
ရန်ကုန်တိုင်း၊ ဒလမြို့နယ်၊ ရာဇသင်္ကြန်ရပ်ကွက်ရှိ ‘ပြည့်ဝ’ဆန်နဲ့ ကုန်မျိုးစုံအရောင်းဆိုင်ပိုင်ရှင် လင်မယားကို သတ်ခဲ့တဲ့ တရားခံ ၂ ယောက်ကို စက်တင်ဘာ ၂၈ ရက်က တွံတေးခရိုင်တရားရုံးက မသေမချင်းကြိုးကွင်းစွပ်သတ်ဖို့ အမိန့်ချလိုက်တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။
တွံတေးခရိုင်တရားရုံးက စက်တင်ဘာ ၂၈ ရက် မနက်က ပြစ်မှုကျူးလွန်သူ ဘိုထီး(ခ)မျိုးဇော်နဲ့ မျိုးဇော် (ခ) မျိုးဇော်အောင်တို့ကို ပုဒ်မ ၃၉၂ အရ မသေမချင်း ကြိုးကွင်းစွပ်သတ်ဖို့ အမိန့်ချ လိုက်တာလို့ တရားရုံးနဲ့နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။
“၂၈ ရက်နေ့ တွံတေးခရိုင်တရားရုံးက အမိန့်ချလိုက်တာ ပုဒ်မ ၃၉၂ အရ နှစ်ယောက်စလုံးကို ထောင်ဒဏ် ၁၀ နှစ်နဲ့ မသေမချင်း ကြိုးပေးသတ်ဖို့ အမိန်ချလိုက်တာပါ”လို့ ပြောပါတယ်။
ကြိုးပေးသတ်ခံရသူ ၂ ယောက်ဟာ ဇွန် ၂၆ ရက် မနက်က ဒလမြို့နယ် ရာဇသင်္ကြန်ရပ်ကွက် အုပ်လှငယ်လမ်းရှိ “ပြည့်ဝ”ဆန်နှင့် ကုန်မျိုးစုံအရောင်းဆိုင်မှ ဆိုင်ပိုင်ရှင်ဖြစ်တဲ့ ကိုအောင်ကျော်ကျော်နဲ့ မနွယ်နွယ်ဝင်းတို့ကို သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။
လူသတ်မှုဖြစ်ပြီးနောက် စစ်အာဏာရှင်လက်အောက်ခံရဲတွေက ပြစ်မှုကျူးလွန်သူ ဘိုထီး(ခ) မျိုးဇော်ကို လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊ ရိုးကြီးရွာမှာ ဖမ်းမိခဲ့ပြီး ငမျိုး (ခ) မျိုးဇော်အောင်ကို အလုံမြို့နယ်၊ ဧရာဝတီရပ်ကွက်၊ သခင်မြပန်းခြံကားဂိတ်မှာ ဖမ်းမိခဲ့ပြီးနောက် အမှုဖွင့်လှစ်ကာ တွံတေးခရိုင်တရားရုံးကို တရားစွဲဆိုတင်ပို့ခဲ့တာ ဖြစ်ပါတယ်။
ဇူလိုင် ၂၃ ရက်ကလည်း လှိုင်မြို့နယ်၊ ၁၂ ရပ်ကွက်မှာ ပစ္စည်းဝင်ခိုးရင်း အသက် ၁၅ နှစ်အရွယ် မိန်းကလေးကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့တဲ့ အောင်ကျော်စိုး (ခ) အင်ဂျင်ဝိုင်ကို မရမ်းကုန်းခရိုင် တရားရုံးက မသေမချင်း ကြိုးပေးသတ်ဖို့နဲ့ ထောင်ဒဏ် ၁၄ နှစ် အမိန့်ချမှတ်ခဲ့ပါတယ်။
ဇူလိုင် ၂၀ ရက်ကလည်း ဇမ္ဗူသီရိမြို့နယ်မှာ လူငယ်တယောက်ကို သတ်ဖြတ်ပြီး ဆိုင်ကယ် လုယူသွားသူ ၂ ယောက်ကို မသေမချင်း ကြိုးပေးသတ်ရန်နဲ့ ထောင်ဒဏ် ၁၀ နှစ် အမိန့်ချမှတ်ခဲ့တာလည်း ရှိပါတယ်။










