DVB Logo
Home
မြန်မာသတင်း
ထိုင်း-မြန်မာနှစ်နိုင်ငံ ဗီဇာ မလိုဘဲ ၁၄ ရက် သွားလာခွင့် အတည်ပြု
DVB
·
July 22, 2015
ထိုင်း-မြန်မာနှစ်နိုင်ငံ ဗီဇာ မလိုဘဲ ၁၄ ရက် သွားလာခွင့် အတည်ပြု
Donate to DVB

ထိုင်း-မြန်မာ ၂ နိုင်ငံကြား  ၁၄ ရက်စာ ဗီဇာမလိုဘဲ သွားလာခွင့်ပြုရေးကိစ္စကို  ဇူလိုင်လ ၂၁ ရက်နေ့  ထိုင်းအစိုးရအဖွဲ့ အစည်းအဝေးက အတည်ပြုပေးလိုက်ပါတယ် ။

ထိုင်းနိုင်ငံခြားရေး ၀န်ကြီးဌာနက အဆိုပြုထားခဲ့တဲ့ အဲဒီအချက်ကို ၀န်ကြီးချုပ် ပရာယွတ်ချန်အိုချာက ဦးဆောင်တဲ့ ကက်ဘိနက်ကနေ အတည်ပြု လိုက်ကြောင်း ထိုင်းအစိုးရ၀က်ဘ်ဆိုက်မှာ ဖော်ပြပါတယ်။

ထိုင်းမှ မြန်မာ၊ မြန်မာမှ ထိုင်းနိုင်ငံသို့ အပြည်ပြည်ဆိုင်ရာ လေဆိပ်မှတဆင့် သွားလာသူတွေအနေနဲ့ ၁၄ ရက်စာ ဗီဇာမလို၊ အကြောင်းပြချက် တစုံတရာပြစရာမလိုဘဲ နေထိုင်သွားလာခွင့်ပြုကြောင်း အတည်ပြုလိုက်ပြီး  ဒုဝန်ကြီးချုပ် နဲ့ နိုင်ငံခြားရေးဝန်ကြီးမှ လက်မှတ်ရေးထိုးဖို့ ဆုံးဖြတ်ပါတယ်။

ဒီကိစ္စ အကောင်အထည်ဖော်ဆောင်ရွက်ဖို့အတွက်  ထိုင်း-မြန်မာ နှစ်နိုင်ငံတာဝန်ရှိသူတွေဟာ လာမယ့် အပတ်ကျရင် ထိုင်းနိုင်ငံ ချင်းမိုင်မှာ တွေ့ဆုံဆွေးနွေးဖို့ရှိတယ်လို့  ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်းမောင်က ဒီဗွီဘီကို ပြောပါတယ်။

“သူတို့ကက်ဘိနက်က ဒီအချက်တွေ ဆွေးနွေးဖို့ သဘောတူပြီး ချထားတယ်။ ကျနော်တို့ဘက်ကလည်း အဲဒါတွေဆွေးနွေးဖို့ ချပေးထားတာရှိတယ်။ ဒါကြောင့် လာမယ့် ၂၈ ရက်နဲ့ ၂၉ ရက်နေ့ကျရင် ချင်းမိုင်မှာ ဂျေအေစီ ပူးတွဲကော်မတီအစည်း အဝေးရှိတယ်။ ဆွေးနွေးပြီးတော့ သဘောတူညီချက် စာချုပ်တွေအရင်လုပ်မယ်။ ပြီးတော့ အဆင့်တွေ အများကြီး ကျန်သေးတယ်လေ ဥပဒေကြောင်းအရာတို့၊ သူတို့ဘက်ကလည်း ကျနော်တို့နဲ့ ဆွေးနွေးပြီးတဲ့အခါမှာ လွှတ်တော်တို့ ဘာတို့ တင်ရဦးမှာပေါ့။ ကျနော်တို့ဘက်ကလည်း  တင်ရဦးမှာလေ။ သိပ်တော့မကြာပါဘူး၊ အလွန်ဆုံး ၂ လ ၃ လပေါ့။ ဖြစ်မှာကတော့ ၉၀ ရာခိုင်နှုန်း သေချာပါတယ်။”

ဗီဇာမလိုဘဲ ၁၄ ရက် ၀င်ထွက်သွားလာခွင့်ဟာ ထိုင်းနိုင်ငံ လေဆိပ်ပေါင်း ၂၂ ခုလုံးမှာ အကျုံးဝင်မယ်လို့လည်း သူက ဆက်ပြောပါတယ်။

ဒါ့အပြင် နယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ် သက်တမ်းတွေ တိုးပေးဖို့လည်း အစီအစဉ်ရှိကြောင်း၊  မူလ ၁၄ ရက် ခွင့်ပြုရာက ၁ လအထိ တိုးမြင့်ပေးဖို့၊ နယ်စပ်ကနေ အလုပ်လာလုပ်သူတွေအတွက် ၁ လနေထိုင်ခွင့်ပြုရေး ကိစ္စတွေကိုလည်း ခုလာမယ့် ပူးတွဲကော်မတီအစည်းအဝေးမှာ ဆွေးနွေးသွားဖို့ရှိတယ်လို့ သံအမတ်ကြီးက ပြောသွားပါတယ်။

ထိုင်း-မြန်မာ ၂ နိုင်ငံကြား ပြည်ဝင်ခွင့်ဗီဇာမလိုဘဲ ၁၄ ရက် နေထိုင်သွားလာခွင့်ကိစ္စကို   လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ထိုင်းဝန်ကြီးချုပ်ဟောင်း ယင့်လပ် ရှင်နာဝပ်လက်ထက်မှာ သဘောတူထားတာရှိပေမယ့်  ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးအပြောင်းအလဲကြောင့် အခုမှ ပြန်ပြီး အကောင်အထည်ဖော်ဖို့ ဆောင်ရွက်လာတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013