အင်ဒိုနီးရှားနိုင်ငံဟာ သစ်တော၊ မြေဆွေးတော (Peatland) မီးလောင်မှုတွေနဲ့ အကြီးအကျယ် ရင်ဆိုင်နေရပြီး တချို့နေရာတွေမှာဆိုရင် ရက်သတ္တပတ်နဲ့ချီအောင် ဆက်လက်လောင်ကျွမ်းနေဆဲ ဖြစ်ပါတယ်။
အထူးသဖြင့် ဘော်နီယိုကျွန်းရဲ့ အင်ဒိုနီးရှားဘက်ခြမ်း - ကာလီမန်တန်ဒေသနဲ့ ဆူမားတြားကျွန်းမှာ တောမီးလောင်ကျွမ်းမှု အခြေအနေ ဆိုးရွားနေပါတယ်။
ဒီတောမီးကနေ ထွက်ပေါ်လာတဲ့ အဆိပ်သင့် မီးခိုးတွေကြောင့် လူသန်းပေါင်းများစွာကို သက်ရောက်နေသလို မလေးရှားနဲ့ ဖိလစ်ပိုင်လိုမျိုး အိမ်နီးချင်းနိုင်ငံတွေအထိ ပျံ့နှံ့လာတယ်လို့လည်း ဆိုပါတယ်။
မကြာသေးတဲ့ ဇူလိုင်လနဲ့ ဩဂုတ်လအတွင်း တောမီးနဲ့ဆက်စပ်ပြီး အင်ဒိုနီးရှားမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားသူ ၅၀,၀၀၀ နဲ့ အထက်ရှိကြောင်း ဖော်ပြပါတယ်။
အဲဒီထဲမှာ အသက် ၅ နှစ်အောက် ကလေးငယ် ၁၂,၀၀၀ ကျော်အထိ ပါဝင်နေတယ်ဆိုပြီး ကျန်းမာရေးဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။
အဆိုးဆုံးဖြစ်နေတဲ့ တောင်ကာလီမန်တန်ပြည်နယ်က ဘန်ဂျာဘာရူမြို့မှာဆိုရင် မီးခိုးမြူတွေ ထူထပ်ကာ အရှေ့ ၂ မီတာလောက်ကိုသာ မြင်ရတော့တဲ့အတွက် သီတင်း ၂ ပတ်လောက် စာသင်ကျောင်းတွေ ပိတ်ထားရပါတယ်။
အလားတူ ဘော်နီယိုကျွန်းရဲ့ မလေးရှားဘက်ခြမ်း ဆာရာဝပ်ခ်ပြည်နယ်မှာလည်း လေထုညစ်ညမ်းမှု အညွှန်းကိန်းက “ကျန်းမာရေးနဲ့ မညီညွတ်တဲ့” အဆင့်ကို ရောက်လာတာနဲ့အမျှ လူကိုယ်တိုင်တက်ရတဲ့ အတန်းတွေ ရပ်ဆိုင်းထားပါတယ်။
ဒါ့အပြင် ဖိလစ်ပိုင် မိုးလေဝသပညာရှင်တွေက အနောက်တောင်မုတ်သုံလေဟာ အဆိပ်သင့်မီးခိုးငွေ့တွေကို မြောက်ပိုင်းဆီ တွန်းပို့နေတဲ့အလျာက် မနီလာမြို့တော်နဲ့ ပါလာဝမ် ပြည်နယ်အထိ ရောက်လာတယ်ဆိုပြီး အတည်ပြုပါတယ်။
စင်ကာပူနိုင်ငံကတော့ အသင့်အနေအထားနဲ့ သတိထား စောင့်ကြည့်နေပြီး N95 နှာခေါင်းစည်းတွေ ကြိုတင်စုဆောင်းထားတဲ့အပြင် ကျောင်းပြင်ပ လှုပ်ရှားမှုတွေကိုပါ လိုအပ်သလို ချိန်ညှိဖို့ ပြင်ဆင်နေပါတယ်။
အခုလိုမျိုး တောမီးလောင်ကျွမ်းရတဲ့ အဓိကဇာစ်မြစ်ဟာ ဆယ်စုနှစ်ပေါင်းများစွာအတွင်း မြေယာအသုံးပြုပုံ ပြောင်းလဲလာတာနဲ့ ဆက်စပ်နေပါတယ်။
ဥပမာအားဖြင့် စီးပွားဖြစ် စိုက်ပျိုးရေးလုပ်ငန်းတွေနဲ့ အိမ်ရာဖော်လိုတဲ့ လုပ်ငန်းရှင်တွေက မိုးသစ်တောကြီးတွေနဲ့ သစ်ဆွေးမြေနေရာတွေ ရှင်းလင်းဖို့အတွက် တောမီးရှို့တာကို ကုန်ကျစရိတ်သက်သာတဲ့ နည်းလမ်းတခုအဖြစ် အသုံးပြုလေ့ရှိပါတယ်။
ဒါပေမဲ့လည်း ဌာနေတိုင်းရင်းသားတွေအပေါ်မှာသာ အပြစ်ပုံချလေ့ရှိတဲ့အလျောက် ဒေသခံတွေဘက်က အူမာ ဘူကစ် လို့ခေါ်တဲ့ တနိုင်တပိုင် ရိုးရာစိုက်ပျိုးရေး နည်းလမ်းတွေသာ အသုံးပြုတာ ဖြစ်တယ်ဆိုပြီး စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။











