခုစက်တင်ဘာလ ၂၀ ရက်ကစ ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ နောက်ပိုင်းနှစ်တွေကစပြီး အင်တာနက်သုံးစွဲသူဦးရေ ဟာတစတစ တိုးများလာခဲ့ပြီး မှတ်တမ်းတွေအရ ၂၀၁၄ ခုနှစ်အကုန်မှာ တရုတ်နိုင်ငံရဲ့ အင်တာနက်သုံးစွဲသူဦးရေဟာ ၆၄၉ သန်းအထိ ရှိလာခဲ့ပြီး အဲဒီသုံးစွဲသူတွေရဲ့ ၈၆ ရာခိုင်နှုန်းဖြစ်တဲ့ ၅၅၇ သန်းက တယ်လီဖုန်းကနေ အင်တာနက် ချိတ်ဆက်အသုံးပြုတွေဖြစ်ကြပါတယ်။

ကမ္ဘာပေါ်မှာ လူဦးရေ အများဆုံးနိုင်ငံ ဖြစ်သလို အင်တာနက်သုံးစွဲသူ အများဆုံး နိုင်ငံလည်းဖြစ်ပါတယ်။ ဒါပေမယ့် အင်တာနက်သုံးစွဲမှုအပေါ် တားဆီးဟန့်တားကန့်သတ်မှု တွေလည်း အတော်များပြားတယ်လို့ ပြောရမှာပါပဲ။ အင်တာနက်သုံးစွဲမှုအပေါ်မှာ အစိုးရကဥပဒေ တွေ အမျိုးမျိုးနဲ့ ကျယ်ကျယ်ပြန့်ပြန့် ပိတ်ပင်ကန့်သတ်တာတွေ လုပ်ထားသလို အုပ်ချုပ်ရေးပိုင်း စည်းမျဉ်းစည်းကမ်းတွေအရလည်း ကန့်သတ်ထိန်းချုပ်ထားတာတွေ ရှိနေပါတယ်။ အစိုးရက ဥပဒေ စည်းမျဉ်းစည်းကမ်းတွေထုတ် ကန့်သတ် ထိန်းချုပ်တာတွေကို အစိုးရပိုင် အင်တာနက် ၀န်ဆောင်မှု ပေးနေတဲ့ (ISPs) ကုမ္ပဏီတွေရဲ့ ပြည်နယ်ဌာနခွဲတွေက အကောင်အထည်ဖော်ဆောင် ရွက်ပေးကြပါတယ်။

တရုတ်နိုင်ငံရဲ့ အင်တာနက်ထိန်းချုပ်မှုမှာ အသုံးပြုနေတဲ့ ကိရိယာ ပစ္စည်းတွေဟာ ကမ္ဘာပေါ်က တခြားနိုင်ငံတွေထက် ပိုပြီးနှံ့စပ်ပြင်းထန်ပြီး ခေတ်မီတိုးတက်တယ်လို့ ဆိုကြပါတယ်။ အစိုးရ အာဏာပိုင်တွေက ၀က်ဘ်ဆိုက်မှာ တင်တာတွေကိုသာ ပိတ်ပင်တာမဟုတ်ဘဲ အင်တာနက် သုံးစွဲတဲ့သူတွေရဲ့ ၀င်ရောက်အသုံးပြုမှုကိုလည်း စောင့်ကြည့်စစ်ဆေးကြပါတယ်။

အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးရဲ့ အဆိုအရ ကမ္ဘာပေါ်မှာ စာနယ်ဇင်းသမားတွေနဲ့ အင်တာနက်သုံးစွဲတဲ့ အစိုးရနဲ့ သဘောထားကွဲလွဲသူတွေ အဖမ်းခံရမှု မှတ်တမ်းမှာ တရုတ်နိုင်ငံက အများဆုံးအရေအတွက် ရှိနေတယ်လို့ သိထားရပါတယ်။

ပါရီအခြေစိုက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ၂၀၁၀ နဲ့ ၂၀၁၂ ခုနှစ်တွေမှာ “တရုတ်နိုင်ငံဟာ အင်တာနက်သုံးစွဲသူတွေရဲ့ အကြီးမားဆုံး အကျဉ်းထောင်” ဖြစ်နေတယ်လို့ ဆိုထားပါတယ်။ အဲဒီအကျဉ်းချခံထားရတဲ့ အင်တာနက်သုံးစွဲသူတွေကို ကျူးလွန်တယ်လို့ စွပ်စွဲခဲ့တဲ့ အမှုတွေကတော့ နိုင်ငံရပ်ခြားကအုပ်စုတွေနဲ့ ဆက်သွယ်မှု၊ အွန်လိုင်းလက်မှတ်ကောက်ယူ တောင်းဆိုမှုတွေမှာ ပါဝင်လက်မှတ်ရေးထိုးမှုတွေနဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ဖို့၊ အကျင့်ပျက်လာဘ်စားမှုတွေ ရပ်ဆိုင်းဖို့ တောင်းဆိုမှု တွေဖြစ်ပါတယ်။

