DVB Logo
Home
နိုင်ငံတကာ
စကြဝဠာ လျှို့ဝှက်ချက်များ ရှာဖွေမည့် NASA တယ်လီစကုပ်သစ် လွှတ်တင်
DVB
·
August 31, 2026
Photo: NASA
Photo: NASA
Donate to DVB

စကြဝဠာရဲ့ မှောင်မိုက်စွမ်းအင်၊ မှောင်မိုက်ဒြပ်နဲ့ နေအဖွဲ့အစည်းပြင်ပက ဂြိုဟ်တွေကို လေ့လာမဲ့ NASA ရဲ့ မျိုးဆက်သစ် နန်စီ ဂရေ့စ် ရိုမန် အာကာသတယ်လီစကုပ်ကို ဩဂုတ် ၃၀ ရက်က ဖလော်ရီဒါပြည်နယ် Kennedy Space Center ကနေ  လွှတ်တင်လိုက်ပါတယ်။

အမေရိကန်ဒေါ်လာ ၄ ဘီလီယံခန့် တန်ဖိုးရှိတဲ့ ဒီတယ်လီစကုပ်ကို SpaceX ရဲ့ Falcon Heavy ဒုံးပျံနဲ့ အာကာသထဲ ပို့ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ရိုမန်တယ်လီစကုပ်ရဲ့ မြင်ကွင်းအကျယ်ဟာ နာမည်ကျော် ဟာဘယ်လ်နဲ့ ဂျိမ်းစ်ဝက်ဘ် တယ်လီစကုပ်တွေထက် အဆ ၁၀၀ ခန့် ပိုမိုကျယ်ဝန်းတယ်လို့ NASA က ပြောပါတယ်။

ဒီတယ်လီစကုပ်ဟာ ကမ္ဘာကနေ မိုင်တစ်သန်း (ကီလိုမီတာ ၁ ဒသမ ၆ သန်း) ဝေးတဲ့ Lagrange Point 2 ဆီ သွားရောက်ပြီး သိပ္ပံလေ့လာရေးလုပ်ငန်းတွေ စတင်မှာ ဖြစ်ပါတယ်။ 

ရိုမန်ဟာ နဂါးငွေ့တန်းဂလက်ဆီတစ်ခုလုံးကို တလခန့်နဲ့ လေ့လာနိုင်မှာဖြစ်ပြီး၊ အလားတူလုပ်ငန်းကို ဟာဘယ်လ်တယ်လီစကုပ်နဲ့ဆိုရင် ရာစုနှစ် တခုလောက် ကြာနိုင်တယ်လို့ မစ်ရှင်သိပ္ပံပညာရှင်တွေက ဆိုပါတယ်။

ဒီမစ်ရှင်ကနေ နေအဖွဲ့အစည်းပြင်ပ ဂြိုဟ်သစ်ပေါင်း သောင်းနဲ့ချီပြီး အများဆုံး ၁ သိန်းခန့်အထိ ရှာဖွေဖော်ထုတ်နိုင်မယ်လို့ NASA က မျှော်လင့်ထားပါတယ်။

NASA တာဝန်ရှိသူ နစ်ကီ ဖောက်စ်က “အဓိကမေးခွန်းတစ်ခုက စကြဝဠာထဲမှာ ကျနော်တို့ချည်းပဲလား ဆိုတာပါပဲ” လို့ ပြောပါတယ်။

ရိုမန်ဟာ မူလက အမေရိကန် ထောက်လှမ်းရေးအဖွဲ့အတွက် သူလျှိုဂြိုဟ်တုအဖြစ် ဒီဇိုင်းထုတ်ခဲ့တာ ဖြစ်ပြီး ၂၀၁၂ ခုနှစ်မှာ NASA ဆီ လွှဲပြောင်းပေးခဲ့တာပါ။ 

ဒါ့အပြင် စကြဝဠာရဲ့ ၉၅ ရာခိုင်နှုန်းခန့်ကို ဖွဲ့စည်းထားတဲ့ မှောင်မိုက်စွမ်းအင်နဲ့ မှောင်မိုက်ဒြပ် တွေရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်နိုင်ဖို့ ဂလက်ဆီ ဘီလီယံနဲ့ချီကို မြေပုံရေးဆွဲသွားမှာ ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013