
အမေရိကန်ပြည်ထောင်စု၊ နယူးအင်္ဂလန်ဒေသရဲ့ အစိတ်အပိုင်းတခုမှာ မေ ၃၁ ရက် မွန်းလွဲပိုင်းမှာ တောက်ပတဲ့ မီးလုံးကြီးတခု တဟုန်ထိုး ဆင်းသွားခဲ့ပြီး ကျယ်လောင်တဲ့ ပေါက်ကွဲသံနဲ့အတူ လေထုထဲမှာ ဥက္ကာခဲတခု ပေါက်ကွဲသွားခဲ့တယ်လို့ အမေရိကန် အမျိုးသားအာကာသသိပ္ပံ (NASA) က ဂြိုဟ်တုပုံရိပ်တွေကို ကိုးကားပြောပါတယ်။
မြောက်အမေရိက စံတော်ချိန် မွန်းလွဲ ၂ နာရီ ၆ မိနစ်လောက်မှာ ဖြစ်ခဲ့တဲ့ ဒီဖြစ်ရပ်ကို မျက်မြင်သက်သေတွေနဲ့ အမျိုးသား သမုဒ္ဒရာနဲ့ အာကာသ စီမံခန့်ခွဲရေးဌာန NOAA ရဲ့ GOES-19 ဂြိုဟ်တုတို့က ရှာတွေ့ခဲ့တာလို့ NASA က X လူမှုကွန်ရက်ပေါ်မှာ ရေးခဲ့ပါတယ်။
ဥက္ကာခဲဟာ မက်ဆာချူးဆက်ပြည်နယ် အရှေ့မြောက်ပိုင်းနဲ့ နယူးဟမ်းရှိုင်းယားပြည်နယ် အရှေ့တောင်ပိုင်းကြား မိုင် ၄၀ အမြင့်မှာ အပိုင်းပိုင်း ကွဲသွားခဲ့တယ်လို့လည်း အေဂျင်စီက ထပ်ပြောခဲ့ပါတယ်။
ပြိုကွဲသွားချိန်မှာ ထုတ်လွှတ်တဲ့စွမ်းအင်ဟာ TNT ယမ်း တန်ချိန် ၃၀၀ လောက်နဲ့ ညီမျှတယ်လို့ NASA က ခန့်မှန်းထားပြီး ဒေသတွင်းမှာ သတင်းပို့ထားတဲ့ ကျယ်လောင်တဲ့ ဆူညံသံကိုလည်း တွက်ချက်ထားပါတယ်။
ဥက္ကာခဲတွေဟာ အသံရဲ့အမြန်နှုန်းထက် ပိုမြန်မြန်ဆန်ဆန် ရွေ့လျားလေ့ ရှိပါတယ်။ လေထုထဲမှာ လောင်ကျွမ်းပြီး ပြိုကွဲသွားချိန်မှာ ဖိအားလှိုင်းတွေကို ဖန်တီးပေးတဲ့အပြင် မြေပြင်ပေါ်မှာ ကြားနိုင်တဲ့ ကျယ်လောင်တဲ့ မြည်ဟိန်းသံကို ဖြစ်ပေါ်စေနိုင်ပါတယ်။
Source: Reuters










