
ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက် ရှောက်ဘီလူးပင် ဆေးဖက်ဝင် အကြောင်းကို လက်လှမ်းမီဆေးပညာမှ ရေးသားဖော်ပြသွားမှာ ဖြစ်ပါတယ်။ ရှောက်ဘီလူးပင်ကို သိပ္ပံလို Citrus hystrix လို့ခေါ်ပြီး အင်္ဂလိပ်လို the kaffir lime, Thai lime,makrut lime လို့ ခေါ်ကြပါတယ်။
ရှောက်ဘီလူးပင်မှာ ကယ်လ်စီယမ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ဗီတာမင် C၊ ဗီတာမင် A၊ beta-carotene စတဲ့အာဟာရသတ္တုဓာတ်များနဲ့ alkaloid, citronellol, limonene, nerol, rutin, quercetin စတဲ့ ကျန်းမာရေးအကျိုးပြု ဓာတုဓာတ်ပေါင်းများ ပါဝင်ပြီး ဓာတ်တိုးဆန့်ကျင်ခြင်း၊ ရောင်ရမ်းမှုကို ဆန့်ကျင်ခြင်း၊ အကိုက်အခဲပျောက်ဆေး အာနိသင်ရှိခြင်း၊ ပိုးသတ်ဆေး/မှိုသတ်ဆေး အာနိသင်ရှိခြင်း၊ အစာစားချင်စိတ်ကို မြှင့်တင်ပေးခြင်း၊ အစာခြေခြင်းနဲ့ ဆီးလမ်းကြောင်း ပူလောင်ခြင်း၊ သွေးတွင်းအဆီကို လျှော့ချပေးခြင်း၊ သွေးသန့်စင်ခြင်း၊ အာရုံကြောကျန်းမာရေးကို ထောက်ပံ့ပေးခြင်း၊ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးခြင်း၊ ဆံပင်နဲ့ ဦးရေပြား ကျန်းမာရေးကို မြှင့်တင်ပေးခြင်း၊ ခံတွင်းသန့်ရှင်းရေးကို မြှင့်တင်ပေးခြင်း၊ စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုများကို သက်သာစေခြင်း၊ အနာကျက်စေခြင်း၊ အရေပြားကျန်းမာရေးကို ထိန်းသိမ်းပေးခြင်း စတဲ့ အစွမ်းအာနိသင် ရှိပါတယ်။
ဆေးဖက်ဆိုင်ရာမှာ ရှောက်ဘီလူးပင်ရဲ့ အသီး၊ အရွက်၊ အမြစ် တို့ကို သုံးစွဲကြပါတယ်။
ရှောက်ဘီလူးသီးမှာ ဗီတာမင် C ကြွယ်ဝတာကြောင့် ရှောက်ဘီလူးသီးဖျော်ရည် အသင့်အတင့် သောက်သုံးပေးခြင်းက အရေပြားကို ဓာတ်တိုးပျက်စီးခြင်းမှ သက်သာစေကာ ကော်လာဂျင် ထုတ်လုပ်မှုကို မြှင့်တင်ပေးပြီး အသားအရေကို တောက်ပစေပါတယ်။ အဆီပြန်ခြင်းကိုလည်း ထိန်းညှိပေးသောကြောင့် အဆီပြန်ပြီး ဝက်ခြံထွက်တတ်တဲ့ အသားအရေအတွက် အထူးသင့်လျော်ပါတယ်။
ရှောက်ဘီလူးသီးနဲ့ အရွက် အသင့်အတင့်ကို စားသောက်ခြင်းက အစာကြေစေပြီး ဇီဝဖြစ်ပျက်မှုကို အထောက်အကူ ဖြစ်စေပါတယ်။
ရှောက်ဘီလူးအရွက်မှာ flavonoid နဲ့ limonoid အပါအဝင် အစွမ်းထက် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်တာကြောင့် ဦးနှောက်ကို ဓာတ်တိုးဖိစီးခြင်းမှ ကာကွယ်ပေးပြီး မှတ်ဉာဏ်ကျဆင်းခြင်းနဲ့ မှတ်ဉာဏ်ပျောက်ဆုံးခြင်းဆိုင်ရာ ပါကင်ဆန်ရောဂါနဲ့ အယ်လ်ဇိုင်းမား စတဲ့ အာရုံကြောဆိုင်ရာ ရောဂါများကို လျော့ပါး သက်သာစေပါတယ်။ အစားအသောက်တွေမှာ ရှောက်ဘီလူးရွက် အသင့်အတင့်ကို ထည့်သွင်းစားသောက်ခြင်း၊ ရေနွေးကြမ်းအဖြစ် ပြုလုပ်ပြီး တခါသောက် ရေနွေးကြမ်း ၁ ခွက်ကို ပျားရည် ကော်ဖီ ၁ ဇွန်းခန့် ထည့်ပြီး တနေ့ ၂-၃ ကြိမ် သောက်ပေးခြင်း နည်းလမ်းတွေနဲ့ သင့်တော်သလို အသုံးပြုနိုင်ပါတယ်။