အဲဒီလို အစိုးရရဲ့ ကန့်သတ်ချုပ်ချယ် အရေးယူမှုတွေ တိုးမြင့်လာတဲ့ အချိန်ကတော့ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု ဆန့်ကျင်ရေး၊ အကျင့်ပျက်လာဘ်စားမှု ဆန့်ကျင်ရေး လှုပ်ရှားမှုတွေနဲ့ တိုင်းရင်းသားလူမျိုးစု အကြမ်းဖက်လှုပ်ရှားမှုတွေ စဉ်ဆက်ဖြစ်ပေါ်လာခဲ့တဲ့ အချိန်တွေ ဖြစ်ပါတယ်။ အကြောင်းကတော့ အဲဒီလှုပ်ရှားမှု အများစုကို စည်းရုံးစုစည်းတာကို အမြန်သတင်းပို့ဝန်ဆောင်မှုတွေ၊ အင်တာနက်စကားပြောဆိုမှုတွေနဲ့ စာသားသတင်းပို့မှုတွေ အသုံးပြုခဲ့တာ ဖြစ်တယ်လို့ အစိုးရက နားလည်သိရှိသွားလို့ပဲ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ တရုတ်နိုင်ငံအစိုးရဟာ အင်တာနက်သုံးစွဲသူတွေကို ထောက်လှမ်းကိုင်တွယ် အရေးယူ ဆောင်ရွက်နိုင်ဖို့ ဖွဲစည်းထားတဲ့ အင်တာနက်ပုလိပ်တပ်ဖွဲ့ရဲ့အင်အားကို တိုးချဲ့လာခဲ့တာမှာ ၂၀၁၃ ခုနှစ်မှာတော့ အင်အား ၂ သန်းအထိ တိုးများလာခဲ့တာ တွေ့ရပါတယ်။

ပြောလိုရင်းကတော့ တရုတ်နိုင်ငံက အင်တာနက်သုံးစွဲသူ ပြည်သူလူထုဟာ အင်တာနက် အသုံးပြု ၀န်ဆောင်မှုတွေကို လွတ်လွတ်လပ်လပ် ရယူနိုင်ခွင့်မရှိကြသေးဘဲ အစိုးရပေးသမျှ သုံးစွဲခွင့်ဘောင်အတွင်းကပဲ သုံးစွဲခွင့်ရကြတယ်ဆိုတာပါပဲ။

အခုကျင်းပပြီးစီးခဲ့တဲ့ အင်တာနက်ကွန်ဖရင့်ကြီး မကျင်းပခင်လေးမှာ တရုတ်အစိုးရက အင်တာနက်ငွေကြေး ကောင်းကောင်းမွန်မွန်ဖွံ့ဖြိုးတိုးတက်မှု သေချာစေဖို့ ဆန်းသစ်မှုရှိရေးနဲ့ အန္တရာယ်ကင်းရှင်းစေရေးတို့ကို အထောက်အကူ ဖြစ်စေဖို့ မူဝါဒတွေနဲ့ နည်းလမ်းတွေကို စီမံချမှတ်ပေးခဲ့ပါတယ်။ အွန်လိုင်းငွေကြေးကုမ္ပဏီတွေ ကောင်းကောင်းမွန်မွန် လုံခြုံစိတ်ချရမှု ရှိရှိ တိုးတက်လာမယ်ဆိုရင် နိုင်ငံအနေနဲ့ ဈေးကွက်စုစည်းဆောင်ရွက်မှုကို စီမံထိန်းချုပ် နိုင်လာမှာဖြစ်ပြီး ပိုပြီးရှင်းလင်းတဲ့ စီမံထိန်းချုပ်မှုဆိုင်ရာ တာဝန်ရှိမှုတွေကိုလည်း ဆောင်ရွက်နိုင်မယ်လို့ တရုတ်ပြည်သူ့ဘဏ်အပါအ၀င် ဗဟိုအစိုးရ ၀န်ကြီးဌာန ၁၀ ခုနဲ့ ကုမ္ပဏီ စီမံထိမ်းချုပ်သူတွေက ဇူလိုင် ၁၈ ရက်နေ့က ပူးတွဲထုတ်ပြန်လိုက်တဲ့ လမ်းညွှန်ချက်က ဆိုပါတယ်။ လမ်းညွှန်ချက်အရ အဆင့်အားလုံးက အုပ်ချုပ်ရေးတာဝန်ရှိသူတွေအနေနဲ့ အီလက်ထရောနစ် ငွေကြေးမူဝါဒတွေ၊ ထုတ်ကုန်ပစ္စည်းတွေနဲ့ ၀န်ဆောင်မှုတွေမှာ ဆန်းသစ်ပြောင်းလဲလာရေးကို တက်တက်ကြွကြွ အားပေးသင့်တယ်လို့ ဆိုပါတယ်။ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ ဈေးကွက်ကစားလိုသူတွေအတွက် အရင်းနှီးရယူနိုင်ဖို့ ကူညီချဲ့ထွင်ပေးသင့်သလို အစိုးရ ကြိုးနီစနစ်ကို ဖြတ်တောက်ပစ်ဖို့နဲ့ ဆက်စပ်နေတဲ့ အခွန်ငွေဆိုင်ရာ အကောက်ခွန်ဆိုင်ရာ မူဝါဒတွေကိုလည်း တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ပေးသင့်တယ်လို့ လမ်းညွှန်ချက်က ဆိုပါတယ်။

