
ရေဘေးကြုံနေရတဲ့ ဧရာဝတီတိုင်းထဲက ငါးသိုင်းချောင်းမြို့မှာ မြို့ရဲ့ ၉၀ ရာခိုင်နှုန်းခန့် ရေမြုပ်နေပြီး တချို့နေရာတွေမှာ မီးဖြတ်လိုက်တာကြောင့် ဆိုလာမီးတွေ လိုအပ်လာသလို အစားအသောက်နဲ့ သောက်ရေသန့်လည်း လိုအပ်နေတယ်လို့ မြို့ခံတွေနဲ့ လူမှုကူညီကယ်ဆယ်ရေး လုပ်ပေးနေသူတွေက ဒီနေ့ ပြောပါတယ်။
မြစ်ရေတက်တဲ့အပြင် မိုးကလည်း ရွာနေတာကြောင့် ရေထွက်ပေါက်နည်းတဲ့ ငါးသိုင်းချောင်းမြို့မှာ ပြီးခဲ့တဲ့ ရက်ပိုင်းကစလို့ ရေတွေ တက်လာတာဖြစ်ပြီး ကုန်းမြင့်တဲ့ နေရာတွေမှာရှိတဲ့ ကယ်ဆယ်ရေး စခန်းတွေဆီကို ဒေသခံတွေ အရေးပေါ် ပြောင်းရွှေ့ နေရတယ်လို့ ပြောပါတယ်။
ငါးသိုင်းချောင်း မြို့ခံတယောက်က “မီးက တချို့နေရာတွေ ဖြတ်သွားပြီ။ အိမ်တွေ မြုပ်တော့ မီတာကြိုးတွေ ဘာတွေနဲ့ဆို ဓာတ်လိုက်မှာ စိုးလို့ပေါ့။ မီး မရှိတော့ ဆိုလာ မီးထွန်းနေကြတယ်။ မရှိတဲ့သူတွေက ဖယောင်းတိုင်ထွန်း၊ အမှောင်ထဲနေ။ မီးမရတဲ့နေရာတွေကျတော့ ဆိုလာမီးတွေ လိုတယ်။ အစားအသောက်တွေ လိုတယ်။ ပြီးတော့ နောက်ရက်ဆို ရေသန့်က လိုပြီ။ နောက်ပိုင်း သောက်စရာက မရှိတော့ဘူး။ တမြို့လုံး မြုပ်သွားရင် ရေထွက်ပေါက် မရှိတော့ဘူး။ လာလှူမှပဲ ရတော့မှာ” လို့ ပြောပါတယ်။
ကူညီကယ်ဆယ်ရေးပိုင်းမှာ စက်လှေတွေ အခက်အခဲရှိနေတဲ့အပြင် ငါးသိုင်းချောင်းဘက်မှာ ရေဘေးရှောင် ဒေသခံတွေအတွက် အလှူရှင် မရှိသလောက် ဖြစ်နေတယ်လို့ ကယ်ဆယ်ရေး လုပ်ဆောင်ပေးနေသူ တချို့က ပြောပါတယ်။
မြေပြင်မှာ ကူညီကယ်ဆယ်ရေး လုပ်ပေးနေသူတယောက်က “ရေက ချာလပတ်လည် လည်နေတာလေ။ လေးမျက်နှာ၊ အိုင်သပြုက ရေက ရေကြည်ဘက် ဆင်းတယ်။ အဲဒီဘက်ကနေ မြောင်းကြိုမြောင်းကြားကနေ ငါးသိုင်းချောင်းကို ပြန်ဝင်လာတယ်။ အဲဒီလိုဖြစ်နေတာ။ ကယ်ဆယ်ရေး အနေနဲ့ကတော့ စက်လှေက အရမ်းခက်ခဲနေတယ်။ စက်လှေရှိမှလည်း ကူညီရ၊ သွားရလာရ လွယ်မှာကိုး။ ကျနော်တို့ အဖွဲ့ဆို လူ ၄၀ ရှိတယ်။ စက်လှေက တစီးမှ မပါဘူး၊ မရှိဘူး။ တချို့ကျတော့ နယ်ခံတွေ လှေရှိတယ်၊ ကူညီတယ်။ တချို့ကျတော့လည်း အခကြေးငွေ အနည်းအကျဉ်း ယူတာမျိုးရှိတယ်၊ တထောင် နှစ်ထောင်လောက်ပါ။ လက်နဲ့ လှော်ရတာ ဆိုတော့လေ။ ဒါတော့ ပေးသင့်ပါတယ်။ ရှေ့မှာ ဖြစ်သွားတဲ့ လေးမျက်နှာ၊ အိုင်သပြုဘက်ကို အလှူရှင်တွေက မဲပြီးသွားတော့ လက်ရှိမြုပ်နေတဲ့ ငါးသိုင်းချောင်းဘက်ကိုက အလှူရှင်က မရှိသလောက် ဖြစ်နေတာ” လို့ ပြောပါတယ်။
ဒါ့ကြောင့် အလှူရှင်တွေအနေနဲ့ ငါးသိုင်းချောင်းဘက်ကို ဝင်ရောက် လှူဒါန်းပေးကြဖို့ ဒေသခံတချို့နဲ့ ကူညီကယ်ဆယ်ရေး လုပ်ပေးနေတဲ့သူတွေက ဆိုပါတယ်။
ဒါ့အပြင် ရေမကျသေးတဲ့အတွက် ရေကြီးနစ်မြုပ်နေတဲ့ လယ်မြေတွေကတော့ အကုန်လုံးနီးပါး ဆုံးရှုံးကုန်ပြီလို့ ဒေသခံတွေက ပြောပါတယ်။
ငါးသိုင်းချောင်းဒေသခံ နောက်တယောက်က “လယ်ယာမြေတွေကတော့ ရေမြုပ်တဲ့ နေရာမှန်သမျှ အကုန်ဆုံးရှုံးကုန်ပါပြီ။ ဘယ်လောက်လဲဆိုတာ အတိအကျတော့ ပြောဖို့ခက်ပါသေးတယ်။ စပါးဆို ဘာမှမရတော့ပါဘူး” လို့ ပြောပါတယ်။
လက်ရှိမှာ လေးမျက်နှာ၊ ငါးသိုင်းချောင်း၊ ကျုံပျော်၊ ရေကြည်၊ ဟင်္သာတမြို့ တို့မှာ ရေကြီးနစ်မြုပ်မှု ဆိုးရွားနေပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ အခြေအနေတွေကြောင့် ရေဘေးသင့်လူဦးရေ ပိုများလာနေတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။
ဧရာဝတီတိုင်း အပါအဝင် မြန်မာပြည်အထက်ပိုင်းဘက်မှာလည်း ရေဘေးသင့်နေတာတွေ ဖြစ်ပွားနေပြီ ရေဘေးကြောင့် အနည်းဆုံး အရပ်သား ၃၀ ခန့် သေဆုံးထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က သတိပေးထားပါတယ်။
ဒါ့အပြင် ရေဘေးကြောင့် စိုက်ပျိုးမြေဧက သိန်းပေါင်းများစွာ နိုင်ငံတဝန်း ထိခိုက်ပျက်စီးမှု ရှိမယ်လို့လည်း ကျွမ်းကျင်သူတွေက ခန့် မှန်းထားကြပါတယ်။