ရှောက်ဘီလူးအရွက်မှာ ရောင်ရမ်းမှုကို ဆန့်ကျင်တဲ့ ဓာတ်ပေါင်းတွေ ပါဝင်တာကြောင့် ဦးနှောက်နဲ့ ခန္ဓာကိုယ်မှာ ရောင်ရမ်းမှုကို လျှော့ချပေးနိုင်တာကြောင့် ဦးနှောက်ကျန်းမာရေးကို အထောက်အကူ ပြုရုံသာမက စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်ပူပန်ခြင်းနဲ့ တခြားသော စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတွေ ကဲ့သို့သော အခြေအနေတွေ စတင်ခြင်းမှလည်း ကာကွယ်ပေးပါတယ်။ ရှောက်ဘီလူးသီးရွက်ကို ပုံမှန်စားသုံးပေးပါက ဦးနှောက်ကို ဟန်ချက်ညီစေပြီး ကျန်းမာသန်စွမ်းစေပါတယ်။
ရှောက်ဘီလူးသီးအရည်မှာ ဗီတာမင် C ကြွယ်ဝစွာ ပါဝင်တာကြောင့် ရှောက်ဘီလူးသီးဖျော်ရည် ၁ ခွက်ကို နေ့စဥ် သောက်သုံးပေးခြင်းဖြင့် ကိုယ်ခံအားစနစ်ကို အားကောင်းစေပြီး အအေးမိ ဖျားနာခြင်းတွေကို ကာကွယ်ပေးပါတယ်။
ရှောက်ဘီလူးရွက်ကို နှမ်းဆီနဲ့ချက်ပြီး ကိုယ်လိမ်းဆီအဖြစ် အသုံးပြုခြင်းက အသားအရေကို ပြန်လည်နုပျိုစေပြီး ဝက်ခြံနဲ့ အမဲစက်များကို လျော့ပါးစေကာ အသားအရေကို ပိုမိုကြည်လင်စေပါတယ်။
သွေးတွင်းအဆီဓာတ်များခြင်းအတွက် ရှောက်ဘီလူးသီးဖျော်ရည် အသင့်အတင့်ကို နေ့စဉ် သောက်သုံးပေးခြင်းဖြင့် သွေးတွင်းအဆီကို လျှော့ချပေးပြီး အဝလွန်ခြင်း၊ သွေးတိုး၊ နှလုံးနဲ့ လေဖြတ်ခြင်းအန္တရာယ်ကို လျော့ပါးစေပါတယ်။
ရှောက်ဘီလူးသီးကို အရက်နဲ့စိမ်ပြီး အာရုံကြောအားနည်းခြင်းနဲ့ လေငန်းရောဂါများ၊ အဆစ်အမြစ်နဲ့ ကြွက်သားများ နာကျင်ကိုက်ခဲခြင်း၊ ရောင်ရမ်းခြင်းများမှာ လိမ်းကျံနှိပ်နယ်ပေးခြင်းဖြင့် ရောင်ရမ်း နာကျင်မှုကို သက်သာစေပါတယ်။ အရက်နဲ့စိမ်ထားတဲ့ အရည်ကို တခါသောက် ရေနွေးကြမ်းပန်းကန်တဝက် တနေ့ ၁-၂ ကြိမ် အစာမစားမီ နာရီဝက်ခန့်က ကြိုတင် သောက်သုံးပေးခြင်းဖြင့် သွေးလှည့်ပတ်မှုကို ကောင်းစေခြင်း၊ သွေးတွင်းအဆီကျစေခြင်း နှလုံးကျန်းမာရေးကို ထိန်းသိမ်းပေးခြင်း၊ သွေးတိုးခြင်းနဲ့ လေငန်းရောဂါတို့ကို ကာကွယ်ပေးခြင်း စတဲ့အကျိုးများ ရရှိစေပါတယ်။
အရွက်တွေကို ဝါးစားခြင်း/ပြုတ်ရည်နဲ့ ပလုတ်ကျင်းပေးတာက ခံတွင်းပိုးဝင်တာကို လျှော့ချပေးပြီး ခံတွင်းကို လန်းဆန်းစေကာ သွားဖုံးကျန်းမာရေးကို ထိန်းသိမ်းပေးပါတယ်။
ဗောက်ပျောက်စေဖို့အတွက် ပန်းသီးရှာလကာရည် ကော်ဖီ ၁ ဇွန်းကို ရှောက်ဘီလူးသီးရည် ကော်ဖီ ၁ ဇွန်းနဲ့ ရေ ၁ ဇွန်းတို့ကို ရောမွှေပြီး ဦးရေပြားပေါ် တိုက်ရိုက်လိမ်းပေးပြီးနောက် ၁၅ မိနစ်လောက်ထားပြီး ခေါင်းလျှော်ပါ။
ရှောက်ဘီလူးရွက်ကို လက်ဖက်ခြောက်ပြုလုပ်ပြီး ရေနွေးကြမ်းအသင့်အတင့်ကို တနေ့ ၂-၃ ကြိမ် သောက်သုံးပေးခြင်းဖြင့် အာရုံကြောကျန်းမာရေးကို အထောက်အပံ့ပြုခြင်း၊ အဆစ်ရောင်ရောဂါကို လျှော့ချပေးခြင်း၊ အမျိုးသမီးများ ဓမ္မတာလာစဥ် ကိုက်ခဲနာကျင်ခြင်းကို သက်သာစေခြင်း၊ မှတ်ဉာဏ်ဆိုင်ရာ ကျန်းမာရေးကို အထောက်အကူပြုခြင်း စတဲ့အကျိုးအာနိသင်များ ရရှိစေနိုင်ပါတယ်။
ရှောက်ဘီလူးသီးမှာ ထူးခြားတဲ့ ဘေးထွက်ဆိုးကျိုး မရှိပေမဲ့ အလွန်အကျွံ စားသုံးခြင်းကြောင့် အစာအိမ်အက်စစ် လွန်ကဲခြင်း ဖြစ်စေနိုင်ပါတယ်။ ရှောက်ဘီလူးသီးနဲ့ ဓာတ်မတည့်သူတွေ ရှောက်ဘီလူးပင်ထွက်ပစ္စည်းတွေကို ရှောင်ကြဥ်ပါ။










