DVB Logo
Home
မြန်မာသတင်း
“တော်လှန်ရေးအင်အားစုတွေ တောင့်တင်းလာပြီးတော့ တိုက်ပွဲအရှိန်အဟုန်မြှင့်တင်လာတာ တွေ့ရပါလိမ့်မယ်” - NUG သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇော
DVB
·
June 3, 2023
“တော်လှန်ရေးအင်အားစုတွေ တောင့်တင်းလာပြီးတော့ တိုက်ပွဲအရှိန်အဟုန်မြှင့်တင်လာတာ တွေ့ရပါလိမ့်မယ်” - NUG သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇော
Donate to DVB

အငြင်းပွားမှုတွေရှိနေပေမယ့် နိုင်ငံတဝန်းမှာ တော်လှန်ရေးအင်အားစုတွေရဲ့ တိုက်ပွဲအရှိန် မြှင့်တင်လာတာကို တွေ့ရလိမ့်မယ်လို့ NUG သမ္မတရုံး တာဝန်ရှိသူက ပြောပါတယ်။ 

ဒေသတိုင်းမှာ စစ်ရေးအရှိန်မြှင့်တင်မယ်ဆိုရင် အစိုးရခေါင်းဆောင်တွေနဲ့ မြေပြင်ခေါင်းဆောင်တွေ တိုက်ရိုက်ချိတ်ဆက်နိုင်မယ့် ဆက်သွယ်ရေးလမ်းကြောင်းတခု ဖန်တီးထားသင့်တယ်လို့ ဗိုလ်နဂါးက သုံးသပ်ပါတယ်။ 

အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ မြေပြင်နဲ့ချိတ်ဆက်ထောက်ပို့ရာမှာ နှောင့်နှေးကြန့်ကြာတယ်ဆိုပြီး ဝေဖန်တာတွေရှိနေတာပါ။ ဒီလိုဝေဖန်မှုတွေကြောင့် အပြန်အလှန်ပြောဆိုအငြင်းပွားမှုတွေရှိနေတာကို ပြည်သူတွေအနေနဲ့စိုးရိမ်စရာမရှိဘဲ နိုင်ငံတဝှမ်းမှာ တိုက်ပွဲအရှိန်မြှင့်တင်လာတာကို တွေ့ရလိမ့်မယ်လို့ NUG သမ္မတရုံးတာဝန်ရှိသူကပြောပါတယ်။ 

အငြင်းပွားမှုတွေရှိခဲ့ပေမယ့် မေ ၃၁ ရက်က ပြုလုပ်ခဲ့တဲ့ စစ်ကိုင်းဖိုရမ်မှာ မူလဘုံပန်းတိုင်ဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်အတိုင်း ရှေ့ဆက်ဖို့ အတည်ပြုချက် ထပ်မံရရှိခဲ့ပြီးသားဖြစ်တဲ့အတွက် တော်လှန်ရေးကို ထိခိုက်စရာအကြောင်းမရှိဘူးလို့ သမ္မတရုံးပြောခွင့်ရှိသူ ဦးကျော်ဇော်က ပြောပါတယ်။ 

