
အာဂျင်တီးနားနိုင်ငံ မန်းဒိုးဇားပြည်နယ်ထဲက အန်ဒီးစ်တောင်တန်းဒေသမှာ နှင်းမုန်တိုင်း တပတ်နီးပါး ဆက်တိုက် တိုက်ခတ်ခဲ့တာကြောင့် ကရစ္စတို ရီဒန်တာ နိုင်ငံတကာ တောင်ကြားလမ်း ပိတ်သွားခဲ့တာ တပတ်နီးပါး ရှိသွားပြီး ဇူလိုင် ၂၂ ရက်အထိ ကုန်ကား အစီး ၆၀၀ လောက် ပိတ်မိ နေပါတယ်။
အူစ်ပါယာတာဒေသက ရိုက်ကူးထားတဲ့ ဒရုန်းဗီဒီယိုရုပ်သံမှာတော့ အာဂျင်တီးနား၊ ဘရာဇီးနဲ့ ဒေသတွင်း တခြားနိုင်ငံတွေကလာတဲ့ ကုန်ကား ရာပေါင်းများစွာဟာ ယာဉ်မောင်းတွေ ဘေးကင်းကင်း နားနားနေနေ စောင့်ဆိုင်းနိုင်မဲ့ ထိန်းချုပ်ရေးစခန်းဝင်းထဲမှာ ရပ်ထားရတာကို တွေ့ရပါတယ်။
လမ်းပြန်ဖွင့်ပေးမဲ့အချိန်ကို စောင့်နေကြတဲ့ ယာဉ်မောင်းတွေကို အာဂျင်တီးနားရဲတပ်ဖွဲ့နဲ့ ကုန်ကားသမားများအသင်းတို့က သောက်ရေနဲ့ အစားအသောက်တွေ ထောက်ပံ့ပေးထားပါတယ်။
အဲဒီဒေသက တချို့နေရာတွေမှာ နှင်းထု ၃ မီတာ (၁၀ ပေနီးပါး) အထိ စုပုံနေပြီး မန်းဒိုးဇား ပြည်နယ်ထဲက လမ်းမကြီးအများအပြားလည်း ပိတ်ဆို့နေတယ်လို့ ဒေသတွင်း မီဒီယာတွေမှာ ဖော်ပြထားပါတယ်။
မိုးလေဝသ ခန့်မှန်းချက်တွေအရ နှင်းကျတာနဲ့ အေးစိမ့်တဲ့ ရာသီဥတုဟာ နောက်ထပ် ၁၄ ရက် လောက်အထိ ဆက်ရှိနေနိုင်တယ်လို့ သိရပါတယ်။
အာဂျင်တီးနားနိုင်ငံ မန်းဒိုးဇားပြည်နယ် အမြင့်ပိုင်း တောင်တန်းတွေမှာ ပြီးခဲ့တဲ့အပတ်ကတည်းက နှင်းတွေ သည်းသည်းထန်ထန် ကျခဲ့တာကြောင့် ဇူလိုင် ၁၉ ရက်ကလည်း အရေးပေါ်ကူညီရေးအဖွဲ့ (AFE) က ဒေသခံ ၅၀ နီးပါးကို နှင်းလျှောစီးယာဉ်တွေနဲ့ ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။
နယ်စပ်ပြန်ကြားရေး တာဝန်ရှိသူ အော်စ်ဗားလ်ဒို ဗာလ်ယဲရဲ့ အဆိုအရ အခြေအနေတွေက ဆက်လက် ဆိုးရွားနေဆဲဖြစ်ပြီး အခုလို နှင်းကျတာနဲ့ အေးစိမ့်တဲ့ ရာသီဥတုဟာ ဩဂုတ် ၂ ရက်အထိ နောက်ထပ် ၁၄ ရက်လောက် ခက်ခဲစိန်ခေါ်မှုတွေ ဆက်ရှိနေနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
မိုးလေဝသ ခန့်မှန်းသူတွေကတော့ အန်ဒီးစ်တောင်တန်း မုန်တိုင်းတင်မကဘဲ တောင်ပိုင်းကုန်းန် ဒေသ တခုလုံးမှာ ပိုကြီးမားတဲ့ ရာသီဥတု ခြိမ်းခြောက်မှုတခု ဖြစ်ပေါ်လာနေတယ်လို့ သတိပေးထား ပါတယ်။
ကမ္ဘာ့ရာသီဥတုအဖွဲ့ (WMO) ရဲ့ နောက်ဆုံးထုတ်ပြန်ချက်အရ ပစိဖိတ်သမုဒ္ဒရာ ရေအပူချိန်ဟာ ပုံမှန်ထက် ၂ ဒီဂရီ စင်တီဂရိတ်ကျော် မြင့်တက်လာနေတာကြောင့် အခု လာမဲ့ နွေဦးနဲ့ နွေရာသီမှာ အယ်လ်နီညိုဟာ ပိုမိုအားကောင်းတဲ့ “စူပါ နီညို” အဖြစ် ပြောင်းလဲသွားနိုင်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် အာဂျင်တီးနားအလယ်ပိုင်းနဲ့ မြောက်အရှေ့ပိုင်းဒေသတွေမှာ မိုးသည်းထန်စွာ ရွာသွန်းတာ၊ လစဉ် ပျမ်းမျှမိုးရေချိန်ထက် နှစ်ဆအထိ ပိုရွာပြီး ရေကြီးရေလျှံမှုတွေ စံချိန်တင် ဖြစ်ပေါ်လာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။
Source: Reuters