တရုတ်အစိုးရ နိုင်ငံတော်ကောင်စီက အင်တာနက် ပလတ်စ် မဟာဗျူဟာအတွက် လမ်းညွှန်ချက်တခုကို ထောက်ခံအတည်ပြုပေးခဲ့ပါတယ်။ အဲဒီမဟာဗျူဟာက အင်တာနက်နဲ့ ဆက်စပ်တဲ့ အခန်းကဏ္ဍတွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ပေးဖို့ ထိပ်ဆုံးအဆင့် စီမံချက်ဖြစ်ပါတယ်။ ဒီစီမံချက်က နိုင်ငံအ၀ှမ်းက အင်တာနက်ကုမ္ပဏီတွေရဲ့ ပူးပေါင်းဆောင်ရွက်မှု နဲ့ ပေါင်းစည်းရေးကိုလည်း မြှင့်တင်ပေးမှာဖြစ်ပါတယ်။ ဒီတကြိမ်မှာတော့ တရုတ်ကုမ္ပဏီတွေက ဦးဆောင်မှု အခန်းကဏ္ဍက ပါဝင်လှုပ်ရှားလိမ့်မယ် ဖြစ်ပါတယ်။ အင်တာနက် ပလတ်စ် မဟာဗျူဟာ ဆိုတာက အရာရာတိုင်းနဲ့ ချိတ်ဆက်ဆောင်ရွက်ဖို့ ရည်မှန်းချက်ပါရှိတဲ့ ကျယ်ပြန့်အလုံးစုံပါဝင်မှု ရှိလာမယ့် မဟာဗျူဟာတခုဖြစ်တယ်လို့ ဆိုပါတယ်။

တရုတ်စက်မှုနဲ့ သတင်းနည်းပညာ ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဟွေကျင်းပင်က “တကယ်လို့ လမ်းညွှန်ချက်သာ အကောင်အထည်ဖော် ဆောင်နိုင်မယ်ဆိုရင် အရင်က မရှိခဲ့တဲ့ မူဝါဒ ထောက်ပင့်ပံ့ပိုးမှုကို ပေးအပ်နိုင်လာမှာဖြစ်ပြီး တရုတ်နိုင်ငံစီးပွားရေးအတွက် ဖွံ့ဖြိုးတိုးတက်မှု ၀န်းကျင်တခုကိုလည်း ပေးအပ်နိုင်လာမှာဖြစ်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

အဲဒီလို အင်တာနက် ငွေကြေးစနစ် အင်တာနက်ဆက်စပ် အခန်းကဏ္ဍစုံ ပါဝင်လာရမယ့် စီမံချက်ကြီးနဲ့ လမ်းညွှန်ချက်တွေကို အင်တာနက်ညီလာခံကြီးမှာ ချဆွေးနွေးပြောဆိုနိုင်ခဲ့ကြရင် အနာဂတ်တရုတ်ပြည်ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အင်တာနက် ချိတ်ဆက်ဆောင်ရွက်မှု၊ အင်တာနက် နည်းပညာနဲ့ ရယူဖို့ ကြိုးစားကြတော့မှာဖြစ်ပေမယ့် အင်တာနက် အသုံးပြုသူတွေ ရဲ့လွတ်လပ်ခွင့် နဲ့ လုံခြုံရေးတွေအပေါ်မှာ ထိန်းချုပ်ပိတ်ပင်ဟန့်တားမှု၊ အရေးယူဖမ်းဆီးအကျဉ်းချမှုတွေကို နိုင်ငံလုံခြုံရေး အကြောင်းပြချက်နဲ့ ဆက်လက်လုပ်ဆောင်နေဦးမယ်ဆိုရင် တကယ့်စစ်မှန်တဲ့ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုကို ရနိုင်ဖို့ဆိုတာ သံသယ ဖြစ်စရာ ရှိနေတယ်လို့ ယူဆမိပါကြောင်း။            ။

စိုးနေလင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013