"ဆွေးနွေးပွဲမှာ စစ်ကိုင်းတိုင်းတော်လှန်ရေး အင်အားစုတွေပြောတဲ့အတိုင်း အခက်အခဲတွေရှိတယ်၊ ဒီကြားထဲက အောင်မြင်မှုအကြီးအမားတွေ ဖော်ဆောင်နိုင်ခဲ့တယ်။ ဗျူဟာကျကျတိုက်ပွဲတွေ အထူးသဖြင့် ဒုတိယနှစ်ထဲမှာ ဖော်ဆောင်နိုင်ခဲ့တယ်။ စစ်ကိုင်းတိုင်းထဲမှာဆိုလည်း တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်နယ်မြေတွေအများစုက တော်လှန်ရေးသမားတွေရဲ့ ထိန်းချုပ်နယ်မြေတွေဖြစ်တယ်။ ဒါပေမယ့်လုပ်ဆောင်စရာတွေ အများကြီးရှိတယ်။ စစ်ရေးအရ ပြောမယ်ဆိုရင်လည်း စစ်တပ်က တအိမ်တက်တအိမ်ဆင်း အလုံးအရင်းနဲ့ဝင်ပြီးတော့ ဖျက်ဆီးတာတွေတော့ရှိတယ်။ ဒီဟာတော့ သူတို့ဆောင်ရွက်နိုင်သေးတယ်။ တိုင်းဒေသတခုလုံးတော့ မဟုတ်ပါဘူး၊ စစ်ကိုင်းတိုင်းရဲ့တချို့ဒေသတွေမှာပဲ လုပ်နိုင်တာ။ ဒါပေမယ့် အကြမ်းဖက် ဖက်စစ် စစ်တပ်က အင်မတန်မှ ကြောက်ရွံ့ရတဲ့ အနေအထားရောက်နေပါပြီ။ ကျနော်တို့တွေရဲ့ တော်လှန်ရေးအင်အားစုတွေ တောင့်တင်းလာပြီးတော့ တိုက်ပွဲအရှိန်အဟုန်မြှင့်တင်လာတာ တွေ့ရပါလိမ့်မယ်။"

ရှေ့ဆက်တော်လှန်ရေးမှာ တိုက်ပွဲအရှိန်တွေမြှင့်တင်ဖို့ NUG ဆီကနေတဆင့် ဒေါ်လာ ၄ သိန်းဖိုးဝယ်ယူထားတဲ့ လက်နက်တွေကို လက်ဝယ်ရရှိထားပြီးဖြစ်တယ်လို့ မြန်မာ့တော်ဝင်နဂါးတပ်တော်ခေါင်းဆောင်ဗိုလ်နဂါးက ပြောပါတယ်။ 

လက်နက်တွေဝယ်ယူပေးပို့ရာမှာ အချိန်ကြန့်ကြာမှုတချို့ရှိခဲ့ပြီး စစ်ရေးအရှိန်မြှင့်တင်ချိန်မှာ နောက်ထပ်ဒီလို အခက်အခဲမျိုးမဖြစ်အောင် အစိုးရနဲ့မြေပြင်ခေါင်းဆောင်တွေ ချိတ်ဆက်နိုင်မယ့် ဆက်သွယ်ရေးလမ်းတခု ဖန်တီးထားသင့်တယ်လို့ သူက သုံးသပ်ပါတယ်။

မြန်မာ့တော်ဝင်နဂါးတပ်တော်ခေါင်းဆောင်ဗိုလ်နဂါးက "ကျနော်တို့ စစ်ရေးကိစ္စတွေ အရှိန်တိုးမြှင့်ဖို့ရော အစိုးရ နဲ့မြေပြင်ကို တိုက်ရိုက်ချိတ်ဆက်နိုင်တဲ့ ချန်နယ် တည်ဆောက်ထားဖို့ လိုမယ်ထင်တယ်။ မြေပြင်ကအခက်အခဲတွေ တင်ပြဖို့ သတင်းပဲဖြစ်ဖြစ်၊ စစ်လက်နက်ခဲယမ်း၊ စစ်ပညာ အစစအရာရာ ဘာပဲဖြစ်ဖြစ် မြေပြင်နဲ့ အလွန်အမင်းကြီး ကြားခံတွေကို ဖြတ်သန်းမနေရဘဲနဲ့ တိုက်ရိုက်ပွင့်လင်းမြင်သာတဲ့ အချိတ်အဆက်တစ်ခုတော့ ဖန်တီးထားဖို့ လိုလိမ့်မယ်ထင်တယ်။ ဒီလိုမှမဟုတ်ရင် အစိုးရအနေနဲ့လည်း ငွေကြေးရှာဖွေတယ်၊ ဝယ်ပေးတယ်၊ ဝယ်ပေးပြီးပေးလိုက်တဲ့အခါမှာ တာဝန်ခံတွေရဲ့ စီမံခန့်ခွဲမှု အားနည်းချက် သို့မဟုတ် အခြေအနေတွေရဲ့ အခက်အခဲကြောင့် တနေရာရာမှာ စုပုံသွားတာမျိုးတွေလည်း မဖြစ်တော့ဘူးပေါ့နော်။ တိုက်ရိုက်ဆက်သွယ်လို့ရတဲ့ ချန်နယ်လေးတခု ဖန်တီးထားသင့်တယ်လို့ ထင်တယ်၊ ဒေသတိုင်းမှာပေါ့" လို့ ပြောပါတယ်။

