DVB Logo
Home
မြန်မာသတင်း
ညောင်ဦးတွင် စက်သုံးဆီဆိုင် ဓားပြတိုက်ခံရ
DVB
·
July 30, 2025
ညောင်ဦးတွင် စက်သုံးဆီဆိုင် ဓားပြတိုက်ခံရ
Donate to DVB

မန္တလေးတိုင်း၊ ညောင်ဦးမြို့ပေါ်က Denko စက်သုံးဆီဆိုင်ကို ဇူလိုင် ၂၈ ရက် ညနေ ၅ နာရီဝန်းကျင်မှာ ဓားပြတိုက်ခံရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ညောင်ဦးမြို့ခံ အမျိုးသားတယောက်က “ညောင်ဦးမြို့ပေါ်အစွန် တောင်ဘရွာနားက ညောင်ဦး-ကျောက်ပန်းတောင်း ကားလမ်းပေါ်မှာရှိတဲ့ Denko ဆီဆိုင်ကို လက်နက်ကိုင် လူတစုက ဓားပြတိုက်သွားကြတာပါ” လို့ ပြောပါတယ်။

ဆီဆိုင်ဓားပြတိုက်မှု ဖြစ်စဥ်အတွင်း ဆီရောင်းရငွေ ၅၀၀,၀၀၀ ကျော်၊ ဆိုင်ဝန်ထမ်းတွေရဲ့ ရွှေနားကပ် ၁ ရံ၊ Redmi အနက်ရောင်ဖုန်း ၁ လုံး၊ Oppo အပြာရောင်ဖုန်း ၁ လုံး၊ Redmi Note 10 T ခဲရောင်ဖုန်း ၁ လုံး၊ Kenbo အမျိုးအစား ကျောက်စိမ်းရောင် ဆိုင်ကယ် ၁ စီး၊ SMASH အမျိုးအစား အဖြူရောင်ဆိုင်ကယ် ၁ စီးနဲ့ ဆီလာဖြည့်နေတဲ့ Honda Fit အဖြူရောင်ကား ၁ စီးတို့ကို လုယက်ယူဆောင်သွားကြတယ်လို့ ဆိုပါတယ်။

ညောင်ဦး ပကဖ တာဝန်ခံ ကိုဇီးက “အခု ဓားပြမှုတွေ ဆက်တိုက်ဖြစ်နေတဲ့နေရာက လူအသွားအလာ နည်းနည်းပြတ်တယ်။ ကျနော်သိရသလောက်တော့ ပျူအဖွဲ့တဖွဲ့တည်းကပဲ ဓားပြမှုတွေ ကျူးလွန်နေတယ်လို့ ယူဆရတယ်ပေါ့။ ညောင်ဦးအနောက်ခြမ်းမှာရှိနေတဲ့ ပျူတွေက နယ်ခံတွေမဟုတ်ကြဘူး။ စစ်တပ်က လက်နက်ပေးထားတဲ့ ညောင်ဦးမြို့ပေါ်က ပျူတွေလို့ သိရတယ်။ သူတို့ရည်ရွယ်ချက်က သူတို့လည်းပိုက်ဆံရ၊ PDF တွေရဲ့ပုံရိပ် ကျဆင်းအောင် လုပ်နေတဲ့သဘောပါ။ အဲဒီပျူတွေကို စစ်တပ်က ရိက္ခာတွေမပို့နိုင်တော့ ဓားပြတိုက်စားနေရတဲ့ အခြေအနေ ဖြစ်နေတာ။ စစ်ကောင်စီဘက်ကလည်း ထိထိရောက်ရောက် မကိုင်တွယ်တာကို တွေ့နေရတယ်။ အဲဒီဘက်က ပျူတွေ စိုးမိုးတဲ့နယ်မြေတွေကို ကျနော်တို့တွေဘက်က ထိန်းချုပ်စိုးမိုးနိုင်ဖို့ ကြိုးစားနေပါတယ်” လို့ DVB ကို ပြောပါတယ်။

အဆိုပါပျူစောထီးတွေဟာ လူသတ်ဓားပြတိုက်မှုတွေ ဆက်တိုက်ကျူးလွန်နေတဲ့အပြင် ပြည်သူပိုင်လမ်းတွေပေါ်မှာ ကင်းပုန်းဝပ်ပြီး လမ်းသွားလမ်းလာပြည်သူတွေကို ပေါ်တာဆွဲ ဖမ်းဆီးတာတွေပါ ပြုလုပ်လာနေတယ်လို့ ဆိုပါတယ်။

ဇူလိုင် ၂၉ ရက် မနက်ပိုင်းမှာတော့ အဆိုပါ ဓားပြတိုက်ခံရတဲ့ Denko ဆီဆိုင်ကို ညောင်ဦးမြို့က စစ်ကောင်စီလက်အောက်ခံတွေ လာရောက်စစ်ဆေးသွားခဲ့တယ်လို့လည်း သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၀ ရက် ညဦးပိုင်းမှာလည်း ညောင်ဦး-မြင်းခြံ-ပခုက္ကူ ကားလမ်းပေါ်က အောက်ညဥ့်ကျေးရွာနားမှာ ဖွင့်လှစ်ထားတဲ့ BOB စက်သုံးဆီအရောင်းဆိုင်ကို ပျူစောထီးတွေက ဓားပြတိုက်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ညောင်ဦးမြို့နယ်အတွင်းမှာ ဓားပြတိုက်မှုဖြစ်စဥ် ၁၅ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ကာ အဆိုပါဖြစ်စဥ်တွေနဲ့ပတ်သက်ပြီး အသေးစိတ်သိနိုင်ဖို့ ညောင်ဦးမြို့မရဲစခန်းကို DVB က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုသူ မရှိပါဘူး။

ညောင်ဦးမြို့နယ်အတွင်း ဓားပြမှုတွေမှာ ပါဝင်ခဲ့သူတယောက်ကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၂၉ ရက်မှာ ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013