တော်လှန်ရေးအစုအဖွဲ့တွေကြား အပြန်အလှန်အပြစ်တင်တာတွေ၊ ညီညွတ်မှုထိခိုက်အောင် ပြောဆိုတာတွေကို ထိန်းသိမ်းပြီး ဘုံရန်သူ၊ ဘုံပန်း တိုင်၊ ဘုံလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ဖို့ သပိတ်ခေါင်းဆောင်ဒေါက်တာတေဇာဆန်းက မေတ္တာရပ်ခံပါတယ်။ 

တော်လှန်ရေးတပ်ဖွဲ့တွေကြားမှာ တခုတည်းသောခိုင်မာတဲ့ အမိန့်ပေးစနစ်ကို တည်ဆောက်နိုင်ဖို့ အားလုံးက သဘောထားကြီးကြဖို့၊ နားလည်မှုရှိကြဖို့လိုမယ်လို့ ဆိုပါတယ်။

သပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းက "ဘုံရန်သူကလည်း အင်မတန်ထင်ရှားပါတယ်၊ စစ်အာဏာသိမ်း အကြမ်းဖက်အုပ်စုပါ။ ပန်းတိုင်ကလည်း အင်မတန်ထင်ရှားပြီးသားပါ။ ဒါကလည်း ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု၊ ကြားမှာ ဘုံလုပ်ငန်းစဉ်ကလည်း တူညီကြပြီးသားဖြစ်တယ်လို့ ကျနော်နားလည်ပါတယ်။ ဒါ့ကြောင့် အပြန်အလှန် သဘောထားကြီးကြစွာနဲ့ပေါ့ဗျာ၊ အပြန်လှန်နားလည်မှုကြီးစွာနဲ့ ပိုမိုစုစည်းညီညွတ်ပြီးတော့ တော်လှန်ခရီးကို ဖြတ်သန်းကြဖို့ လိုမယ်ဆိုတာတော့ ကျနော်ပြောချင်ပါတယ်။ ဒါကြောင့် ကျနော်တို့အားလုံး အမြင်သဘောထားကြီးကြီး ရပ်တည်ချက်မှန်မှန် စုစည်းညီညွတ်မှု အားကောင်းကောင်းနဲ့ လက်ကျန်တော်လှန်ခရီးကြမ်းကိုပေါ့ဗျာ၊ ဖြတ်သန်းကြပါစို့လို့ပဲ ပြောချင်ပါတယ်ခင်ဗျ" လို့ ပြောပါတယ်။

စစ်ကိုင်းဖိုရမ်ကျင်းပပြီးနောက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လက်နက်နဲ့ ရိက္ခာထောက်ပို့တဲ့စနစ်၊ ခိုင်မာတဲ့မူဝါဒနဲ့ကွပ်ကဲနိုင်မှု၊ စစ်ရေးနဲ့နိုင်ငံရေး ခွဲခြားသိမြင်နိုင်မှု၊ လူငယ်တွေစိတ်ပျက်ပြီး တော်လှန်ရေးလမ်းပေါ်က မထွက်သွားအောင်စည်းရုံးနိုင်မှု၊ ပြန့်ကျဲနေတဲ့ Local PDF တွေကို ဗျူဟာကျကျစည်းရုံးနိုင်ရေး၊ ဒေသတွင်းအမှန်တကယ် တိုက်ပွဲဝင်နေတဲ့ ခေါင်းဆောင်တွေကို အသိအမှတ်ပြုနေရာပေးရေး၊ စစ်ဘက်ဆိုင်ရာတရားစီရင်ရေးကို ခိုင်ခိုင်မာမာဆောင်ရွက်နိုင်ရေး ဒီအချက်တွေမှာ စိန်ခေါ်မှုရှိနေဆဲဖြစ်တယ်ဆိုတဲ့ ဝေဖန်မှုတွေထွက်ပေါ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013